By Mungpi / Mizzima 24 - Oct - 2009
မြန်မာနိုင်ငံ အင်အားကြီး လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ UWSA သည် မြန်မာအစိုးရက အဆိုပြုထားသည့်အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောတူလိုက်ပြီ ဟူသော သတင်းကို တရုတ်-မြန်မာနယ်စပ် အခြေစိုက် လေ့လာစောင့်ကြည့်သူများက ကောလာဟာလ အဖြစ် ပယ်ချလိုက်သည်။
တပ်ဖွဲ့ဝင် ၂၅၀၀၀ ခန့်ရှိသော အင်အားကြီး ၀ တပ်ဖွဲ့ UWSA သည် မြန်မာအစိုးရ၏ အဆက်မပြတ် တွန်းအားပေးမှုကြောင့် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောတူလိုက်သည် ဟူ သော ကောလဟာလမှာ မြန်မာနိုင်ငံရေးစောင့်ကြည့် လေ့လာသူများ အကြားတွင် ပျံ့နှံ့လျက်ရှိ သည်။
မြန်မာစစ်တပ်မှ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးသည် ဒေသတွင်းခြိမ်း ခြောက်နေသည့် စစ်ငွေ့သန်းနေမှုကို ပရိယာယ်အဖြစ် အသုံးပြု၍ ၎င်း၏ပြိုင်ဘက် လူမျိုးစုတပ်ဖွဲ့ များအပေါ် အသာစီးရရန် ကြိုးပမ်းနေသည်ဟု သတင်းများက ဆိုပါသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် စောင့်ကြည့်လေ့လာသူ ဦးအောင်ကျော်ဇောက UWSA နှင့် သဘောတူညီချက်များ ယခုအချိန်ထိ မရရှိသေးကြောင်းနှင့် အနာဂါတ်အတွက် ဖြစ်နိုင်ချေများ မှာလည်း မရေရာသေးကြောင်း ပြောဆိုပါသည်။
ယခုအထိ မည်သည့် သဘောတူညီချက်မျှ မရသေးပါ။ မြန်မာစစ်တပ်နှင့် ၀တပ်ဖွဲ့ UWSA ကြားတွင်လည်း ထိပ်ပိုင်းအဆင့် တွေ့ဆုံမှုများ မရှိသေးပါ။ နှစ်ဖက်စလုံးမှာ ၎င်းတို့တပ်ဖွဲ့များကို အင်အားဖြည့်တင်းနေပြီး တင်းမာမှုများ ရှိနေဆဲဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောပါသည်။
သို့ရာတွင် UWSA ၏ တောင်ပိုင်းတိုင်း တပ်မှူးဝေစွပ်ကိုင် အပါအ၀င် များစွာသော ဝ ခေါင်းဆောင်တို့တွင် အလွန်ကြီးမားသော စီးပွားရေး လုပ်ငန်းများရှိနေသဖြင့် သဘောတူညီမှု ရရှိရေးမှာ မဖြစ်နိုင်ပါဟု ၎င်းကမှတ်ချက်ပေးပါသည်။
အကယ်၍ ဝ ခေါင်းဆောင်ပိုင်းက မြန်မာအစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုသည့်တိုင် အောက်ခြေအဆင့်နှင့် အလယ်အလတ်အဆင့် အရာရှိများက လက်ခံချင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။
မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အဆိုပြုချက်ကို လက်မခံသေးသည့် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ အနည်းငယ်အနက် United Wa State Army (UWSA) နှင့် Kachin Independence Army (KIA) တို့လည်း ပါဝင်ပါသည်။
မြန်မာစစ်ဘက် အုပ်ချုပ်သူများက ၎င်းတို့၏အဆိုပြုချက်ကို အကြောင်းပြန်ကြားရန် နောက်ဆုံးရက်အဖြစ် အောက်တိုဘာလကုန်ကို သတ်မှတ်ထားသည်။ နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်သွားပါက ဖြစ်လာနိုင်သော နောက်ဆက်တွဲ ဖြစ်နိုင်ချေများနှင့် ပတ်သက်၍ ရှင်းလင်းသော ရည်ညွှန်းချက်များ မရှိသေးသော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် မြန်မာစစ်တပ်များ ရွှေ့ပြောင်းတပ်စွဲမှုကို အားလုံးက စောင့်ကြည့်လျက်ရှိပြီး လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားမည့် အရိပ်အယောင် သန်းလျက် ရှိပါသည်။
ရှမ်းပြည်နယ်နှင့် ရှမ်းလူမျိုးစု တပ်ဖွဲ့များဘက်မှ ပြင်းထန်စွာ ရပ်တည်သူ ထိုင်းနိုင်ငံ အခြေစိုက် Shan Harald Agency for News ၏ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ဝ တပ်ဖွဲ့ နှင့် မြန်မာအစိုးရတို့ သဘောတူညီချက်ရရှိသည့် သတင်းကို ယခုထိ မကြားမိသေးပါဟု ဆိုပါသည်။ ဝ ဒေသ ပန်ဆိုင်းမှလာသော သတင်းများအရ နှစ်ဖက်တင်းမာမှုများ ဆက်လက် ကြီးထွားနေဆဲဖြစ်ပြီး၊ တရားဝင် ဆွေးနွေးညှိနှိုင်းမှုများလည်း မရှိသေးဟု ၎င်းက ဆက်လက် ပြောကြား သည်။
ပြီးခဲ့သော သြဂုတ်လက ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)ကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့ခြင်း၏ နောက်ဆက်တွဲအဖြစ် မြန်မာအစိုးရသည် မိုင်းလားအခြေစိုက် National Democratic Alliance Army - Eastern Shan State (NDAA-ESS) အပါအ၀င် အခြားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များကို အရိပ်အယောင်ပြသရန် ရည်ရွယ်ပုံ ရသည်ဟု လေ့လာစောင့်ကြည့်သူများက ထင်ကြေးပေးပါသည်။
ဝေဖန်သူများကမူ မြန်မာအစိုးရ၏ အဓိကရည်မှန်းချက်မှာ UWSA ကို ဖြုတ်ချချေမှုန်းရန် ဖြစ်သည်ဟု ဆိုပါသည်။ အကြောင်းမှာ UWSA သည် အင်အား တောင့်တင်းသော တပ်ဖွဲ့ဖြစ်ပြီး အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင်တပ်များကို မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းမည့် အစီအစဉ်ကို အာခံနေသောကြောင့် ဖြစ်သည်ဟု မှတ်ချက်ချ သည်။
မြန်မာအစိုးရ၏ အစီအစဉ်အရ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီပြီးစီးရန် လိုအပ်နေသည်။
တိုင်းရင်းသား လူမျိုးစုများ၏ ပြင်းပြသော တောင်းဆိုမှုကို ငြိမ်သက်သွားစေရန် အင်အားသုံး ဖိနှိပ်ခြင်းဖြင့် မအောင်မြင်နိုင်ကြောင်းကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောပါသည်။
အကယ်၍ UWSA ခေါင်းဆောင်များက မြန်မာအစိုးရ၏ အဆိုပြုချက်ကို ညှိနှိုင်းလက်ခံခဲ့ သည့် တိုင်အောင် ဝ လူမျိုးစု အဖွဲ့အစည်းများသည် အခြားနာမည်တခုဖြင့် ပေါ်ပေါက်လာမည် ဖြစ်ပြီး ဆက်လက်တော်လှန်ကြပါလိမ့်မည်။ ဝ တို့ကို တိတ်ဆိတ်သွားစေရန် ဖိနှိပ်ထားမည့်ကိစ္စ မှာ လုံးဝမဖြစ်နိုင်ပါဟု ၎င်းကဆက်လက်ပြောဆိုပါသည်။
ဦးပေါက်ယူချမ်း ခေါင်းဆောင်သည့် ဝ လက်နက်ကိုင်တပ်ဖွဲက (UWSA) သည် ၁၉၈၉ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CBP) ၏ လက်အောက်မှ ခွဲထွက်လာခဲ့ပြီးနောက် ထိုနှစ်ထဲမှာပင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို မြန်မာ့တပ်မတော် စစ်ထောက် လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်ညွှန့်နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---