Transparency Myanmar

transparency.myanmar@gmail.com

အောက်တိုဘာ၂၆

ရန်ကုန်မြို့၊ ပြည်လမ်းမ၊ နာနတ်တောမီးပွိုင့်အနီးရှိ အကြီးစားတည်ဆောက်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် ပြည်တာဝါ တည်ဆောက်ခွင့်ကို ဇေကမ္ဘာဦးခင်ရွှေထံမှ ဦးဇော်ဇော်ပိုင် Max Cement ကုမ္ပဏီမှ လွှဲပြောင်းရယူသွားနိုင်ကြောင်း ရန်ကုန်မြို့ အခြေစိုက် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ကနဦး ပြည်တာဝါ တည်ဆောက်ခွင့်ကို ဇေကမ္ဘာဦးခင်ရွှေ ဦးဆောင်သည့် National Development Company Group Co.Ltd မှ တည်ဆောက်နေခဲ့ပြီး ၁၁ ထပ်ကျော်အထိ တည်ဆောက်နိုင်ခဲ့ကြောင်း တည်ဆောက်နေဆဲကာလတွင် NDCG ကုမ္ပဏီနှင့် ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် NIHL ကုမ္ပဏီ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် အင်းစိန်ဖော့ကန်ရှိ သံမဏိစက်ရုံ လုပ်ပိုင်ခွင့်စာချုပ်အား စစ်ကောင်စီမှ တစ်ဖက်သတ်ဖျက်သိမ်းခဲ့ကြောင်း ဦးခင်ရွှေအပါအဝင် NDCG တွင် ရှယ်ယာထည့်ဝင်ထားသူ အများစုသည် NIHL တွင် ရင်းနှီးမြှုပ်နှံထားကြသူများ ဖြစ်သဖြင့် ပြည်တာဝါတည်ဆောက်ရေးအား သတ်မှတ်ကာလအတိုင်း အပြီးမသတ်နိုင်ဖြစ်နေစဉ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးဇော်ဇော်ပိုင် Max Cement ကုမ္ပဏီက တည်ဆောက်ခွင့်ရရှိလာကြောင်း ၎င်းက ဆိုသည်။
"အရှင်မွေး နေ့ချင်းကြီးဆိုသလို လူတစ်ယောက်စန်းဟာ အံ့ဩဖို့လည်း ကောင်းတယ်။ တရားကျဖို့လည်းကောင်းတယ်" ဟု ယခုနှစ်ပိုင်း ဦးဇော်ဇော် အရေးပါလာခြင်းနှင့် စီးပွားရေးလုပ်ပိုင်ခွင့် တော်တော်များများ ရလာခြင်းနှင့် ပတ်သက်၍ ၎င်းက သုံးသပ်ပြောကြားသည်။
ဧရာဝတီတိုင်း ရေကြည်မြို့ဇာတိ ဦးဇော်ဇော်သည် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၁၅ နှစ် ၎င်းမင်္ဂလာဆောင် ဖိတ်စာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏ သားတပည့်ဟု ထည့်သွင်းဖော်ပြခဲ့ကြောင်း ယခုနှစ်ပိုင်းတွင် အစိုးရစီမံကိန်း အများစုကို အဓိက ဦးဆောင်လုပ်ကိုင်နေသူ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် အထူးရင်းနှီးလာပြီး ပါမစ်နှင့် စီမံကိန်း အများအပြားတည်ဆောက်ခွင့်ကို ရရှိနေကြောင်း၊ အစိုးရထိပ်ပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
မြန်မာပြည်သူလူထု၏ အစိုးရအပေါ် မကျေနပ်မှုနှင့် နိုင်ငံရေးနိုးကြားမှုများကို MNL ဘောလုံးပြိုင်ပွဲများ ကျင်းပပြီး အာရုံလွှဲပြောင်းနိုင်အောင် ဦးဇော်ဇော် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထူးအခွင့်အရေးများ ရရှိလာခြင်း ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးက သုံးသပ်ပြောကြားသည်။





--
Posted By icypress to Sensible Rumour at 10/26/2009 03:26:00 AM

0 comments:

Post a Comment