Transparency Myanmar

transparency.myanmar@gmail.com

By Eli Clitton

From Inter Press Service. 12th Nov 2009

          အမေရိကန်ပြည်ထောင်စု သမ္မတ Barack Obama သည် လာမည့် တနင်္ဂနွေနေ့တွင် စင်္ကာပူ နိုင်ငံတွင် APEC ဆွေးနွေးပွဲတွင် APEC ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတက်ရောက်မည် ဖြစ်ရာ အာရှ နိုင်ငံပေါင်းစုံချစ်ကြည်ရေး လုပ်ငန်းစဉ်များတွင် အမေရိကန်ပါဝင်ရေးအတွက် ဦးတည်ချက် အသစ်များကို မှတ်တမ်းတင်လိမ့်မည် ဖြစ်ပြီး စစ်အစိုးရအုပ်ချုပ်သော အထီးကျန် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ဆက်ဆံရေးမူဝါဒအပေါ် အလေးပေးလိမ့်မည် ဖြစ်ကြောင်း သိရှိရပါသည်။

          APEC ထိပ်သီးဆွေးနွေးပွဲ၏ အရန်ဆွေးနွေးပွဲအဖြစ် ပြုလုပ်မည့် Obama နှင့် အရှေ့တောင် အာရှခေါင်းဆောင်များ တွေ့ဆုံမှုသည် Bush အစိုးရ၏ ချဉ်းကပ်မှုနှင့် ခြားနားစွာ အရှေ့တောင်အာရှ အပေါ် ပြောင်းလဲလာသော အမေရိကန်၏ မူဝါဒ၏ အရေးပါမှုကို ပြသနေပါသည်။ Bush အစိုးရ လက်ထက်က အကြမ်းဖက်မှုများ ပြန်လည်တိုက်ခိုက်ရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကိုသာ အာရုံကျခဲ့ပြီး အာဆီယံ ဒေသတွင်း သံတမန်ရေးရာများကို လစ်လျှူပြုခဲ့ပါသည်။ ထိုအတောအတွင်း တရုတ်သည် ဒေသတွင်း ၎င်း၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ခဲ့ပါသည်။

          တရုတ်၏ အရှေ့တောင်အာရှတွင် တိုးချဲ့လာသော စီးပွားရေးနှင့် ပတ်သက်သော ဆက်ဆံ ရေးများ၏ အဓိက သက်သေပြစရာများမှာ စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများ တိုးပွားလာမှုနှင့် လာမည့် ဇန်နဝါရီလတွင် စတင်မည့် တရုတ် - အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (Free Trade Agreement) တို့ပင်ဖြစ်ပါသည်။

          ယခု Obama နှင့် အရှေ့တောင် အာရှခေါင်းဆောင်များ တွေ့ဆုံမှုသည် အမေရိကန် - အာဆီ ယံ သံတမန်ရေးရာ ဆက်ဆံမှုအတွက် အမေရိကန်၏ စိတ်ဝင်စားမှုကို ပြန်လည် အသက်သွင်းရေး အတွက်လည်းကောင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်နှင့် ပထမဦးဆုံးအကြိမ် အဆင့်အမြင့်ဆုံး တွေ့ဆုံမှုသည်လည်းကောင်း သမိုင်းမှတ်တမ်း တင်လိမ့်မည် ဖြစ်ပါသည်။

          အမေရိကန်သည် မြန်မာစစ်အစိုးရ၏ ကျယ်ပြန့်စွာ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စီးပွားရေးနှင့် ပတ်သက်သော အရေးပိတ်ဆို့မှုများကို တင်းကြပ်စွာ ချမှတ်ခဲ့ပါသည်။

          မြန်မာနိုင်ငံအပေါ် အာဆီယံ၏ အပြုသဘောဆောင်သော ဆက်ဆံရေးမူဝါဒသည် အမေရိ ကန်နှင့် အာဆီယံဆက်ဆံရေးအတွက် ကွဲပြားခြားနားစေသော အကြောင်းကိစ္စတစ်ခု ဖြစ်ပါသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက အာဆီယံ၏ ဆက်ဆံရေးသည် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ အကျိုးရရှိရန် အကြောင်းပြုဆက်ဆံခြင်းသာ ဖြစ်သည်ဟု စွပ်စွဲပါသည်။

