Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“သမ္မတကြီးက သမဝါယမကို တိုင်းပြည်စီးပွားရေးရဲ့ ဒုတိယမဏ္ဍိုင်လို့ပြောတာ သမဝါယမစနစ်ကို တစ်ကယ် တိတိကျကျလုပ်မယ်ဆိုရင် ကောင်းပါတယ်။ သမဝါယမစနစ်ဟာ တစ်ကယ်အရမ်းကောင်းပြီး တိုးတက်တဲ့ တိုင်းပြည်တိုင်းကို ကြည့်မယ်ဆိုရင်လည်း ဒီစနစ်ကိုအခုအချိန်ထိကျင့်သုံးနေတာကိုတွေ့နိုင်ပါတယ်။ မြန်မာပြည်မှာ ဒီစနစ်မအောင်မြင်ခြင်းရဲ့ အဓိကအချက်ကတော့ ဒီလုပ်ငန်းလုပ်တဲ့လူတွေရဲ့ အကျင့်ဆိုးတွေ ကြောင့်ပါ၊ တကယ့် သမဝါယမစနစ်အောင်မြင်ချင်တယ်ဆိုရင်တော့ ဒီလုပ်ငန်းလုပ်ကိုင်သူများရဲ့ စာရိတ္တကောင်းမွန်ဖို့လိုအပ်ပါတယ်။ သမ္မတကြီးအနေနဲ့လည်း သမဝါယမကဏ္ဍတိုးတက်ဖို့အတွက် လုပ်မယ် ဆိုရင်တော့ ဝန်ထမ်းတွေကို သေသေချာချာရွေးချယ်ဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။”

မေလ ၁၆ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၂) တွင်ပါရှိသော “သမဝါယမကဏ္ဍ သည် တိုင်းပြည်စီးပွားရေး၏ ဒုတိယမဏ္ဍိုင်ဖြစ်ဟု သမ္မတပြော” သတင်းမှ ခေတ်သစ်ပြည်သူ့ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌဦးတင်မောင်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အနာဂတ်အတွက် အကျိုးရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့ဆက် နိုင်ဖို့လည်း ကျနော် မျှော်လင့်ပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီခရီးစဉ်ကနေ သူရသင့်တဲ့ အများ အာရုံစိုက်မှု ပိုရလာလိမ့်မယ်လို့လည်း ကျနော် ထင်တယ်။ လူအများ အာရုံစိုက်မှု တချိန်လုံးရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် တခါတလေမှာ ဦးသိန်းစိန်အပေါ် အများအာရုံစိုက်မှု လျော့သွားရတာ ရှိပါတယ်။ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် အများရဲ့ အာရုံစိုက် မှုတွေနဲ့ ထောက်ခံမှုတွေကို အခုထက် ပိုပြီးအများကြီး ရသင့်ပါတယ်။ တကယ့်ကို ခက်ခဲတဲ့ ပြုပြင် ပြောင်းလဲ မှုတွေ၊ လုပ်ငန်းတွေကို သူ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အပေါ်မှာ အခုထက် ပိုပြီး အသိအမှတ်ပြု ခံရသင့်ပါတယ်။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “သမ္မတဦးသိန်းစိန် အမေရိကန်ချစ်ကြည်ရေးခရီးသွားမည်” သတင်းမှ အမေရိကန် ပြည်ထောင်စု Georgetown တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိုင်းဘတ် (David Steinberg) ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံမှာက ပြင်ဆင်စရာတွေတော့ရှိတယ်။ ဒါပေမယ့် ဘာသာရေးတော့မပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးလွတ်လပ်စွာကိုးကွယ်နိုင်တာပဲလေ။ ဒါ့ကြောင့် ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းစရာ မလိုသလို ပြဋ္ဌာန်းပြီးသားဥပဒေကိုလည်း ပြင်ဆင်စရာမလိုပါဘူး။”

မေလ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ဘာသာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်းရေး ပါတီများအမြင်ကွဲပြား” သတင်းမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ မကြာခဏအဲဒီလိုဖြစ်နေတာက စိတ်ပျက်စရာကောင်းတယ်လို့ ပြောရမယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့ ထပ်ခါထပ်ခါပြောခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ တောင်းဆို နေတဲ့နိုင်ငံရေးအရဆွေးနွေးမှုကို အစိုးရက တကယ်လုပ်ချင်၊ မလုပ်ချင် ပြန်ပြီးမေးခွန်းထုတ်ရမယ်။ ငြိမ်းချမ်း ရေး က လုပ်ငန်းစဉ်အပေါ်မှာပဲ ရှိနေတယ်။”

မေလ ၁၄ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၆) တွင်ပါရှိသော “ငြိမ်းချမ်းရေး မင်မခြောက်ခင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက မေးခွန်းထုတ်စရာဖြစ်နေ” သတင်းမှ သြစတြေးလျားတက္ကသိုလ်မှ မစ္စတာဒေးဗစ် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကချင်၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေကို အခု ဦးအောင်မင်းတို့ လုပ်တာပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျရာကဏ္ဍ ကပါဝင်ပါရစေလို့ ပြောတာနှစ်ပေါက်နေပြီ၊ ဒါပေမယ့် အစိုးရကလုံးဝအသိအမှတ်မပြုဘူး။ ဒေါ်စုကို အသုံးမချဘူး။ ဘာ့ကြောင့် ဒေါ်စုကို အသုံးမချသလဲဆိုတာတော့ သူတို့ရဲ့သဘောပေါ့။ ကျွန်တော်တို့ကတော့ မစွပ်စွဲချင်ဘူး။”

မေလ ၁၄ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ပြည်တွင်းငြိမ်းချမ်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပါက ငြိမ်းချမ်းရေးအမြန်ရမည်ဟုဆို” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ  လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

 သတင်းတို

ဒုတိယအကြိမ် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ် မေ ၂၀ တွင် ရောင်းချမည်

ဒုတိယအကြိမ်အဖြစ် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ် ဆင်းမ်ကတ် ၃၅၀,၀၀၀ ကို မေလ ၂၀ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယခု ရောင်းချပေးမည့် ဖုန်းများကို တိုင်းဒေသကြီး နှင့်  ပြည်နယ်အစိုးရများမှ တစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ပြီး စီဒီအမ်အေ ၈၀၀ မတပ်ဆင်ရသေးသည့် ချင်းပြည်နယ်ကိုမူ ဒဗလျူ စီဒီအမ်အေ ချထားပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ကြေညာသွားချက်အရ  သိရသည်။

ဒုတိယအကြိမ်အဖြစ် ချထားပေမည့် ဖုန်းများကို ပထမအကြိမ် စနစ်အတိုင်း မဲနှိုက်ရောင်းချသွားရန် ရှိနေပြီး ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်များသည် ရှေ့လက ချထားပေးခဲ့သည့် ဆင်းမ်ကတ်များနှင့် ငွေဖြည့်ပုံ၊ အသုံးပြုပုံ တူညီကြောင်း သိရသည်။

ဥက္ကံတွင် ပျက်စီးသွားသည့်နေအိမ်များ ၁၄ ရက်အတွင်း ပြန်ဆောက်ပေးမည်

ဥက္ကံမြို့နယ်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးသွားသော နေအိမ် ၈၀ ကျော်ကို ကုမ္ပဏီလေးခုမှ ၁၄ ရက်အတွင်း အပြီးဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြား ထားကြောင်း သိရသည်။

အဆိုပါ နေအိမ်များ ဆောက်လုပ်ခွင့်ရရှိသော ကုမ္ပဏီများမှာ STG စွမ်းရည်ကုမ္ပဏီ၊ AERIAL ကုမ္ပဏီ၊ System E ကုမ္ပဏီ၊ Golden Four Star ကုမ္ပဏီတို့ဖြစ်ကြပြီး ဆောက်လုပ်ခွင့်ရရန် လျှောက်ထားခဲ့ကြသည့် ကုမ္ပဏီများထဲမှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကာ ၎င်းကုမ္ပဏီများအနေဖြင့် နေအိမ် ၈၀ ကျော်ကို လုံးချင်းနေအိမ် များ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါးအမှုသည်များအတွက် အခမဲ့ ကူညီထောက်ပံ့မည့်  ဥပဒေအသင်းဖွဲ့မည်

ဆင်းရဲနွမ်းပါးသော အမှုသည်များ၊ ကလေးသူငယ် အမှုသည်များအတွက် ရှေ့နေများအနေဖြင့် အခမဲ့ ကူညီထောက်ပံ့နိုင်ရေး ဘွဲ့လွန်ဒီပလိုမာ ဥပဒေအသင်း အဖွဲ့ချုပ်ကို Post Graduate Diploma in Law Online မှ သင်တန်းသားများနှင့် ဥပဒေပညာရှင်များ ပူးပေါင်း၍ ဇွန်လ ၉ ရက်တွင် အပြီးဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့ အနေဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေဘောင်အတွင်းမှပင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘွဲ့လွန်ဒီပလိုမာ ဥပဒေအသင်းအဖွဲ့ချုပ် ဖွဲ့စည်းပြီးပါက ပြည်သူတိုင်း ဥပဒေအသိ၊ သတိရရှိလာစေရေးတို့ အတွက် ဟောပြောပညာပေးခြင်း များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြားစီးဝင်လာမှုနှင့်အတူ ကာလတိုချေးငွေ ၀င်ရောက်မှုကို ဗဟိုဘဏ် စောင့်ကြည့်နေ

မြန်မာနိုင်ငံသို့ နိုင်ငံခြားအရင်းအနှီး အများအပြား စီးဝင်လာပြီး ကာလတိုချေးငွေများ ၀င်ရောက်လာမှု ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်၏ မူဝါဒအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်)ကလည်း အာရှဒေသအတွင်း မတည် ရင်းနှီးငွေများ ပုံအောစီးဝင်မှုကို စောင့်ကြည့်နေပြီး စီးပွားရေးအပူရှိန် မြင့်တက်မှု အန္တရာယ်ကို ကာကွယ်ကြရန် ဒေသတွင်းရှိ မူဝါဒရေးဆွဲသူတို့အား တိုက်တွန်းကြောင်း ဧပြီလကုန်တွင် ထုတ်ပြန်ခဲ့ပြီး ထိုသို့ ကာလတို ရင်းနှီးမြှုပ်နှံမှုများဖြစ်သော ငွေပူများ စီးဝင်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားစေပြီး ဘဏ္ဍာငွေနှင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးတက်နိုင်ကြောင်းနှင့် အဆိုပါ ငွေပမာဏ အလွန်များပြားလာပါက ပြည်တွင်း အတိုးနှုန်းများနှင့် ငွေကြေးလဲလှယ်မှုနှုန်းကိုပါ မြင့်တက်စေနိုင်ကြောင်း ပညာရှင်များက သုံးသပ် ထင်မြင်နေကြသည်။

 


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment