Transparency Myanmar

transparency.myanmar@gmail.com

အောက်တိုဘာ ၁၈
စားဖိုဆောင် သီးနှံဈေးကွက်တွင် အစိုးရ၏ မူဝါဒချမှတ်မှု လွဲမှားမှုကြောင့် ကြက်သွန်နီရောင်းဝယ်မှု ပုံစံမှာ မှောင်ခိုရောင်းဝယ်မှု ပုံစံဖြစ်နေကြောင်း ဘုရင့်နောင်မှ စားဖိုဆောင် သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ရောင်းလိုအားနှင့် ဝယ်လိုအားပေါ် အခြေခံသည့် မူဝါဒအစား ဈေးနှုန်းမကြီးရေးအတွက် သတ်မှတ်ဈေးနှုန်းဖြင့် ကန့်သတ်ရောင်းဝယ်ပေးခြင်း၊ ကုန်စည်စီးဆင်းမှုကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ထိန်းချုပ်ခြင်းကြောင့် ကုန်စည်ဒိုင်တွင် ကြက်သွန်နီ ထိပ်စ တစ်ပိဿာ ၁၃၅၀ ကျပ်ဖြင့် စာရင်းဖွင့်ရောင်းဝယ်စေသော်လည်း လက်တွေ့ရောင်းချရာတွင်မူ ၁၆၅၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ပုသိမ်မြို့မှ အဝယ်တော်ကြီးတစ်ဦးက ပြောကြားသည်။
ကြက်သွန်နီဈေးများ မြင့်တက်စဉ် အိန္ဒိယနိုင်ငံမှ ဈေးနှုန်းချိုသာပြီး အရည်အသွေးနိမ့်သည့် ကြက်သွန်နီတန် ၁၂၀၀ ကျော် တင်သွင်းရောင်းချခဲ့ကြောင်း နောက်ပိုင်းတွင် အိန္ဒိယမှ တင်သွင်းခဲ့သည့် ပမာဏအတိုင်း ပြည်တွင်းကြက်သွန်နီများကို ပြန်လည်တင်ပို့ရောင်းချခွင့် ပြုမည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ကြက်သွန်နီဈေးနှုန်းများ ပြန်လည် မြင့်တက်လာကြောင်း၊ အိန္ဒိယမှ ကြက်သွန်နီများတင်သွင်းမည့် အစီအစဉ်သည် ကြက်သွန်နီဈေးနှုန်းကို မကျဆင်းစေနိုင်သကဲ့သို့ မြန်မာပြည်သူများအနေဖြင့် ကြက်သွန်နီအညံ့များကိုသာ စားသုံးပြီး ပြည်ပသို့ ကြက်သွန်နီအကောင်းများ တင်ပို့မည့် အစီအစဉ်သာ ဖြစ်ကြောင်း နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိ ပွဲစားကြီးတစ်ဦးက ရှင်းပြသည်။
ယခုနှစ် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်ရခြင်းမှာ ၂၀၀၅ ခုနှစ်၌ ကြက်သွန်နီ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် ကုမ္ပဏီများကို ပြည်ပသို့ တင်ပို့မည့် မူဝါဒချမှတ်ခဲ့ကြောင်း ကုမ္ပဏီများအနေဖြင့် အမှန်တကယ် စိုက်ပျိုးထုတ်လုပ်မှုထက် ဟန်ပြစိုက်ပျိုးပြီး ပြင်ပမှ ကြက်သွန်နီများ ဝယ်ယူတင်ပို့သဖြင့် ၂၀၀၆ ခုနှစ်တွင် ကြက်သွန်နီ တစ်ပိဿာ နှစ်ထောင်ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း နောက်ပိုင်းတွင် အဆိုပါ အစီအစဉ် မသိမသာ ရုတ်သိမ်းသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
"နိုင်ငံတကာ ကြက်သွန်ဈေးနှုန်းကို တောင်သူများ မခံစားစေဘဲ ပြည်တွင်းဈေးအနိမ့်နှင့်သာ တောင်သူများ ရောင်းချစေမှု မူဝါဒကို ဝေဖန်ခြင်း ခံရသည်
ယင်းမူဝါဒ အကျိုးဆက်အနေဖြင့် ၂၀၀၇၊ ၂၀၀၈ နှစ်နှစ်လုံး ကြက်သွန်နီထုတ်လုပ်မှု ပိုလျှံပြီး ဈေးနှုန်းများ အလွန်အမင်းကျဆင်းသဖြင့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများအားလုံး အရှုံးပေါ်ခဲ့ကြကြောင်း ယခုနှစ်တွင် အရှုံးများသဖြင့် စိုက်ပျိုးသူနည်းပါးပြီး ကြက်သွန်ထွက်ရှိမှု နိမ့်သဖြင့် ကြက်သွန်ဈေးကောင်းလာချိန်၌ အိန္ဒိယမှ ကြက်သွန်နီများ တင်သွင်းလာခြင်းဖြစ်ကြောင်း" ရေနံချောင်းမှ ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။
"ဈေးကျလို့ ရှုံးတုန်းကတော့ ကိုယ့်ဟာနဲ့ကိုယ် ခံရတယ်၊ အခု စားရမယ့်နှစ်ကျတော့မှ ပေးမစားချင်တော့ဘူး။ လုပ်စားတော့ မိုးခေါင်၊ မိုးစားတော့ ခွေးဟောင်၊ ဆိုတဲ့အတိုင်း ဘာလုပ်ရမှန်းမသိဘူး။" ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် မိုးကြက်သွန်နှင့် ဆောင်းကြက်သွန် နှစ်မျိုးစိုက်ပျိုးပြီး မြင်းခြံ၊ တောင်သာ၊ ဆိတ်ဖြူ၊ ပခုက္ကူ၊ သာစည်၊ ရေနံချောင်းကဲ့သို့ မိုးနည်းရေရှားဒေသ၏ သဲချောင်းများအတွင်း စိုက်ပျိုးရသဖြင့် အညာဒေသအတွက် သဘာဝက ပေးသည့် အားသာချက်ဖြစ်ကြောင်း အစိုးရ၏ မူဝါဒမှားယွင်းမှုကြောင့် ကြက်သွန်တောင်သူများ အနေဖြင့် အခက်ကြုံရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
အခြေခံအကျဆုံး ကြက်သွန်တောင်သူများကို စိုက်ပျိုးစရိတ် အပါအဝင် ချေးငွေများ ထုတ်ချေးပေးခြင်း၊ သွင်းအားစုများ ပံ့ပိုးပေးခြင်း၊ ထုတ်လုပ်မှုတိုးအောင် ပံ့ပိုးရမည့်အစား ထွက်ရှိလာသည့် ကြက်သွန်ပေါ်မှာ ဈေးနှုန်း ကန့်သတ်ရောင်းဝယ်ခြင်းသည် မှားယွင်းသည့် မူဝါဒဖြစ်သည်ဟု ၎င်းက ဝေဖန်ပြောကြားသည်။

--
Posted By icypress to Sensible Rumour at 10/25/2009 10:34:00 PM

0 comments:

Post a Comment