          ASEAN ၏ အပြုသဘောဆောင်သော ဆက်ဆံရေးသည် အကျိုးအမြတ်ရှိသည့် ဆက်ဆံရေးဖြစ်ကြောင်း US Campaign for Burma မှ ဒါရိုက်တာ Jennifer Quigley က ပြောပါသည်။ ထိုင်းနှင့် စင်္ကာပူသည် မြန်မာနိုင်ငံနှင့် စီးပွားရေးဆောင်ရွက်မှုကြောင့် အမြတ်ငွေများစွာ ရရှိခဲ့ကြောင်း သူမက ပြောပါသည်။

          Bush အစိုးရလက်ထက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရသော်လည်းကောင်း၊ သံတမန်ရေးအရ သော်လည်းကောင်း၊ အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာပါဝင်သော ASEAN ဒေသတွင်း ဆက်ဆံရေး လုပ်ငန်းများပြုလုပ်ရန် အခက်အခဲများ ရှိခဲ့ပါသည်။

          ယခုအခါ Obama အစိုးရသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူမှုများ ရှိနေသော်လည်း စစ်အစိုးရနှင့် သံတမန်ရေးအရ ဆက်ဆံရေးပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစေရေး ကိစ္စတွင် ပါဝင်နိုင်ရေး နှင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဖိအားပေးရာတွင် ASEAN နှင့် ဆက်ဆံ၍ ကြားခံအဖြစ် ဆောင်ရွက်နိုင်ရေးတို့အတွက် များစွာ အကျိုးရှိစေပါသည်။

          အကယ်၍ ကျွန်ုပ်တို့သည် မြန်မာခေါင်းဆောင်များအား မြန်မာ့လူအဖွဲ့အစည်းမှ ကိုယ်စားလှယ်ပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်း အားပေးနိုင်ခဲ့လျှင်၊ အခြားနိုင်ငံများရော ASEAN ကပါ ပါဝင်တိုက်တွန်းရန် မျှော်လင့်ကြောင်း၊ ASEAN ဆိုလျှင် အကူအညီများပင်ပေးနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲအစီအစဉ်များသည် ဦးစားပေးရမည့် ကိစ္စဖြစ်ပြီး၊ ရွေးကောက်ပွဲကို မည်သို့ စောင့်ကြည့်ကြမည် ဆိုသည်ကိုလည်း ခွဲခြမ်း စိတ်ဖြာဆွေးနွေးရန် လိုမည် ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဗုဒ္ဓဟူးနေ့က စင်္ကာပူနိုင်ငံတွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

          Obama အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒအသစ်ကို ပြီးခဲ့သည့် အပတ်က အများသို့ စတင်ပြသခဲ့ပြီးဖြစ်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် သူ၏လက် ထောက် Scott Marciel တို့သည် မြန်မာနိုင်ငံသို့ ၂ ရက်ခရီး သွားရောက်ခဲ့ပြီး စစ်အစိုးရအာဏာပိုင် များနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပါသည်။

          လူ့အခွင့်အရေးအကျိုးဆောင်များက Obama အစိုးရ၏ မူဝါဒသစ်သည် တစ်စုံတစ်ခု ထွက်ပေါ် လာလိမ့်မည်ဟု အကောင်းမြင်ပြောကြားခဲ့ပြီး၊ အရေးယူမှုများကိုမူ စစ်အစိုးရက သိက္ခာရှိသော ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ပေးသည်အထိ ဆက်လက်ထားရှိရန် သတိပေးခဲ့ပါသည်။

          လာမည့်နှစ်ရွေးကောက်ပွဲသည် အကြီးဆုံး အကြောင်းအရာတစ်ခု ဖြစ်ကြောင်း၊ အကယ်၍ စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းပြီး နိုင်ငံတကာ၏ ထောက်ခံမှုကို ရယူလိုပါလျှင် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံးရလဒ်များကိုတော့ ပြသနိုင်ရမည် ဖြစ်သည်ဟု Quigley က ပြောပါသည်။ ရွေးကောက်ပွဲ မတိုင်မီ မြန်မာအစိုးရက ဘာတွေပေးနိုင်မလဲ ဆိုသည်မှာ စမ်းသပ်မှုတစ်ခုပင် ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

          ယခု APEC ထိပ်သီး အစည်းအဝေးနှင့် ASEAN ခေါင်းဆောင်များနှင့် Obama တွေ့ဆုံမှုများ မှာ အဓိက သဘောတူညီချက်များ၊ အများအံ့သြစေမည့် အရာများ ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။ သို့သော် ဝါရှင်တန်ရှိ ကျွမ်းကျင်သူများက APEC ကို ညှိနှိုင်းနိုင်သည့် ဆွေးနွေးပွဲအဖြစ် အလေးထားသော အမေရိကန်၏ မူဝါဒသစ်ကို ညွှန်ပြနေကြောင်း ပြောကြားခဲ့ပါသည်။ Bush အစိုးရလက်ထက်က APEC ကို အရေးမပါသော နေရာဟု သဘောထားခဲ့ပါသည်။ ၎င်းတို့က မြန်မာနိုင်ငံနှင့် သံတမန်နည်းလမ်းအရ ပြန်လည် ဆက်ဆံခြင်းကိုလည်း Obama အစိုးရ၏ အာရှ - ပစိဖိတ်ရှိ ၎င်း၏ မဟာမိတ်များအပေါ် ပိုမို အလေးထားဆက်ဆံလိုသည့် ရည်ရွယ်ချက်ကို ပြသသည့်လက္ခဏာ ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

          APEC နှင့် ပြန်လည်ဆက်ဆံခြင်းသည် အခြားအကျိုးအမြတ်များကိုလည်း ဆောင်ကျဉ်းပေးလိမ့်မည် ဖြစ်ကြောင်း နိုင်ငံခြားဆက်ဆံရေးကောင်စီ အရှေ့တောင်အာရှ ဖဲလိုး (Fellow) Joshua Kurlantzick က ရေးသားခဲ့ပါသည်။ ထို့အပြင် ဝါရှင်တန်သည် အာရှပေါင်းစည်းရေးတွင် အဓိကကျသော ဗဟိုနေရာမှ ပါဝင်လိုကြောင်း အရှေ့အာရှဝါဒ ခေါင်းဆောင်များကို ပြသလိုက်သလို ဖြစ်ပြီး၊ ယခင် ဆယ်စုနှစ်များက အမေရိကန်သည် ဘေးထွက် ထိုင်နေခဲ့သည်ထက်စာလျှင် ပါဝင်လှုပ်ရှားလိုကြောင်း ပြသခြင်းဖြစ်ကြောင်း Joshua က ရေးသားထားပါသည်။

          အမေရိကန်သည် အာရှတွင် ဖြစ်ပျက်နေသည့် အရေးကိစ္စများ၏ ဖွဲ့စည်းမှု ပုံသဏ္ဍန်ကို နားလည်ကြောင်း လက်တွေ့ပြသလိုခြင်း ဖြစ်ပြီး၊ အဆိုပါသင်ခန်းစာများကို တရုတ်က ကျေညက်ပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ရေးသားထားပါသည်။

          အမေရိကန်၏ ဒေသတွင်း သံတမန်နည်းလမ်းများအရ ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်လာသည့် မူဝါဒသစ်ကို အမေရိကန်ပြည်တွင်းရော ပြည်ပနိုင်ငံများကရော အမှတ်အများကြီး ပေးကြပါလိမ့်မည်။ အမေရိကန် ဝါရင့် အစိုးရအာဏာပိုင်များသည် ၂၀၀၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အကြား အရှေ့တောင် အာရှပြည်တွင်း ထုတ်လုပ်မှုသည် နှစ်ဆတက်ခဲ့သည့် အံသြဖွယ်စီးပွားရေး တိုးတက်မှုကို သတိပြုမိကြပြီး တရုတ်နိုင်ငံ၏ အဆိုပါဒေသတွင်း ကုန်သွယ်ရေး သဘောတူစာချုပ်များ ဆက်တိုက် ချုပ်ဆိုမှုကိုလည်း လျစ်လျှူရှု မထားနိုင်တော့ပေ။

          ပြီးခဲ့သည့်နှစ်က တရုတ်သည် အမေရိကန်ကို ကျော်တက်ပြီး အရှေ့တောင်အာရှ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဂျပန်နှင့် ဥရောပသမဂ္ဂတို့၏ နောက်တွင် ရပ်တည်ခဲ့ပါသည်။ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၃ ဘီလီယံရှိခဲ့ပါသည်။

          ယခုအချိန်အထိတော့ Obama အစိုးရ၏ ဒေသတွင်း ပိုမိုအာရုံစိုက်မှု တိုးတက်လာမှုသည် အမေရိကန်ပြည်တွင်း ယုံကြည်မှု အချို့ပြန်ရသင့်သည်။ အကယ်၍ Obama အစိုးရသည် ယခုကြိုးစားမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဆိုပါက ဒေသတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှုကို တိမ်းညွတ်လာစေမည့် အရေးကို ထိန်းညှိပေးလာနိုင်မည် ဖြစ်ပါသည်ဟု Carnegie Endowment for Peace မှ ဒုတိယဥက္ကဋ္ဌ Douglas H Pool က ရေးသားထားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment