Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. လာမည့် ၂၀၁၅ ရွေးကောက်ပွဲ NLD နိုင်ပါက ညွှန့်ပေါင်းအစိုးရဖွဲ့မည်
  2. တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ NLD ဗဟိုအလုပ်အမှုဆောင်များ တရုတ်သို့သွားမည်
  3. ရွှေသဘာဝစီမံကိန်းအတွက် တောင်းဆိုချက် (၁၂)ချက်အား ဒေသခံများထုတ်ပြန်
  4. လာမည့်နှစ်တွင် ပညာရေးဘတ်ဂျက် ကိုးဘီလီယံ တိုးမြှင့်မည်

 လာမည့် ၂၀၁၅ ရွေးကောက်ပွဲ NLD နိုင်ပါက ညွှန့်ပေါင်းအစိုးရဖွဲ့မည်

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနိုင်ရရှိပါက ညွှန့်ပေါင်းအစိုးရအဖွဲ့ အဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း NLD ပါတီ၏ဗပာိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက မေလ ၅ ရက်နေ့တွင် ကချင် ပြည်နယ်၊ မြစ်ကြီနားမြို့ YMCA ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သော မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် ၏ ဒေသဆိုင်ရာပညာရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှလွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိနိုင်စေရန် လက်ရှိ အချိန်တွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ပါက လွှတ်တော်တွင်း ဥပဒေပြု လုပ်ငန်း များကို ဆောင်ရွက်သကဲ့သို့ အုပ်ချုပ်ရေးလုပ်ငန်းများကိုပါ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် NLD ပါတီမှ လာမည့်ရွေးကောက်ပွဲများအတွက် မဲဆွယ်ရာတွင် တိုင်းရင်းသားအရေးကိုပါ ဆောင်ရွက်နိုင်ရန်နှင့် ပါတီတွင်းဆုံးဖြတ်ချက်များချမှတ်ရာတွင် အမှားအယွင်းကင်းနိုင်စေရန် တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ဆက်ဆံရေးကော်မတီကို ဧပြီလကုန်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ NLD ဗပာိုအဖွဲ့ဝင်များဖြစ်သည့် ဦးထွန်းထွန်းပိာန်းနှင့် နန်းခင်ထွေးမြင့်တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် လွှတ်တော်တွင်းလစ်လပ် နေရာပြန်လည် ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒ နယ်(၄၅)နေရာအနက်(၄၃)နေရာတွင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ဒုတိယအင်အား အကြီးဆုံးပါတီ အဖြစ်ဦးဆောင်လျက် ရှိသည်။

YC


 တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ NLD ဗဟိုအလုပ်အမှုဆောင်များ တရုတ်သို့သွားမည်

NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များအပါအဝင် ပါတီဝင် ၁၂ ဦးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သိရှိရ သည်။

ခရီးစဉ်မှာ မေလ ၈ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ဦးညီပု နှင့် ဒေါ်နန်းခင်ထွေးမြင့်တို့မှ ဦးဆောင်ကာ သွားရောက်မည်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှု တွင် အသက် ၆၀ အောက် များကို ဖိတ်ကြားခြင်းဖြစ်ကာ လူကြီးနှင့် လူငယ် အဖွဲ့နှစ်ဖွဲခွဲ၍ သွားရောက် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ ရက်ကလည်း တရုတ်ကွန်ြ့မူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နှင့် တိုင်းရင်းသားစည်းလုံး ညီညွှတ် ရေးပါတီတို့ ရှစ်ရက်ကြာလေ့လာရေးခရီး သွားရောက်ခဲ့သေး သည်။

ထို့အပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သမ္မတရုံးဝန်ကြီးဦးစိုးသိန်း တို့အပြင် အခြားသော ထိပ်တန်းခေါင်ဆောင်များလိုက်ပါပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်သို့ မေလ ၂ဝ ရက်နေ့ဝန်းကျင်တွင် သွားရောက်ဖွယ် ရှိကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ သွားရောက်ခဲ့ ခြင်းမှာ ကုလသမဂ္ဂညီလာခံ တက်ရောက်ရန်အတွက်သာ ဖြစ်သောကြောင့် ယခုခရီးစဉ် သည် ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာ နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီမြို့တော်သို့ ပထမဆုံး အကြိမ် လာရောက်လည်ပတ်သော ခရီးစဉ်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း သိရှိရသည်။

YC


 ရွှေသဘာဝစီမံကိန်းအတွက် တောင်းဆိုချက် (၁၂)ချက်အား ဒေသခံများထုတ်ပြန်

လယ်ယာမြေများကို အဓမ္မသိမ်းယူခြင်း၊ လျော်ကြေးငွေ အပြည့်အဝမပေးခြင်းနှင့် လျော်ကြေးငွေလုံးဝ မပေးခြင်း စသည့်ပြဿနာများ ကြုံတွေ့နေရသည့် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းပိုက်လိုင်း စီမံကိန်း စတင်ရာ မဒေးကျွန်းရှိ ဒေသခံများမှ စီမံကိန်းကြောင့် ထိခိုက်နစ်နာနေမှုများအတွက် စီမံကိန်း လုပ်ဆောင်နေသည့် CNPC, MOGE နှင့် Daewoo စသည့် ဝန်ကြီးဌာနနှင့် ကုမ္ပဏီများအား တောင်းဆိုချက် ၁၂ ချက်ပါသော ထုတ်ပြန်ချက်အား မေလ ၂ ရက်နေ့ကထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် EIA, SIA စစ်တမ်းပြုလုပ်ထားရှိမှုအား ထုတ်ပြန်ပေးရန်နှင့် စစ်တမ်းပါဝင်မှု မရှိပါက စီမံကိန်းအား ရပ်ဆိုင်းရန်၊ ရေနံနှင့်ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ ခိုင်မာမှုအား နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း စစ်ဆေး၍ ခိုင်မာမှုအဆင့်နှင့် အန္တရာယ်ရှိမှုအား ပြည်သူများသို့ အသိပေးရန်၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း မတော်တဆ ပေါက်ကွဲမှုများ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ဖြစ်ပေါ်ပါက ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်းများ၊  ပျက်စီးသွားမည့် သဘာဝပတ်ဝန်းကျင်၊ သက်ရှိ သတ္တဝါများနှင့် ပျက်စီးဆုံးရှုံးသွားမည့် ဒေသခံတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ အား အစိုးရနှင့် ကုမ္ပဏီများ၏ တာဝန်ယူ ဖြေရှင်းပေးမည့် အနေအထားအား ကြိုတင်ရှင်းလင်း အသိပေး ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင်၊ လူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ် အလာများကို ကာကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်အား နိုင်ငံတကာစံချိန်စံညွှန်း အတိုင်း ချက်ချင်းအကောင်အထည် ဖော်ပေးရန်၊ ရေနံတင်ဆိပ်ကမ်းတည်ဆောက်ရန် မိုင်းခွဲရာမှ ထွက်ပေါ်လာ သည့်ကျောက်များအား ဒေသခံများ၏ ငါးဖမ်း ဧရိယာအတွင်း စည်းကမ်းမဲ့စွာ စွန့်ပစ်ထားမှုများအား ချက်ချင်းရှင်းလင်းရန်၊ ရေနံတင်သင်္ဘောကြီးများ ဝင်ထွက် သွားလာမှု ကြောင့် ဒေသခံများ၏ အသက်မွေးကျောင်းလုပ်ငန်းဖြစ်သော ငါးဖမ်းလုပ်ငန်းများကို ထိခိုက်လာပါက ဒေသတို့၏ စားဝတ် နေရေးဖူလုံစေရန် မည်သို့ဆောင်ရွက်ပေးမည်ကို ဒေသခံများအား ကြိုတင်အသိပေးရန်၊ စီမံကိန်းများ အတွက် အဓမ္မသိမ်းယူ ထားသော လယ်ယာမြေများနှင့် လျော်ကြေးအပြည့်အဝ မရသေးသူများ အတွက် နိုင်ငံတကာစံနှုန်းအတိုင်း လျောကြေး အပြည့်အဝပေးရန် အစရှိသည့်အချက်များကို ထည့်သွင်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ရွှေပိုက်လိုင်းစီမံကိန်းနှင့် ပတ်သတ်၍ တရုတ်နှင့် မြန်မာကြား ချုပ်ဆိုထားသော သဘောတူစာချုပ် ကို မိမိတို့အနေ ဖြင့် လေ့လာလိုသောကြောင့် ထုတ်ပြန်ပေးရန်အတွက် တရုတ်အမျိုးသားရေနံကော် ပိုရေးရှင်း (စီအင်န်ပီစီ) ထံသို့ တောင်းဆို ထားကြောင်း ရခိုင်အမျိုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကပြောကြားခဲ့ကြောင်း သိရှိရသည်။

YC


လာမည့်နှစ်တွင် ပညာရေးဘတ်ဂျက် ကိုးဘီလီယံ တိုးမြှင့်မည်

ယခုလာမည့် ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်၏ ပညာရေးကဏ္ဍတွက် ဘတ်ဂျက်ကို ငွေကျပ်ကိုး ဘီလီယံအထိတိုးမြှင့် အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး ကပြောကြားခဲ့သည်။

အဆိုပါဘတ်ဂျက်ငွေကို အဆင့်မြှင့်ပညာရေးကဏ္ဍနှင့် အခြေခံပညာရေးကဏ္ဍတို့တွင် လိုအပ်သည့် နေရာများ၌ အသုံးပြုသွားမည်ဖြစ်ကာ ဥပမာအားဖြင့် အဆင့်မြှင့်ပညာရေးကဏ္ဍအား အာဆီယံအဆင့် အ တန်းနှင့်အညီ တက္ကသိုလ်များ၏ အရည်အသွေးဆန်းစစ်မှုများပြုလုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကာ အခြေခံပညာရေးပညာရေးကျောင်းများတွင်လည်း လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမ အင်အားကို ဖြည့်တင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသားဦးရေနှင့် အဆောက် အအုံများညီမျှ စေရန် ကျောင်းဆောင်သစ်များ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်မှချမှတ်ပေးထားသော ဘတ်ဂျက်ငွေများကို မြန်မာနိုင်ငံ ပညာရေးစနစ်၏ အားနည်းနေ သေးသော နေရာများတွင် အဓိကထားသုံးစွဲသွားရမည်ဖြစ်ပြီး  အနာဂတ်ပညာရေးစနစ် ကောင်းမွန် စေရန်အတွက် ရည်မှန်းကာ  အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားခဲ့ သည်။

ထို့သို့ ပညာရေးအသုံးစရိတ်ကို တိုးမြှင့်လိုက်သကဲ့သို့ ပညာရေးဝန်ကြီးဌာန၏ အဆင့်မြှင့်ပညာရေး ကဏ္ဍရေရှည် စီမံကိန်းအကောင်အထည်ဖော်မှုတွင်တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်လည်း ပါဝင်ကြောင်း တက္ကသိုလ်များဗဟိုကောင်စီ အစည်းအဝေးဖွင့်ပွဲတွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား ခဲ့သည်။

အဆိုပါစီမံကိန်း လုပ်ငန်းများတွင် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရန် ဘွဲ့ကြိုနှင့်ဘွဲ့လွန် သင်တန်း များတွင် ပညာသင်နှစ် တစ်နှစ်တိုးခြင်း၊ ကိုယ်ပိုင်တက္ကသိုလ် ဥပဒေပြဌာန်းခြင်း၊ လွတ်လပ်သော စီမံခန့်ခွဲမှုတည်ဆောက် ခြင်း၊ အဆင့်မြှင့်ပညာအဆင့်တွင် အင်္ဂလိပ်စာဘာသာ တိုးမြှင့်သင် ကြားခြင်းနှင့် စက်မှုအသက်မွေး ပညာကဏ္ဍတိုးမြှင့် ဆောင်ရွက်ရေး တို့ပါဝင်ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်။

တက္ကသိုလ်ပညာရေးကဏ္ဍတွင် နိုင်ငံခြားတက္ကသိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်သော နားလည်မှု စာချွန်လွှာ ရေးထိုးခြင်းကဲ့သို့သော ကိစ္စများတွင် ဗဟိုဦးစီးချုပ်ကိုင်မှုများကြောင့် အဆင့်ဆင့်ကြန့်ကြာ မှုများရှိနေပြီး တက္ကသိုလ်များ အတွက် ဘတ်ဂျက်ခွဲဝေမှုနှင့် သုံးစွဲခွင့်ရရှိထားမှုသည် အကန့်အသတ် များရှိနေသေးကြောင်း ပညာရေးကဏ္ဍ လေ့လာသုံး သပ်ရေးလုပ်ငန်း အတွဲ(၁) အစီရင်ခံတွင် ဖော်ပြ ထားကြောင်း သိရှိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment