Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ရခိုင်ပြည်နယ်တွင် အနီးကပ်ကွပ်ကဲမည်
  2.  Myanmar Security Exchange Law လာမည့် ဇူလိုင်လအတွင်း ထွက်မည်
  3. KIO/KIA နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ရန် မျှော်မှန်းထားကြောင်း သမ္မတပြောကြား
  4. အကောင်းဆုံး ကုမ္ပဏီကို ရွေးလိုက်လျှင် နှစ်နှစ်ခွဲအတွင်း ဖုန်းသိပ်သည်းဆ၅၀ % တက်နိုင်

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ရခိုင်ပြည်နယ်တွင် အနီးကပ်ကွပ်ကဲမည်

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းပါဝင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့သည် မေလ ၁၄ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် အခြေပြုကာ အနီးကပ်ကွပ်ကဲမည်ဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတာဝန်ရှိသူများပါဝင်သည့် စီမံကွပ်ကဲမည့်အဖွဲ့အား ၂၀၁၃ ခုနှစ် မေလ ၁၄ ရက်မှစ၍ ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာအနီးကပ် ကွပ်ကဲသွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်အနေဖြင့် မုန်တိုင်းဒဏ်ကျရောက်နိုင်သော ပင်လယ်ကမ်းရိုးတန်းဒေသရှိ တိုင်းစစ်ဌာနချုပ်များတွင် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်များအား လိုအပ်ပါက ချက်ချင်းအကူညီပေးနိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဆေးကုသရေးအဖွဲ့များနှင့် အခြားအထောက်အကူပြုနိုင်မည့် အဖွဲ့များကိုလည်း  ကြိုတင်အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်မှ ရခိုင်ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်မည့်သတင်း ရရှိသည်နှင့်တစ်ပြိုက်နက် ဒေသတွင်းရှိ တပ်များကို ကယ်ဆယ်ရေးနှင့် ရွေ့ပြောင်းရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ရန်ညွှန်ကြားထား ပြီးလက်ရှိတွင် မုန်တိုင်းဝင် ရောက်နိုင်သော ဒေသရှိ ပြည်သူများကို ခြေလျင်တပ်ရင်းများအကူအညီဖြင့် မုန်တိုင်းအန္တရာယ်ကင်းလွတ်သော ဒေသများသို့ ရွေ့ပြောင်းနိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးလျှက်ရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။

ထို့အပြင်ရခိုင်ပြည်နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆပ်ကော်မတီရှစ်ခု ဖွဲ့စည်းပြီး ဒုက္ခသည်များရွေ့ပြောင်းနေထိုင်ရေးအတွက် အဓိကဦးစားပေးဆောင်ရွက်လျက်ရှိပြီး မုန်တိုင်းဝင်ရောက်ပါက စစ်တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများနေထိုင်သော ဒုက္ခသည်စခန်းငါးခုဖြစ်သည့် ဓညဝတီ၊ ဒုန်းတိုက်ကွင်း၊ မင်းဂံ၊ ဓညဝတီဘောလုံးကွင်း နှင့် မိုးလေဝသကွင်းတို့တွင်နေထိုင်သော ဒုက္ခသည်ဦးရေ ၃,၅၀၀ အားနီးစပ်ရာ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းများသို့ ပြောင်းရွေ့ရန်စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ် ပြန်ချက် အရသိရှိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစင်သည် မြန်မာနိုင်ငံကိုးကိုးကျွန်း၏ အနောက်ဘက်မိုင် ၄၁၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၄၀ခန့် ၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်မိုင် ၅၉၀ ခန့်၊ အိန္ဒိယနိုင်ငံ ချင်းမိုင်မြို့၏ အရှေ့ဘက်မိုင် ၃၈၀ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မိုင်တိုင်ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်း မှာ မိုင် ၆၀ ခန့်ရှိနိုင်ကြောင်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်နှင့် ဒီရေတက်လာနိုင်သည့်နေရာများ၊ ကမ်းခြေတစ်လျှောက် တဲများ၊ ယာယီတဲများဖြင့် နေထိုင်သူများအား ၂၀၁၃ ခုနှစ် မေ ၁၄၊ ၁၅ အပြီး လုံခြုံစိတ်ချရသည့်နေရာများသို့ အမြန်ဆုံးရွေ့ပြောင်း ထားရန် ညွန်ကြားထားပြီးဖြစ်သည်ဟု သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

YC


  Myanmar Security Exchange Law လာမည့် ဇူလိုင်လအတွင်း ထွက်မည်

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် Stock Share Market တည်ထောင်နိုင်ရေးအတွက် အရေးကြီးသော ဥပဒေတစ် ရပ်ဖြစ်သော Myanmar Security Exchange Law သည် လာမည့် ဇူလိုင်လအတွင်း ပေါ်ထွက် လာမည်ဖြစ်ကြောင်းသိရှိရ သည်။

အဆိုပါ Myanmar Security Exchange Law မူကြမ်းကို လွတ်တော်တွင် ပထမတစ်ကြိမ်အဖြစ် တင်သွင်းခဲ့ပြီး ဖြစ်ရာ ယခုလာမည့် ဇွန်လနောက်ဆုံးအပတ် လွှတ်တော်ပြန်လည်စတင်ပါက အပြီးသတ် တင်သွင်းသွားမည် ဖြစ်ကြောင်း Myanmar Securities Exchange Center မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် Myanmar Securities Exchange Center ကိုလွန်ခဲ့သော ၁၉၉၆ ခုနှစ်လောက်မှ စတင်ခဲ့ပြီး  Daiwa Group နှင့် မြန်မာ့စီးပွားရေးဘဏ် ( MEB ) တို့က ဖက်စပ်တည်ထောင်ခဲ့ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံ၏ Capital Market ကြီးထွားလာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်တွင် Stock Share Market အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သော နည်းပညာ များကို ပေးအပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဗဟိုဘဏ်၊ Daiwa Group နှင့် Tokyo Stock Exchange တို့အပြန်အလှန် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း Daiwa Securities Group ၏ ဒါရိုက်တာ Shinsuke Goto ကပြောကြားခဲ့သည်။

Yangon Stock Exchange ဖြစ်ပေါ်လာရန်အတွက် လိုအပ်သော အိုင်တီစနစ် နှင့် IPO (Initial Public Offering) Market ဖြစ်လာရန်အတွက် စည်းမျဉ်းစည်းကမ်းများ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တိုကျို၊ ဟောင်ကောင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံမှ Stock Exchange များနှင့်ပတ်သက်သည့် အတွေ့အကြုံများကိုလည်း ပြန်လည်ဝေမျှသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ ကုမ္ပဏီများသည် Unlisted Company များဖြစ်နေရခြင်းမှာ Stock Exchange မရှိသေးသောကြောင့်ဖြစ်ပြီး Stock Exchange စနစ်အသက်ဝင်ကာ ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်နိုင်ပါက မြန်မာ နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

သို့သော်လာမည့် ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် Stock Share Market တွင် မြန်မာနိုင်ငံ၏ ကုမ္ပဏီများ အနေဖြင့် Publicly Listed Company များဖြစ်လာရန်အတွက် လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှုများကို တရားဝင် ကြေညာရ မည်ဖြစ်သောကြောင့် Crony စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိန်ခေါ်မှုများ ရှိလာနိုင်သည်ဟု သုံးသပ်ချက်များရှိနေ ကြောင်း သိရှိရသည်။

YC


 KIO/KIA နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ရန် မျှော်မှန်းထားကြောင်း သမ္မတပြောကြား

ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး မကြာမီတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် မျှော်မှန်းထားကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မေလ ၁၂ ရက်နေ့က မန္တလေးမြို့ တွင် ကျင်းပခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားမြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားခဲ့ သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသည့်အချက်ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူ ညီမှုရရှိ ထားပြီးဖြစ်ကြောင်း သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန် အလားအလာကောင်းများ ရရှိနေပြီဖြစ်ကာ မငြိမ်းချမ်းမှုများကြောင့် ဒုက္ခရောက်ခဲ့ကြသည့် ပြည်သူများအတွက် ပြန်လည်နေရာ ချထားရေး လုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

အစိုးရနှင့် KIO အကြားအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု (၁၀)ကြိမ်ကျော် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ သဘောတူညီချက်မရရှိသေးဘဲ ဧပြီလ ၆ ရက်နေ့က ရွေ့ဆိုင်းခဲ့ရသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို မေလတတိယအပတ် တွင် ပြန်လည်ကျင်းပနိုင်ရန် သတ်မှတ်ထားကြောင်း သိရှိရသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းပါဝင်ဆောင်ရွက်ပါက တည်ငြိမ်ခိုင်မာသည့် ငြိမ်းချမ်းရေးကို ရရှိနိုင်သည်ဟု သုံးသပ်မှုများ ရှိနေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်သည်ဟု ပြောဆိုထား ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်ပဋိပက္ခများအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင် ဆန်းစုကြည်ပါဝင်ဆောင်ရွက်နိုင်ကြောင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ရန်လိုအပ်နေကြောင်း ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဇန်နဝါရီလ ၂၇ ရက်က Myanmar Peace Center တွင် အရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့နှင့်တွေ့ဆုံစဉ်တွင် ပြောကြားထားခဲ့ကြောင်း သိရှိရသည်။

YC


အကောင်းဆုံး ကုမ္ပဏီကို ရွေးလိုက်လျှင် နှစ်နှစ်ခွဲအတွင်း ဖုန်းသိပ်သည်းဆ ၅၀ % တက်နိုင်

လာမည့် နှစ်နှစ်ခွဲအတွင်း၊ ၂၀၁၅ ခုနှစ်တွင် ဖုန်းသိပ်သည်းဆကို ၅၀% အထိရောက်ရှိလာစေရန် အကောင်အ ထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး အကောင်းဆုံးနှင့်အတွေ့အကြုံအများဆုံး အော်ပရေတာ ကုမ္ပဏီကို ရွေးချယ် မည်ဆိုပါက နှစ်နှစ်ခွဲအတွင်း ဖြစ်နိုင်မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးသောင်းတင်က မေလ ၁၃ ရက်နေ့က အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်လာစေရန်အတွက် ရွေးချယ်ခံရသော အော်ပရေတာ ကုမ္ပဏီမှာ ဒေါ်လာနှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ ရမည်ဖြစ်သည်ဟုလည်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများက သုံးသပ်ပြော ကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည့်တယ်လီဖုန်းအော်ပရေတာလိုင်စင်ကို လာမည့် ဇွန်လအတွင်း လက်ရှိဆန်ကာတင်ရွေးချယ်ထားသော ကုမ္ပဏီ ၁၂ ခုမှ ကုမ္ပဏီနှစ်ခုအား ရွေးချယ်ချထားပေးမည်ဖြစ်သည်။ ရွေးချယ်ခံရသော အော်ပရေတာ ကုမ္ပဏီများအတွက် အရည်အသွေးသတ်မှတ်ချက်များ ထားရှိထားပြီး လိုင်းမမိခြင်း၊ ခေါ်ဆို၍မရခြင်းစသည့် ချို့ယွင်းချက်များ ရှိမည်ဆိုပါက ဒဏ်တပ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအနေဖြင့် ၂၀၁၃ - ၂၀၁၆ အတွင်းမိုဘိုင်းဖုန်းအလုံးရေ ၃၉သန်း ခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားသည်။လာမည့် ၂၀၁၅ ခုနှစ်တွင် မိုဘိုင်းဖုန်းရော၊ ကြိုးဖုန်းပါ အနည်းဆုံးဖုန်းသိပ်သည်းဆ ၅၀% ရောက်ရှိရန် မျှော်လင့်ကြောင်း၊ နိုင်ငံတကာတွင်မူ ဖုန်းသိပ်သည်းဆ ၅၀ % အထိတိုးတက်အောင် ၅ နှစ်မှ ၇ နှစ်အထိ အချိန်ယူကြရကြောင်း၊ ဖုန်းသိပ်သည်းဆ မြင့်တက်လာစေရန်ကို အဓိကထား၍ မိုးဘိုင်းဖုန်းများကို ဦးစားပေး မြင့်တက်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးသောင်းတင် ကပြောကြားသည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းသိပ်သည်း ဆမှာ ၇ ရာခိုင်နှုန်း၊ ကြိုးဖုန်းမှာ ၁ ရာခိုင်နှုန်းကျော်သာ ရှိသေးသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖုန်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၂၃ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများတွင်မြန်မာနိုင်ငံသည် ဖုန်းသိပ်သည်းဆ အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment