Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. Heineken မှ မြန်မာနိုင်ငံတွင် ဘီယာချက်စက်ရုံတည်ထောင်မည်

( Reuters မှ May 13 ရက်စွဲပါ Heineken forms Myanmar joint venture to build brewery သတင်းကို ဘာသာပြန်ဆိုသည်။)

  1. အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သုံးနိုင်ငံမှ သန်းချီသောပြည်သူများကို အပူပိုင်းဆိုင်ကလုံးမုန်တိုင်းက ခြိမ်းခြောက်နေဟု ကုလသတိပေး

( APA News မှ 14 May 2013 ရက်စွဲပါ “ UN warns tropical cyclone threatens millions in India, Bangladesh, Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. အမေရိကန်သို့ မြန်မာသမ္မတ တရားဝင်သွားရောက်လည်ပတ်တော့မည်

 (Reuters မှ  14 May 2013 ရက်စွဲပါ “Myanmar president to visit US”သတင်းကို ဘာသာပြန်ဆိုသည်)

  1. Starbucks ကော်ဖီက နှစ်နှစ်ခန့်အတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဟု မျှော်မှန်း

(13 May 2013 ရက်စွဲပါ azeentral.com မှ Pamela Sampson ရေးသားသော Starbucks Sees Myanmar entry in couple of year ကို ဘာသာပြန်ပါသည်။)


Heineken မှ မြန်မာနိုင်ငံတွင် ဘီယာချက်စက်ရုံတည်ထောင်မည်

( Reuters မှ May 13 ရက်စွဲပါ Heineken forms Myanmar joint venture to build brewery သတင်းကို ဘာသာပြန်ဆိုသည်။)

လျင်မြန်စွာတိုးတက်လာနေသော အာရှဈေးကွက်များအတွင်းသို့ ၀င်ရောက်နိုင်အတွက် ဒတ်ခ်ျဘီယာကုမ္ပဏီ Heineken သည် မြန်မာနိုင်ငံတွင် ဘီယာချက်စက်ရုံတည်ဆောက်ရန်နှင့် ဘီယာများရောင်းချရန် မေလ ၁၃ ရက် တနင်္လာနေ့က အကျိုးတူပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုးကျော် ပိုင်ဆိုင်သည့် Alliance Brewery Co., Ltd (ABC) နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးလက်မှတ်ကို မေလ ၁၃ ရက် တနင်္လာနေ့တွင် ရေးထိုးခဲ့ကြောင်း ကမ္ဘာ့တတိယ အကြီးဆုံးဘီယာချက်လုပ်ငန်းဖြစ်သည့် Heineken က ၎င်း၏ကျေညာချက်တွင် အတည်ပြု ပြောကြား ခဲ့သည်။

APB Alliance Brewery Co., Ltd အနေဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန် အနီးတွင် ဘီယာချက်စက်ရုံတည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ်အကုန်အတွင် လုပ်ငန်းစတင်လည်ပတ်နိုင်ရန်မျှော်မှန်းထားကြောင်း သိရသည်။

Heineken ၏ ကုမ္ပဏီခွဲဖြစ်သော Asia Pacific Breweries Ltd (APB) သည် စာချုပ်တွင်ဖော်ပြထားသည့်အတိုင်း ရှယ်ယာ ၅၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ကာ လွန်ခဲ့သည့်လက အီးယူ၏ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်ခြင်းမှလွဲ၍ ကျန်သည့် စီးပွားရေးပိတ်ဆို့မှုများအား ဖယ်ရှားပေးခဲ့သည့် ဆုံးဖြတ်အချက် ကြောင့်  ယခုကဲ့သို့ ရင်းနှီးမြှုပ်ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံကဲ့သို့သော လျင်မြန်စွာတိုးတက်လာနေသည့် အာရှဈေးကွက်အတွင်းသို့ ၀င်ရောက်ချဲ့ထွင် နိုင်ရန် အတွက် ပြီးခဲ့သည့်နှစ်အတွင်း Heineken သည် APB ကို အပြည့်အ၀ ထိန်းချုပ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

Heineken သည် ဆယ်စုနှစ်တစ်ခုကျော်အကြာ အထီးကျန်နေသောအဖြစ်မှာ လွတ်မြောက်လာသည့် မြန်မာ နိုင်ငံ၏ စီးပွားရေးဈေးကွက်အတွင်းသို့ Carlsberg, Ford, Coca – Cola နှင့် Pepsi စသည့် အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ နည်းတူ ၀င်ရောက်လာခြင်းဖြစ်သည်။


အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သုံးနိုင်ငံမှ သန်းချီသောပြည်သူများကို အပူပိုင်းဆိုင်ကလုံးမုန်တိုင်းက ခြိမ်းခြောက်နေဟု ကုလသတိပေး

( APA News မှ 14 May 2013 ရက်စွဲပါ “ UN warns tropical cyclone threatens millions in India, Bangladesh, Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

အပူပိုင်းဆိုင်ကလုံးမုန်တိုင်း မဟာဆင်သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံများသို့ ဦးတည်ရွေ့လျားနေကာ၊ ယခုသတင်းပတ်ကုန်တွင် ကုန်းတွင်းဝင်မည်ဟုမျှော်လင့်ရပြီး၊ သုံးနိုင်ငံမှ လူဦးရေ သန်းနှင့်ချီသော ပြည်သူများကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ညှိနှိုင်းရေးဌာန OCHA က သတိပေးထားသည်ဟု ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးကပြောကြားပါသည်။

“ဆိုင်ကလုံးမဟာဆင်အတွက် အနီရောင်မုန်တိုင်းအဆင့် သတိပေးမှုဟာ အကြုံးဝင်နေဆဲပါ။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတွေဆီဦးတည်နေတဲ့ မဟာဆင်ဟာ ကြာသပတေးနေ့မှာ ကုန်းတွင်းဝင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဆိုင်ကလုံးရဲ့ နောက်ဆုံးလမ်းကြောင်းအနေအထားပေါ်မူတည်ပြီးတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွေ က သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ အသက်တွေကိုခြိမ်းခြောက်နိုင်ဖွယ်ရှိတယ်လို့ OHCA က သတိ ပေးထားပါတယ် ”ဟု ၄င်းကဆိုပါသည်။

“ဘင်္ဂလားဒေ့ရှ်မှာ အစိုးရနဲ့ကယ်ဆယ်ရေးအေဂျင်စီတွေက အန္တရာယ်ရှိနိုင်တဲ့နယ်မြေတွေမှာ ကယ်ဆယ် စောင့်ရှောက်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း ရခိုင်ပြည်နယ်အစိုးရက သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်ကို စတင်ဆောင်ရွက်နေပါပြီ။ ပြည်နယ်တွင်း အိုးအိမ်မဲ့တွေကို မုန်တိုင်း သတိပေးချက်ထုတ်ပြန်ထားပြီး၊ နေရာရွေ့ပြောင်းမှုများ ပြုလုပ်ပေးနေပါတယ်။” ဟု မာတင်နီဆာကီက ရှင်းလင်း ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန ဆိုင်ကလုံးမဟာဆင်သည် စစ်တောင်းမြို အနောက်ဘက် ၁၃၅၅ ကီလိုမီတာအကွာ ဘင်္ဂလားပင်လယ်အော်တွင် အားယူနေပြီး ကြာသပတေးနေ့တွင် အရှေ့တောင်ကမ်းခြေကို ဝင်ရောက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူပင် မြန်မာနိုင်ငံကလည်း ရခိုင်ပြည်နယ်ကမ်းမြေနိမ့်ပိုင်းရှိ ဒုက္ခသည်စခန်းများမှ ပြည်သူများကို ကုန်မြင့်ပိုင်း နားခိုဆောင်များ၊ စာသင်ကြောင်းများသို့ ရွှေ့ပြောင်းနေရာပေးသည်ဟုသိရသည်။

အချို့သော ဘင်္ဂါလီများက ရွှေ့ပြောင်းရန်ငြင်းဆန်ကြသည်ဟုလည်း နိုင်ငံပိုင်မီဒီယာသတင်းကထုတ်ပြန်သည်။


အမေရိကန်သို့ မြန်မာသမ္မတ တရားဝင်သွားရောက်လည်ပတ်တော့မည်

 (Reuters မှ  14 May 2013 ရက်စွဲပါ “Myanmar president to visit US”သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Progressive Voice

မကြာမီအတောအတွင်း အမေရိကန်ပြည်ထောင်စုသို့ သမ္မတဦးသိန်းစိန်တရားဝင်အလည်အပတ် ခရီးသွားရောက် မည်ဟု နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့တွင်ထုတ်ပြန်ကြေငြာခဲ့ရာ၊ 47 နှစ်အတွင်း မြန်မာအကြီးအကဲတစ်ဦး၏ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်လာမည့်အပြင် ဆက်ဆံရေးနွေးထွေးလာမူ လက္ခဏာကို ထင်ဟပ်နေပါသည်။

သမ္မတအိုဘားမား၏ဖိတ်ကြားချက်ကြောင့် ယခုခရီးစဉ်ပေါ်ထွက်လာကြောင်း ကြေငြာချက်တွင် ဖော်ပြထား သော်လည်း ရက်အတိအကျ မထုတ်ပြန်သေးပါ။

အိမ်ဖြူတော်ရောက် နောက်ဆုံးမြန်မာခေါင်းဆောင်မှာ အာဏာရှင်ဟောင်း ဦးနေ၀င်းဖြစ်ပြီး 1966 ခုနှစ်က သွားရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်အာဏာရှင်စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားပြီးနောက် 2011 သမ္မတဦးသိန်းစိန်အစိုးရ အာဏာရ လာချိန်တွင် ပြုပြင်ပြောင်းလဲမူများပြုလုပ်ရန် ၀ိုင်းဝန်းတိုက်တွန်းကြရာ၌ အမေရိကန်ပြည်ထောင်စုသည်လည်း ရှေ့တန်းမှပါဝင်ခဲ့ပါသည်။

မနှစ်ကနိုဝင်ဘာလတွင် ရန်ကုန်ရောက် အမေရိကန်သမ္မတအဖြစ် အိုဘားမားရောက်ရှိလာခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်အဆုံးသတ်၍ ပြုပြင်ပြောင်းလဲနေခြင်းကို အသိအမှတ် ပြုသည့်အနေဖြင့် ယခင်ဆယ်စုနှစ်ချီ သံတမန်ရေးရာ ပစ်ပယ်ထားမူကို အဆုံးသတ် ပေးလိုက်သည့် ဆောင်ရွက်မူတစ်ခုဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်၍ ဖိနှိပ်အုပ်ချုပ်သော မြန်မာတပ်မတော်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုက နိုင်ငံရေးနှင့်စီးပွားရေး sanctions များချမှတ် အရေးယူထားခဲ့သော်လည်း အိုဘားမား အစိုးရတက်လာချိန်တွင် တွေ့ထိဆက်ဆံရေးမူဝါဒ ပြောင်းလဲကျင့်သုံးခဲ့ပြီး၊ မြန်မာအစိုးရအမှန်တကယ်  ပြုပြင်လာချိန်တွင် sanctions များကို ဖြေးဖြေးမှန်မှန် ရုတ်သိမ်းပေးခဲ့သည်။

ယခင်က အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုနိုင်ငံများကချမှတ်ထားသောsanctions များသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမူကို အခက်အခဲဖြစ်စေခဲ့ပြီး အားကိုးအားထားပြုခဲ့သောတရုတ် နိုင်ငံ၏ လွှမ်းမိုးမူအန္တရာယ် ကလည်း ခြိမ်းခြောက်လာသောကြောင့် မြန်မာအာဏာပိုင်များသည်             အမေရိကန်တို့ သဘောကျစေရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်နိုင်ငံရေးလှုပ်ရှားခွင့်ပေးခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲခြင်း၊ တိုင်းရင်းသားအုပ်စုများအား ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင် ခဲ့ကြသည်။

သမ္မတဦးသိန်းစိန်၏ ခရီးစဉ်ကို ယခုလအတွင်းစီစဉ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာန တာဝန်ရှိသူများက ပြောကြားထားသော်လည်း  အစိုးရက ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။ US-ASEAN BUSINESS COUNCIL ကလာမည့် တနင်္လာနေ့ညတွင် ၀ါရှင်တန်၌ သမ္မတဦးသိန်းစိန်ကို ညစာစားပွဲဖြင့် ဧည့်ခံမည်ဟု ထုတ်ဖော်ပြောကြားထားသည်။

သမ္မတဦးသိန်းစိန်သည် မနှစ်က စက်တင်ဘာလတွင် နယူးယောက်မြို့ ကုလအထွေထွေ ညီလာခံအ၀န်းအ၀ိုင်း၌ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခဲ့သော်လည်း ၀ါရှန်တန် သို့သွားရောက်ခဲ့ခြင်း မရှိပါ။

ယခုကဲ့သို့ အိမ်ဖြူတော်က ဦးသိန်းစိန်ကို ဖိတ်ခေါ်ကြိုဆိုမူသည် ၀ါရှင်တန်၏ ခြေလှမ်းများ မြန်လွန်းနေကြောင်း ဝေဖန်မူများနှင့် ရင်ဆိုင်ရဖွယ်ရှိနေပါသည်။

လက်ရှိအချိန်တွင် သမ္မတဦးသိန်းစိန်ကဲ့သို့ ပြုပြင်ပြောင်းလဲရေးသမားများအား ထောက်ခံအား ပေးသည့် အိုဘားမားအစိုးရ၏ ဆောင်ရွက်မူများကို ကွန်ဂရက်လွှတ်တော်တွင် ၀ိုင်းဝန်းအားပေးမူများ ရှိနေဆဲဖြစ်သော်လည်း၊ မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ဆူပူအုံကြွမူများဖြစ်ပွားနေခြင်း၊ အစိုးရက တားဆီးရန်ပျက်ကွက်နေခြင်း တို့ကြောင့် ဖူးသစ်စ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး  နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်စရာ ဖြစ်နေပါသည်။


 

Starbucks ကော်ဖီက နှစ်နှစ်ခန့်အတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဟု မျှော်မှန်း

(13 May 2013 ရက်စွဲပါ azeentral.com မှ Pamela Sampson ရေးသားသော Starbucks Sees Myanmar entry in couple of year ကို ဘာသာပြန်ပါသည်။)

Photo Credit by Ko Mo News

အိန္ဒိယနှင့် ဗီယက်နမ်တို့တွင် ပထမဆုံး Starbucks ကော်ဖီဆိုင်များသည် အပေါင်းလက္ခဏာဆောင်သော အားပေးမှုများရရှိခဲ့ပြီးနောက်၊ မြန်မာနိုင်ငံတွင်လည်း မကြာမီဖွင့်လှစ် ရန်ဖြစ်လာနိုင်ကြောင်း Starbucks CEO ဖြစ်သူ Howard Schultzက တနင်္လာနေ့က ပြောကြားခဲ့ပါသည်။

“နောက်နှစ်နှစ်လောက်အတွင်းလို့ ကျွန်တော်ပြောလိုပါတယ်” Schultzက မြန်မာနိုင်ငံသို့ဝင်ရောက် မည့်အစီအစဉ်နဲ့ ပတ်သက်၍ ပြောဆိုပါသည်။ ယခုအပတ်အတွင်း ၄င်းသည်ဘန်ကောက်သို့ သွားရောက် လည်ပတ်ခဲ့ရာ Starbucks ထိုင်းနိုင်ငံသို့ဝင်ရောက်မှု ဆယ့်ငါးနှစ်ပြည့်အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေပါသည်။

Starbucks သည် ၄င်းပထမဆုံး ဗီယက်နမ်ဆိုင်ခွဲကို ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့ပြီး၊ အိန္ဒိယ၏ပထမဆုံးဆိုင်ခွဲကို ပြီးခဲ့သည့်နှစ်ကဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂက အရေးယူမှုများ ရုတ်သိမ်းပေးပြီး အမေရိကန်ကလည်း ဖြေလျှော့မှုများပြုလုပ်လာရာ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိပါသည်။

Satarbucks က နောက်ငါးနှစ်အတွင်း ထိုင်းနိုင်ငံ၌ ဆိုင်ခွဲပေါင်းနှစ်ဆတိုး၍ (၃၂၀)အထိ ဖွင့်လှစ်ရန်အစီအစဉ်ကိုကြေညာခဲ့ပါသည်။ သို့သော်ယခု Schultz၏ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုကိစ္စအတွက် ရည်ရွယ်ခြင်းမဟုတ်ပေ။

၎င်းထိုင်းနိုင်ငံသို့ လာရောက်ရခြင်းမှာ ထိုင်းနိုင်ငံတွင် community store ဟု ခေါ်သောအမြတ်ငွေကို လူအဖွဲ့အစည်းများသို့ လှူဒါန်မည့်ဆိုင်ဖွင့်လှစ်မှုကို ကြေညာရန်ဖြစ်ပါသည်။ အဆိုပါ community store သည် အမေရိကန်ပြင်ပတွင် ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်ပါသည်။ Starbucksသည် ၄င်း စီးပွားရေးလုပ်သောနေရာ ဝန်းကျင်ကို အကူအညီများပေးသည့် သမိုင်းကြောင်းရှိပြီး၊ community store သည် အဆိုပါ ခံယူချက်ကို အခြေခံ၍ အမြတ်ငွေမျှဝေခွဲဝေခြင်းကို အခြေခံပါသည်။

ဘန်ကောက်၏ Swish Lang Suan boulevard တွင် ဖွင့်လှစ်သော ဆိုင်မှရရှိသော အမြတ်ငွေ၏ အချိုးတစ်ခုကို ထိုင်းနိုင်ငံမြောက်ပိုင်းမှ seattle အခြေစိုက်ဆိုင်များအတွက် ကော်ဖီပင်စိုက်ပေးနေသော လယ်သမားအုပ်စုများသို့ တိုက်ရိုက်အကူအညီပေးမည်ဖြစ်ပါသည်။ အဆိုပါငွေသည် Integrated Tribal Development Program သို့ သွားမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် ဆည်မြောင်း စီမံကိန်းများကို ထောက်ပံ့မည်ဖြစ်ပါသည်။

Starbucks၏ အခြား community Store သုံးခုမှာ လော့အိန်ဂျိလိစ်၊ နယူးယောက်နှင့် ဟူစတန်တို့တွင် ရှိပါသည်။

Schultz က ပြောကြားရာတွင် တရုတ်နိုင်ငံတွင် စီပွားရေးတိုးတက်မှုနှုန်းနှေးကွေးပြီး၊ ပြည်တွင်း အမှတ်တံဆိပ်များနှင့် ပြိုင်ဆိုင်မှုပြင်းထန်သော်လည်း၊ တရုတ်နိုင်ငံမှ ဆိုင်ခွဲများနှင့်ပတ်သက်၍ အနာဂါတ်ကို အကောင်းမြင်သည်ဟုဆိုပါသည်။ Starbucks သည် တရုတ်နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင် နေသည်မှာ (၁၃)နှစ်ရှိပြီဖြစ်ပြီး၊ တရုတ်ပြည်မကြီးတွင် ဆိုင်ပေါင်း(၈၅၀) ရှိပါသည်။

“ကျွန်တော်တို့ဟာ တရုတ်နိုင်ငံမှာ နယ်မြေအတော်များများကနေ ယုံကြည်မှုအတော်ရနေပြီဖြစ်တဲ့ အခြေအနေမှာရှိပါတယ်” ဟု Schultzက ပြောပါသည်။ “ ဈေးကွက်ကသိပ်ကြီးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဦးဆောင်ကဏ္ဍကို ဆက်လက်ထိန်းသိမ်းဖို့ သီးသန့်အခွင့်အရေးရှိမယ်လို့ထင်ပါတယ်” ဟု ၄င်းကဆိုပါသည်။

အမေရိကန် ကုမ္ပဏီများသည် လုပ်ငန်းကြီးထွားလာရေးအတွက် အာရှသို့တိုး၍ ဦးလှည့်လာကြပါသည်။ Starbucks က ပြောကြားရာတွင် လာမည့်နှစ်နှစ်ခန့်အတွင်း တရုတ်၏ဈေးကွက်သည် ကနေဒါကိုကျော်တက်၍ အမေရိကန်ပြည်တွင်းဈေးကွက်ပြီးလျှင် ဒုတိယအကြီးဆုံးဈေးကွက် ဖြစ်လာနိုင် သည်ဟု ဆိုခဲ့ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment