Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သော ဆက်သွယ်ရေးဥပဒေကြမ်းအရ လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဖွဲ့စည်းမည်
  2. မြစ်ဆုံစီမံကိန်းအတွက် ဖယ်ရှားပေးခဲ့ရသော ဒေသခံလူမျိုးများ စားဝတ်နေရေးအဆင်မပြေ
  3. ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် အစိုးရတို့အကြား ဆက်ဆံရေး  တင်းမာမှုများ ဖြစ်ပွားနေ

အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သော ဆက်သွယ်ရေးဥပဒေကြမ်းအရ လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဖွဲ့စည်းမည်

ဇူလိုင်လ ၂ ရက်နေ့ နေပြည်တော်တွင်  ကျင်းပပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးက အတည်ပြု ခဲ့သည့် ဆက်သွယ်ရေး ဥပဒေကြမ်းအရ ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့် လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လွတ်လပ်သည့် ဆက်သွယ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်နက် ဦးစီးဌာနသို့ လုပ်ငန်းများအား လွှဲပြောင်းပေးအပ်ရမည် ဖြစ်ပြီး ဦးစီးဌာနသည် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများအား သတ်မှတ်ပေးရမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့သော အဆိုပါ ဥပဒေကြမ်းတွင် ဦးစီးဌာနသည် ဆက်သွယ်ရေး လိုင်စင်ရရှိသူများ၏ ဆက်သွယ်ရေးကွန်ရက်နှင့် ဆိုင်သော ထောက်ကူပစ္စည်းများ တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်းတို့တွင် မလိုလားအပ်ဘဲ ဘဏ္ဍာငွေကြေးကုန်ကျမှု မရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် စီမံခန့်ခွဲနိုင် သည် ဆိုသည့် အချက်များ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် လုပ်ကိုင်ခွင့်ရရှိသူများနှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင် ရရှိသူသည် ဦးစီးဌာနမှ သတ်မှတ်ပေးထားသော အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး မိမိတို့၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းမှတစ်ဆင့် ထုတ်လွှင့်သော (သို့) ဖမ်းယူသော သတင်းအချက်အလက်များ၊ အကြောင်းအရာနှင့် သုံးစွဲသူ ပြည်သူတစ်ဦးချင်း၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားပြီး တည်ဆဲဥပဒေနှင့် အညီ ခွင့်ပြုထားသည့် ကိစ္စမှအပ သက်ဆိုင်ခြင်း မရှိသူအား ထုတ်ဖော် အသိပေးခြင်းမပြုရ စသည့် အချက်များလည်း အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်ကြောင်း သိရသည်။

ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် ယှဉ်ပြိုင်မှုများ အတွက် လွတ်လပ်တရားမျှတသော မူဝါဒများနှင့်အညီ ရွေးချယ်ခြင်းလုပ်ငန်း အရပ်ရပ်ကို ပွင့်လင်းမြင်သာစွာ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ခေါ်ဆိုမှုနှင့် ချိတ်ဆက်မှုများအတွက် ဆက်သွယ် ရေး ပင်မ ဝင်ပေါက်ထွက်ပေါက်များကို သတ်မှတ်ပြီး လုပ်ငန်းလိုင်စင်ရရှိသူများ စီးပွားဖြစ်ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း သိရှိရသည်။


မြစ်ဆုံစီမံကိန်းအတွက် ဖယ်ရှားပေးခဲ့ရသော ဒေသခံလူမျိုးများ စားဝတ်နေရေးအဆင်မပြေ

ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် ၂၀၁၀ ခုနှစ်အတွင်း ရွာငါးရွာမှ ဒေသခံပြည်သူ များပြောင်းရွှေ့ ခဲ့ရပြီးနောက် ၎င်းတို့သည် နေရာသစ်တွင် ရှိရင်းစွဲ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ရန် မြေနေရာ အဆင်မပြေဖြစ်နေ သဖြင့် စားဝတ်နေရေး ကြပ်တည်းနေကြောင်း သိရသည်။ စီမံကိန်းဧရိယာအတွင်း ကျရောက်သည့် တန်ဖဲ၊ မြစ်ဆုံ၊ ခပ္ပါး၊ ဒေါင်ပန်နှင့် ကျိန်ခရန် ကျေးရွာများမှ ဒေသခံပြည်သူများကို ၂၀၁၀ ခုနှစ်အတွင်းမလိယန်နှင့် အောင်မြေသာစံပြ ကျေးရွာသစ်များ ဆောက်လုပ်ပေး၍ ပြောင်းရွှေ့နေထိုင် စေခဲ့ခြင်းဖြစ်သည်။ ထိုသို့ အသစ်ပြောင်းရွှေ့ ပေးခဲ့ရသော နေရာသစ်များမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်၍ရသည့် မြေဆီလွှာမဟုတ်သည့်အပြင် တိရိစ္ဆာန်များအတွက် စားကျက်မြေနေရာမှာလည်း ရှားပါးလျက်ရှိသည်။

ဒေသခံများအနေဖြင့် အသစ်ရရှိသော အဆောက်အအုံများ၊ လမ်းများထက် နေ့စဉ်ဘဝ အာမခံချက်ပေးနိုင်သော ယခင်အတိုင်း စိုက်ပျိုးဖြစ်ထွန်းသည့် မြေနေရာရရှိမှု၊ ခြံဝန်းကျယ်ရရှိမှု၊ တိရိစ္ဆာန်များအတွက် စားကျက်မြေရရှိမှုတို့က နေ့စဉ် ရှင်သန်စားသောက်ရန် အတွက် ပိုမိုလိုအပ်ကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

“နဂိုနေရာထက် ကောင်းတယ်ဆိုရင် ဘယ်သူက ပြန်ချင်တယ် ပြောမှာလဲ။ အခုက လုံးဝစိုက်လို့မရတဲ့ ကျောက်တုံး မြေဖြစ်နေတယ်။ အိမ်သာကျင်းတူးဖို့ မလွယ်ဘူး။ နောက်တိရိစ္ဆာန်တွေက သူတို့ဒီမှာ စားကျက်မြေမရှိတော့ နဂိုနေရာကို ပြန်ပြေးတယ်။ ဒီတိရိစ္ဆာန်တွေကို ပြန်ဖမ်းဖို့သွားရင် စီမံကိန်းမြေမို့လို့ သွားလို့မရဘူးဆိုပြီး ထောက်ခံစာပြမှ သွားလို့ရတယ်။” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှ ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်ဒွဲဘူကလက်ရှိအစိုးရ၏ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းမှာ ရပ်ဆိုင်းလိုက်ပြီဖြစ်သဖြင့် အဆိုပါ ကျေးရွာများအတွက် အနာဂတ်စီမံကိန်းများ မည်သို့စီစဉ်ထားပါသလဲဆိုသည့် မေးခွန်းကို ၎င်းက  ဇူလိုင်လ ၃ ရက်နေ့၌ ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က စီမံကိန်းအတွက် ဖယ်ရှားပေးခဲ့ရသော ဒေသခံပြည်သူများကို ကချင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်း၍ အကောင်းဆုံး အစီအစဉ် များဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့သည်။

ထို့အပြင် ပြောင်းရွှေ့ဖယ်ရှားပေးခဲ့ရသည့် ကျေးရွာများမှ အိမ်ထောင်စု ၄၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် လူနေအိမ်များ၊ လူမှုရေး၊ ဘာသာရေး အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် သစ်သီးခြံများ၊ စီးပွားဖြစ် သစ်ပင် များအတွက် လျော်ကြေးငွေပေးခြင်းစသည့် ပြန်လည်နေရာချထားရေး ကိစ္စများအတွက် ကျပ်သိန်း ၁၆၀၀၀ ကျော် သုံးစွဲခဲ့သည်ဟု ဝန်ကြီးမှ ဆက်လက်ရှင်းပြသွားခဲ့သည်။ ထို့အတူ ယင်းသို့ ဆောင်ရွက်ပေးမှုသည် စာချုပ်ပါ အချက်အလက်များအရ စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရသည့် ဒေသခံများအတွက် မူလလူနေမှု အဆင့်အတန်းထက် မနိမ့်ကျစေဘဲ ပိုမိုမြင့်မားသည့် လူနေမှုဘဝများ တည်ဆောက်ပေးရန်ဟူ၍ ပါရှိသည့်အတိုင်း ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟုလည်း ဒုဝန်ကြီးမှ ထပ်လောင်းရှင်းပြသွားခဲ့သည်။


‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် အစိုးရတို့အကြား ဆက်ဆံရေး  တင်းမာမှုများ ဖြစ်ပွားနေ

ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်းရှိ UWSA ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၏ စခန်းတစ်ခုကို အစိုးရတပ်ဖက်က ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ရာမှ စတင်ကာ UWSA ဘက်မှ ဆုတ်ပေးခဲ့ခြင်း မရှိသည့်အတွက် အစိုးရ တပ်များ UWSA စခန်းတစ်ခုဖြစ်သည့် မိုင်းတုံမြို့နယ်ရှိ လွိုင်ကောင်းမူး တပ်စခန်းကို ဝိုင်းထားပြီး စစ်ရေးတင်းမာမှု ဖြစ်ပေါ် နေကြောင်း သိရှိရသည်။

ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အခြေစိုက် UWSA စစ်ဒေသ အမှတ် ၁၇၁ လက်အောက်ခံ တပ်စခန်းများ ဖယ်ရှားပေးရန် အစိုးရစစ်တပ်မှ မေလကုန်ပိုင်းက ပေးပို့သည့် ညွှန်ကြားချက်ကို မလိုက်နာသည့်အတွက် ယခုလို စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နည်းနည်းတော့ တင်းမာနေတယ်။ ကျနော်တို့ ဝ နယ်မြေက အစိုးရက တပ်စခန်း လေးခုမှာသုံးခု သူတို့ ပြန်တောင်း လာတယ်။ အခုတော့ အဲဒီလိုပဲ တင်းမာနေတယ်။ ပစ်တာ၊ခတ်တာတော့ မဖြစ်လာဘူး။ တပ်စခန်းတွေက အမှတ် ၁၇၁ အဲဒီ ကြားမှာပဲ။ သူတို့ရဲ့ နယ်မြေ ဖြစ်တယ်လို့ ပြောတယ်။ အရင်က သူတို့ ပြောတယ်” ဟု UWSA ၀ိန်းကောင်း ခရိုင် အတွင်းရေးမှူး ဦးစောလွင်က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များကြောင့် တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့နယ်များရှိ ဆက်ဆံရေးရုံးများကို ပိတ်လိုက်ပြီဖြစ်ပြီး ‘ဝ’ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်လိုက်ပြီ ဖြစ်ကာ အစိုးရ အဖွဲ့ ကလည်း UWSA အဖွဲ့ကိုပါ ဆက်ဆံရေး ဖြတ်တောက် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဤကဲ့သို့ အစိုးရဖက်မှ တဖြည်းဖြည်း တင်းမာလာသဖြင့် UWSA သည် ၂၀၁၃ ခုနှစ် ဇွန်လ တတိယအပတ်မှ စတင်ပြီး ၄င်းတို့ လက်အောက်ခံတပ်ဖွဲ့များ အားလုံးနှင့် ၄င်းတို့၏ မိသားစုဝင်များအား အရေးကြီးကာလအဖြစ် သတ်မှတ်ပြီး ခရီးသွားလာပါက လက်နက်များ ယူဆောင်သွားရန်နှင့် စစ်ရေးအတွက် အသင့်ပြင်ဆင်ထားရန် အမိန့်ထုတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။  ယင်းကဲ့သို့ ဆက်ဆံရေး အခြေအနေ တင်းမာသည် ဆိုသော်လည်း ယခုအထိ တိုက်ခိုက်ကြခြင်း မရှိသေးဘဲ အစိုးရ တပ်များသည် UWSA တောင်ပိုင်းတပ်ဖွဲ့အပေါ် တဖြည်းဖြည်း အကြပ်ကိုင် လာခဲ့သည့်အတွက် ကြောင့်သာ UWSA မှ ယခု ကဲ့သို့ တပ်လှန့်ထားရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေသည့် အစိုးရတပ်နှင့် ‘ဝ’ တပ်ဖွဲ့တို့အကြား ပြေလည်မှုရစေရေး အတွက် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမည်ဟု UWSA ဘက်သို့ အကြောင်း ကြားလာကြောင်း ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တရားရေးဌာန ရုံးတာဝန်ခံ ဦးအိုက်လူက ပြောကြားသည်။

UWSA နှင့် RCSS တို့သည် ၁၉၈၂ခုနှစ် ကတည်းက RCSS ၏ လွယ်လန်း တောင်ကုန်းကို UWSA တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး RCSS ၏ စခန်း တချို့သည် နှစ်ပေါင်းများစွာ UWSA မှ သိမ်းဆည်းထားပါသည်။ ဤသည် ဗမာပြည် ကွန်မြူပါတီ (ဗကပ) ရှိစဉ် ကတည်းက ဖြစ်လာခဲ့သော ပြဿနာ ဖြစ်ပါသည်။  ထို့အပြင် ၁၉၉၅ ခုနှစ်တွင် RCSS ခေါင်းဆောင်ဟောင်းဖြစ်သူ  ဦးခွန်ဆာ လက်နက်ချလိုက်ပြီး နောက်ပိုင်း၌ အဆိုပါ နယ်မြေများသည် UWSA ၏ ထိန်းချုပ် နယ်မြေ ဖြစ်လာခဲ့သည်။ အထူးသဖြင့် တာချီလိတ် ခရိုင်၊ မိုင်းဆတ်နှင့် မိုင်းတန် မြို့နယ်နှင့် ထိုင်းနယ်စပ် တစ်လျှောက်ရှိ ဟိုပန်၊ မိုင်းယွမ်း၊ မုင်တန်၊ ဟွေအော့၊ မိုင်းကျွတ်နှင့် ခိုင်လုံး ဒေသ အားလုံးကို UWSA မှ ထိန်းချုပ်နိုင်ခဲ့ပါသည်။

UWSA သည် စစ်ရေးအရ ထိန်းချုပ်နိုင်သည်နှင့် ၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ် ခင်ညွန်နှင့် တရုတ်အစိုးရတို့၏  သဘော တူညီချက်အရ ‘ဝ’ ပြည်သူ ၉ သောင်းခန့် ကျိုင်းတုံလမ်းမှ တဆင့် ယခု ထိန်းချုပ်ထားသော နေရာတွင် ဖြန့်ကျက် ထားခဲ့ပါသည်။ ‘ဝ’ လူဦးရေ တစ်သိန်းကျော် ရှိသည့် ဤဒေသကိုလည်း UWSA က တပ်မဟာ (၅) ခု ဖြင့် အင်အား နှစ်သောင်းနီးပါး တပ်စွဲ ထားလိုက်ကြောင်း ရှမ်းပါတီ များထံမှ သိရှိရသည်။

ယူဒဗလျူအက်က်စ်အေ ‘ဝ’ တပ်ဖွဲ့သည် အထူးဒေသ ၂ အနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်နယ်မြေ ရရှိထားသော အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး            ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ကာ စစ်သည်အင်အား ၃၀,၀၀၀ ခန့်နှင့် အရန်တပ်သား ၁၀,၀၀၀ ခန့်ရှိ၍ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားသော အစိုးရတပ်ပြီးလျှင် မြန်မာနိုင်ငံ တွင် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment