Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

မြန်မာ- အင်ဒိုနီးရှား နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ ကန်ဒေါ်လာ ၁ ဘီလီယံဖိုးအထိ မြှင့်တင် မည်

(Jakarta Post မှ 13 June 2013 ရက်စွဲပါ Myanmar, RI reaffirm to $1b in trade ကိုဘာသာပြန်ဆိုသည်)

Photo Credit by AP

မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ တင်းမာမှုများဖြစ်ပေါ်နေသော်လည်း အင်ဒိုနီးရှားနှင့် မြန်မာအစိုးရတို့သည် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုပမာဏကို လာမည့် ၂၀၁၆ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိ အောင် အစွမ်းကုန်မြှင့်တင် ဆောင်ရွက်သွားမည်ဟူသော ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမည်ဟု ထပ်မံအသိပေးခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ဆက်ဆံရေး အခြေအနေကို ပြန်လည်စိစစ်သုံးသပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်ကစပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဘီလီယံဖိုးအထိ မြှင့်တင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေရယ်၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆောင်ရွက်ချက်တွေရယ်၊ အရည်အသွေးတည်ဆောက်ရေး အခန်းကဏ္ဍမှာ တိုးတက်ဖြစ်ထွန်းမှုတွေကို ပြန်လည်ဆန်းစစ်ကြည့်နိုင်ခဲ့ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သည့် အင်ဒိုနီးရှား-မြန်မာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်၏ တတိယအကြိမ် ဆွေးနွေးပွဲ အပြီးတွင် မီဒီယာများကို ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယိုနို ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှ ၂၄ ရက်အထိ နေပြည်တော်သို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်ပြီးဆုံးသွားသည့်နောက် အဆိုပါ ဆွေးနွေးပွဲသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါသော ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့သည်။

အင်ဒိုနီးရှား-မြန်မာ အပြန်အလှန်ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၄၆၅ သန်းအထိ ရောက်ရှိခဲ့သည်။ ယင်းပမာဏသည် ၂၀၁၁ ခုနှစ်ကထက် ၇ ဒဿမ ၉၈ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၄၃၀ ဒဿမ ၇ သန်းရှိခဲ့သည်။ အင်ဒိုနီးရှား၏ တိုးပွားလျက်ရှိသော ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာ ၂၃၁ ဒဿမ ၅ သန်းဖြစ်သည်။

ထိုသို့တိုးပွားလာရခြင်းမှာ မြန်မာနိုင်ငံတွင်း အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဝင်ရောက် လုပ်ကိုင်လာခြင်း ကြောင့် ဖြစ်သည်။

“သုံးနှစ်အတွင်းမှာ ကုန်သွယ်မှုပမာဏကို ဒေါ်လာ ၁ ဘီလီယံအထိ ကျွန်တော်တို့ အနေနဲ့ အပြည့်အဝ မြှင့်တင် သွားနိုင်မှာပါ” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာတွင် လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ နည်းပညာ၊ နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးနှင့် ကာကွယ်ရေး၊ အရည်အသွေးတည်ဆောက်မှုဆိုင်ရာ မဟာမိတ်ဖွဲ့မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အပြန်အလှန်ကုန်သွယ်ရေး အကျိုးအမြတ်ဖော်ဆောင်မှု အစရှိသကဲ့သို့သော အခန်းကဏ္ဍများတွင် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်သည်။

လွန်ခဲ့သည့်၂ နှစ်တာကာလတွင်း လူ့အဖွဲ့အစည်းများဆက်ဆံရေးနှင့် ပြန်လည်သင့်မြတ်ရေး အပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများကို အင်ဒိုနီးရှာနိုင်ငံခြားရေးဝန်ကြီးက ချီးမွမ်းပြော ဆိုသည်။

“မှန်ပါတယ်၊ ဖွံ့ဖြိုးတိုးတက်မှုတိုင်းဟာ စိန်ခေါ်မှုတွေပါဝင်လာစမြဲပါ။ လူ့အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရေးနဲ့ ပြန်လည်သင့်မြတ်ရေး စတာတွေအပါအဝင် စိန်ခေါ်မှုတွေကို ကျွန်တော်တို့တတွေ အတိတ်ကာလမှာ ကြုံတွေခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ကြိုးစားရာမှာ ကျွန်တော်တို့နိုင်ငံက အခိုင်အမာထောက်ခံ အားပေးလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုလိုပါတယ်” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ “ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့ပါတယ်။

လူ့အဖွဲ့အစည်းတွင်း အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေ ပြန်လည်မဖြစ်ပေါ်လာစေရေးအတွက် လတ်တလော လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေပါဝင်သလို ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေလည်းပါဝင်ပါတယ်” ဟု ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံသည် အတိတ်ကာလများတွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားသော အကူအညီအထောက်အပံ့များ ပေးအပ်မည်ဟူသော ဆုံးဖြတ်ချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ပြခဲ့သည်။

“လွန်ခဲ့တဲ့ သုံးပတ်လောက်က စာသင်ကျောင်းတွေနဲ့ ခန်းမတွေတည်ဆောက်နိုင်ရေးအတွက် ငွေကြေး အထောက်အပံ့အဖြစ် ဒေါ်လာ ၁ သန်း လွှဲပြောင်းပေးအပ်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီ်းရှား သံအမတ်ကြီး SebastianusSumarsono က အဆိုပါ ဆွေးနွေးပွဲအတွင်း သီးခြားပြောကြားသည်။ လူ့အုပ်စုဖွဲ့ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည့် ရခိုင်ပြည်နယ်မှ စာသင်ကျောင်းများ တည်ဆောက်ရန် ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment