Transparency Myanmar

transparency.myanmar@gmail.com

() အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ ခေါင်းဆောင်များနှင့် အမေရိကန်ပြည်ထောင်စု သမ္မတတို့သည် ပထမအကြိမ် အာဆီယံ - အမေရိကန် ခေါင်ဆောင်များ အစည်းအဝေးကို ၂၀၀၉ နိုဝင်ဘာ ၁၅ တွင် စင်ကာပူ၌ ကျင်းပခဲ့သည့် အာဆီယံအလှည့်ကျ သဘာပတိ ထိုင်းနိုင်ငံဝန်ကြီး ချုပ် အဘီဆစ်နှင့် လေးစားအပ်သော ဘားရက်အိုဘားမားတို့က အစည်းအဝေးတွင် ပူးတွဲသဘာပတိ အဖြစ် တာဝန်ယူပါသည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်လည်း တက်ရောက်ပါသည်။ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၀ တွင် ကျင်းပရန် သဘောတူခဲ့ပါသည်။

() မိမိတို့ မှတ်တမ်းတင်နိုင်ခဲ့သည့် အချက်များမှာ လွန်ခဲ့သော ၃၂ နှစ်အတွင်း ဆက်ဆံဆွေးနွေးမှုများမှာ ကျေနပ်ဖွယ်ရာ ရှိခြင်း၊ အာဆီယံနှင့် အမေရိကန်သည် နယ်ပယ်များစွာတွင် အပြန်အလှန် အကျိုးအမြတ်ရှိသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်နိုင်ခဲ့ခြင်း၊ ၂၀၀၅ အမေရိကန် - အာဆီယံ ပူးတွဲကြေညာချက်၏ လမ်းညွှန်မှုအရ ကြီးမားသော အကျိုးစီးပွားများကို ခွဲဝေနိုင်ခဲ့သည်ကို တွေ့ရှိရခြင်း၊ အာဆီယံ - အမေရိကန် မိတ်ဆွေဖြစ် ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် ၂၀၀၆ စီမံချက် ကို ရေးဆွဲနိုင်ခဲ့ခြင်း၊ ၂၀၀၉ အာဆီယံ - အမေရိကန် မိတ်ဆွေအဖြစ်ဆက်ဆံရေး၏ လမ်းညွှန်မှုအောက်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေး ကိစ္စများကို ပြင်ဆင်ရေးဆွဲခြင်းတို့ ဖြစ်ပါသည်။ အာဆီယံ - အမေရိကန် ဆွေးနွေး ဆက်ဆံရေးတွင် ၂၀၀၉ ဇူလိုင်မှ ၂၀၁၂ ဇူလိုင်အထိ ညှိနှိုင်းရေးမှူး တာဝန်ယူပေးမည့် ဖိလစ်ပိုင်နိုင်ငံ၏ အခန်းကဏ္ဍကို ကြိုဆို ထောက်ခံပါကြောင်း လာမည့် နှစ် အတွက် ဆောင်ရွက်ရန် စီမံချက် မူကြမ်းရေးဆွဲရာတွင် ဦးဆောင်ပေးပါရန် ဖိလစ်ပိုင်နိုင်ငံကို တောင်း ဆိုလိုက်ပါသည်။

() အာဆီယံ ပဋိညာဉ်အပေါ်တွင် အခြေပြုထားသော ၂၀၁၅ နောက်ဆုံးထား၍ အာဆီယံ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေး အာဆီယံ၏ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပြီး ၎င်းအစီအစဉ်ကို အကူအညီပေးရန် ကတိပြုထားခြင်းကို ထပ်မံအတည်ပြုခဲ့ပါသည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်ရာတွင် အမေရိကန် - အာဆီယံ ပူးပေါင်း ဆောင်ရွက်ရေးကို အထောက်အကူပေးမည့် အာဆီယံ - အမေရိကန် ထင်ရှားကျော်ကြားသူ ပုဂ္ဂိုလ်များအဖွဲ့ ကို ဖွဲ့စည်းတည်ထောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန်လည်း သဘောတူခဲ့ကြပါသည်။

() သိပ္ပံနှင့် နည်းပညာအပါအဝင် ပညာရေးဆိုင်ရာ ဖလှယ်မှုများနှင့် ပြည်သူချင်း ဆက်ဆံမှုများကို တွန်းအားပေးရေးအတွက် အာဆီယံ - အမေရိကန် ပိုမို ကျယ်ပြန့်နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်သည်ဟု သဘောတူကြပါသည်။ ပင်လယ်ရပ်ခြားနိုင်ငံဖြစ်သော  အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံတွင် ပညာသင်ကြားနေမှုများနှင့် အင်္ဂလိပ်ဘာသာ လေ့လာရေးဆိုင်ရာ အခွင့်အလမ်းများကို တိုးမြှင့်သွားရန် ကတိပြုခဲ့ကြပါသည်။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် စိတ်ချယုံကြည်ရသော ဆွေးနွေးမှုနှင့် ပြည်သူများ အလုပ်သမားများ ရွှေ့ပြောင်းမှုစသော အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်များကို ပိုမို လေ့လာသွားရန်လည်း သဘောတူခဲ့ကြပါသည်။

() အာရှပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အောင်မြင်တိုးတက်ရေးကို အားပေး မြှင့်တင်ရာတွင် အရေးကြီးသော မိတ်ဖက်အဖြစ် သတ်မှတ်ထားသော "အာဆီယံ" နှင့် ဆက်ဆံဆွေးနွေးမှုကို တိုးမြှင့်သွားမည့် အမေရိကန်၏ မူဝါဒကို အမေရိကန် သမ္မတက ကြေညာခဲ့ပါသည်။ အရှေ့တောင် အာရှဆိုင်ရာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) ကို အမေရိကန်က လက်မှတ် ရေးထိုးခဲ့ခြင်း၊ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်ခဲ့ခြင်း၊ ဂျကာတာတွင် အာဆီယံဆိုင်ရာ အမေရိကန် မစ်ရှင်ရုံး ဖွင့်လှစ်ရန် ရည်ရွယ်ထားခြင်းနှင့် Advance National Cooperation and Economic Integration (ADYANCE) အစီအစဉ်ကို အာဆီယံ၏ တိုးတက်မှုအဖြစ် ရှုမြင်ခြင်းတို့ကို အာဆီယံ ခေါင်းဆောင်များက ကြိုဆိုခဲ့ပါသည်။

() အာဆီယံသည် အားလုံးနှင့် သက်ဆိုင်သော၊ စုပေါင်း ပိုင်ဆိုင်ထားသော  တန်ဖိုးများ၊ ဓလေ့ ထုံးတမ်းများကို အားပေးသော၊ ဒေသတွင်း ကွဲပြားခြားနားမှုကို လေးစားသော ဒေသဆိုင်ရာ အဆောက် အဦတစ်ခု ဖြစ်ကြောင်း အားလုံးက ရှုမြင်ကြပါသည်။ ဤဒေသဆိုင်ရာ အဆောက်အဦကို အတူတကွ ရင်းနှီးစွာ တည်ဆောက်သွားရန်နှင့် ယခုကဲ့သို့ ထူးခြားသော သဘာဝ၏ စွမ်းဆောင်နိုင်မှုများကို လေ့လာရန် အသင့်ရှိနေကြောင်းကို သဘောတူခဲ့ကြသည်။ ယခု လုပ်ငန်းစဉ်တွင် အာဆီယံက အချက်အခြာအဖြစ် အရေးပါနေခြင်းကိုလည်း ထပ်မံ အတည်ပြုခဲ့ပါသည်။

() လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်၍ အားပေးသွားမည့် အာဆီယံအဖွဲ့ဝင်များ၏ ကတိကဝတ်ကို ရည်ညွှန်းနေသော အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် တည်ထောင်ခြင်းကို အမေရိကန်က ထောက်ခံ အားပေးကြောင်း အမေရိကန်သမ္မတက ဖော်ပြခဲ့ပါသည်။ လူ့အခွင့်အရေး နယ်ပယ်အတွင်းမှ နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် ကော်မရှင် အဖွဲ့ဝင်များကို ၂၀၁၀ တွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စုသည် အာဆီယံဆိုင်ရာ လူ့အခွင့်အရေး ရင်းမြစ်ဗဟိုဌာနကို အကူအညီပေးမည် ဖြစ်ပြီး ယခုလမ်းကြောင်းတွင် ပါသော ဆောင်ရွက်ချက် ခုမှာ ဂျကာတာ ယူနီဗာစီတီတွင် ဗဟိုဌာန ဖွင့်လှစ်ခြင်းနှင့် အာဆီယံဒေသ တဝှမ်းရှိ ယူနီဗာစတီများတွင် ဌာနခွဲများ ဖွင့်လှစ် ချိတ်ဆက်ခြင်း ဖြစ်ပါသည်။

() ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပခဲ့သော ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံတွင် လက်ခံ ချမှတ်ခဲ့သော အာဆီယံဒေသတွင်း ချိတ်ဆက် ဆောင်ရွက်သွားမည့် အာဆီယံ ခေါင်းဆောင်များ၏ ကြေညာချက်ကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုခဲ့ပါသည်။

() အာဆီယံခေါင်းဆောင်များသည် ဒေသတွင်း အခြားဆွေးနွေးပွဲများ(Asean Regional Forum) အပေါ် အမေရိကန်၏ အဆက်မပြတ် တက်ကြွစွာ ကူညီမှုများကို ကြိုဆိုခဲ့ကြပြီး အဆိုပါ Forum သည် အလွန်အရေးကြီးသော ဒေသတွင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ဖြစ်ပါသည်။ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေး (Aomm-Plus) အပေါ် အမေရိကန်ပြည်ထောင်စု၏ စိတ်ဝင်စားမှုကို အာဆီယံက အသိအမှတ်ပြုခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် အတိုင်ပင်ခံ ဆွေးနွေးမည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ ရည်ရွယ်ချက်ကို ကြိုဆိုခဲ့ပါသည်။

(၁၀) အာဆီယံခေါင်းဆောင်များသည် အမေရိကန် သံတမန်များ၏ လတ်တလော မြန်မာခရီးစဉ်ကို ရည်ညွှန်းသည့် အနေဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည့် အမေရိကန်၏ မူဝါဒနှင့် ထိပ်ပိုင်းအဆင့် ဆွေးနွေးမှုကို ကြိုဆိုလိုက်ပါသည်။ ယခု ကြိုးပမ်းအားထုတ်မှုသည် အာဆီယံ၏ မျှော်လင့်ချက် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး အာဆီယံနှင့် အမေရိကန်၏ ကြိုးပမ်းမှုသည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်မည်ဖြစ်၍ ယင်းလုပ်ငန်းစဉ်သည် ရှေ့ဆက်မည့် အနာဂတ်ကို တိုးတက်ဖြစ်ထွန်းစေပါလိမ့်မည်။ မိမိတို့အလေးပေးဖော်ပြလိုသည်မှာ အမျိုးသား ပြန်လည်ပေါင်းစည်း နိုင်မှု၏ အရေးပါပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲများကို လွတ်လပ်စွာ၊ မျှတစွာ၊ အားလုံးပါဝင်နိုင်၍ ပွင့်လင်းမြင်သာမှုရှိရန် စသော နိုင်ငံတကာက လက်ခံနိုင်မည့် စည်းကမ်းများ နှင့် ကိုက်ညီအောင် ကျင်းပရမည်ဆိုသော အချက်ဖြစ်ပါသည်။ မြန်မာအစိုးရကို မိမိတို့ တိုက်တွန်းလိုသည်မှာ သိက္ခာရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေများ ဖန်တီးရာတွင် နိုင်ငံရေး လှုပ်ရှားသူအားလုံးနှင့် ဆွေးနွေးပွဲ ကျင်းပ၍ အားလုံးနှင့် အပြည့်အဝ သက်ဆိုင်သည့် လုပ်ငန်းစဉ်ကို စတင်ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ ကောင်းမွန်သော ဆောင်ရွက်ချက်များကို မိမိတို့ အဆက်မပြက် ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း ထပ်မံဖော်ပြလိုပါသည်။ ၂၀၀၉ ဇူလိုင်တွင် ဖူးခက်၌ ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ၄၂ ကြိမ်မြောက် အစည်းအဝေး ပူးတွဲထုတ်ပြန်ချက်ကိုလည်း မှတ်တမ်းတင်ထားပါသည်။

(၁၁) ၁၉၉၇ နှင့် ၂၀၀၈ အကျပ်အတည်များမှ ရရှိသော တန်ဖိုးကြီး သင်ခန်းစာများအရ ကမ္ဘာ့စီးပွားရေးကို အနာဂတ် အကျပ်အတည်းများမှ ကာကွယ်ရန် ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးအဆောက်အဦ ပြန်လည်ဖွဲ့စည်းမှုတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းခဲ့ကြပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် နာလံထူမှုကို အားပေး မြှင့်တင်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။

(၁၂) အာဆီယံ၏ ကြီးထွားလာသော စွမ်းဆောင်ရည်နှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စများအပေါ်တွင် ရပ်တည်မှု အနေအထားကိုလည်း ဆွေးနွေးခဲ့ပါသည်။ နိုင်ငံပေါင်းစုံ၏ ဆောင်ရွက်မှုများတွင် ပါဝင် လုပ်ဆောင်ရန် စွမ်းအား ပြည့်လာသော အာဆီယံ၏ အခန်းကဏ္ဍကို ဆက်လက် ထိမ်းသိမ်းရန် အမေရိကန်က အကူအညီပေးသွားမည် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးနှင့် စီးပွားရေး အကျပ်အတည်းများ၏ ဒေသအပေါ် သက်ရောက်မှုကို ဖြေရှင်းရာတွင် အာဆီယံ ဦးဆောင်သော ဒေသတွင်း ကြိုးပမ်းဆောင်ရွက်မှုများ၊ G-20 ဦးဆောင်သော ကမ္ဘာ့ဆောင်ရွက်ချက်များနှင့် ဒေသတွင်း ဆောင်ရွက်ချက်များကို နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို အမေရိကန် သမ္မတက အကူအညီပေးဦးမည် ဖြစ်ပါသည်။ ထို့အပြင် အားကောင်းသော၊ အဆက်မပြတ် ထိန်းသိမ်းနိုင်သော၊ ဟန်ချက်ညီသော ဖွံ့ ဖြိုးမှု ရရှိရန်အတွက် G 20 အဖွဲ့က ချမှတ်ထားသော စည်းမျဉ်းများကို အားပေး ထောက်ခံသည့် မူဝါဒများကို အကောင်အထည် ဖော်ရာတွင် မိမိတို့နှင့် သက်ဆိုင်သော အပိုင်းကို အာဆီယံခေါင်းဆောင်များက ဆောင်ရွက်သွားမည် ဖြစ်သည်။

(၁၃) အာဆီယံနှင့် အမေရိကန်၏ စီးပွားရေး ဆက်ဆံမှုများ ဆက်လက်ခိုင်မာ အားကောင်းနေခြင်းကို မှတ်တမ်းတင်နိုင်သည့်အတွက် အာဆီယံက ကျေနပ် အားရပါသည်။ နှစ်ပေါင်းများစွာအတွင်း အာဆီယံနှင့် အမေရိကန်ကြားတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အတန်အသင့် တိုးတက်ခဲ့ခြင်းကို ချီးကျူး ဂုဏ်ပြုပါသည်။ နှစ်ဖက် ကုန်စည် ကူးသန်း ရောင်းဝယ်မှုတန်ဖိုးမှာ ၂၀၀၈ တွင် ဒေါ်လာ ၁၇၈ ဘီလျံ ရှိခဲ့ပြီး အမေရိကန်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၁၅၃ ဘီလျံကို အာဆီယံက လက်ခံရရှိခဲ့ခြင်းသည် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု ပန်းတိုင်သည် အာရှဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်ပါသည်။ အာဆီယံ ကုန်သွယ်ရေး ဝန်ကြီးများနှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တို့ သဘောတူညီချက် မူကြမ်း (Asean-US TIFA) အောက်မှ ဆောင်ရွက်ချက် အသစ်များဖြင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဖက်ဖြစ်မှုကို ရှေ့ဆက် တိုးတက်လုပ်ဆောင် သွားရန် လိုအပ်သည်ဟု အလေးအနက် ဖော်ပြလိုပါသည်။ ကုန်သွယ်ရေးနှင့် အကောက်အခွန်ဆိုင်ရာ လုပ်ထုံး - လုပ်နည်းများ ချောမွေ့စေရေးကို ရှေးဦးစွာ ဦးစားပေး လုပ်ဆောင်ရန် သက်ဆိုင်ရာ အာဏာပိုင်များကို တာဝန် ပေးထားပါသည်။ အာဆီယံ - အမေရိကန် ကျယ်ပြန့်စွာ ဆွေးနွေးမှု၏ နောက်ထပ် အကြောင်းအရာသစ်တစ်ခုအဖြစ် စင်ကာပူတွင် ၂၀၀၉ နိုဝင်ဘာ ၁၂ ကျင်းပသော အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် အမေရိကန် ဘဏ္ဍရေးဝန်ကြီးတို့၏ အစည်းအဝေးကို ကြိုဆိုပါသည်။

(၁၄) အနာဂတ်စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အောင်မြင်မှုကို ဦးတည်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒ တိုးတက်ပျော့ပြောင်းမှု၏ အရေးပါပုံကို အသိအမှတ်ပြုကြပြီး ၂၀၀၉ APEC ထိပ်သီး အစည်းအဝေး ရလဒ်များကိုလည်း ကြိုဆိုခဲ့ပါသည်။ ၎င်းအပြင် အရေးကြီးသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒနယ်ပယ်အတွင်းရှိ အေပက် စီးပွားရေး အင်အားစုများကို ကြီးမားသော အင်အား တစ်ရပ်အဖြစ် စုစည်းရန် အားပေးခြင်းဖြင့် အာရှပစိဖိတ်ဒေသတွင်းရှိ စီးပွားရေးစုစည်းမှုကို လျင်မြန်စွာ ဆောင်ရွက်ရန် ကတိပေးထားမှုနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဒိုဟာ ညီလာခံမှ အောင်မြင်သော ဆုံးဖြတ်ချက်များ ထွက်ပေါ်လာရန် အရေးကြီးမှုကို ထပ်မံ အတည်ပြုခဲ့ကြပါသည်။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို တိုက်ဖျက်သွားမည့် G 20 ကြေညာချက်ကိုလည်း အားပေး ထောက်ခံပါသည်။

(၁၅) နိုင်ငံတကာ အကြမ်းဖက်ဝါဒ ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ - အမေရိကန် ပူးတွဲ ကြေညာစာတမ်းပါ လမ်းညွှန်ချက်များအရ နိုင်ငံတကာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။ ယခုရည်မှန်းချက်ကို ဦးတည်၍ လေ့လာ စိစစ် အကောင်အထည်ဖော် လှုပ်ရှားရန် သက်ဆိုင်ရာ အာဏာပိုင်များအား တောင်းဆိုထားပါသည်။

(၁၆) အခြား နိုင်ငံဖြတ်ကျော်မှုခင်းများကို တားဆီး တိုက်ဖျက်ရန် ကြိုးပမ်းမှုများကို အင်အား ဖြည့်တင်းသွားရန် သဘောတူခဲ့ကြပါသည်။ (မူးယစ်ဆေး တရားမဝင်ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ ပင်လယ်ဓားပြမှု၊ နိုင်ငံတကာ စီးပွားရေးနှင့် ဆိုက်ဘာရာဇဝတ်မှုများကို ဥပဒေ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူရန်)

(၁၇) ရာစုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ကို ရောက်ရှိရန် အာဆီယံ၏ ကြိုးပမ်းမှုအကူအညီဖြင့် အာဆီယံ - အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို စွမ်းအားမြှင့်ရန်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျော့ချရန်၊ ၂၀၁၅ အာဆီယံ လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက် ဒေသတွင်း ပေါင်းစည်းခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းများကို တိုးမြှင့် ဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။

(၁၈) မဲခေါင်မြစ် အောက်ပိုင်းဒေသ၏ ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နယ်ပယ်များတွင် အားပေး ပူးပေါင်း လုပ်ဆောင်သွားမည့် အမေရိကန်၏ ဆောင်ရွက်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ နောက်ဆက်တွဲ အစီအစဉ်အတွက် အသေးစိတ် ဆွေးနွေးရန် အမေရိကန်၏ ကတိပေးမှုကို ကြိုဆိုပါသည်။ အမေရိကန်နှင့် မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံများအကြား နှစ်ပတ်လည် ဝန်ကြီးအဆင့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အာဆီယံက ကူညီမည်ဖြစ်သည်။ အခြား ဒေသခွဲဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခြင်း အတွက်လည်း ကြိုဆိုပါသည်။

(၁၉) နျူကလီးယားနည်းပညာ မပြန့်ပွားရေးနှင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့် ပတ်သက်သော အာဆီယံ၏ ကတိကဝတ်ကို ထပ်မံ အတည်ပြုပါသည်။ အမေရိကန် - ရုရှား နျူကလီးယား လက်နက်များ လျော့ချရန် သဘောတူညီချက် (START စာချုပ်) အပါအဝင် နျူကလီးယား ကင်းစင်သော ကမ္ဘာကြီး ဖြစ်လာရေး၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ရှေ့ရှုသော အမေရိကန်သမ္မတ၏ ကြိုးပမ်း အားထုတ်မှုများကို အာဆီယံခေါင်းဆောင်များက ကြိုဆိုပါသည်။

(၂၀) အာဆီယံသည် အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုံ(SEANWEZ) ကို ထူထောင်၍ ကမ္ဘာ့နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး၊ ဒေသတွင်း နျူကလီးယားနည်းပညာ မပြန့်ပွားရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ဆောင်ရွက်သွားရန် မျှော်မှန်းထားပါသည်။ နျူကလီး ယား လက်နက်နိုင်ငံများ၊ အဖွဲ့များကို (SEANWFZ) သို့ ဝင်ရန် တိုက်တွန်း အားပေးမည်ဖြစ်ပြီး စာချုပ်ပါ စည်းမျဉ်းနှင့် ရည်မှန်းချက်များအရ တိုင်ပင် ဆွေးနွေးမည် ဖြစ်ပါသည်။ နျူကလီးယား လက်နက်နိုင်ငံအဖြစ်ကို စောစီးစွာ ပိုင်ဆိုင်ထားသော နိုင်ငံအနေဖြင့် အများနှင့် သက်ဆိုင်၍ အရေးကြီးသော ကိစ္စများကို ဖြေရှင်းမည့် ရှုမြင်သုံးသပ်ချက်ကို သိရှိလိုခြင်း ဖြစ်သည်။

(၂၁) နျူကလီးယား မပြန့်ပွားရေး၊ လက်နက်ဖြုတ်သိမ်းရေး၊ သေတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး စသော နိုင်ငံတကာအဖွဲ့အစည်းကို စိန်ခေါ်နေမှုများနှင့် ပတ်သက်၍ ညှိနှိုင်းတိုင်ပင်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများကို တိုးမြှင့်သွားမည်ဖြစ်သည်။ နျူကလီးယားလက်နက်များ ပြန့်ပွားခြင်းကို တား ဆီးရန် နျူကလီးယားလက်နက် ကင်းစင်သော ကမ္ဘာကြီးကို တည်ဆောက်ရန်၊ အဖျက်စွမ်းအားကြီးသော အခြားလက်နက်များ ပပျောက်ရန် ဦးတည် ဆောင်ရွက်သွားရန် သဘောတူခဲ့ပါသည်။

နျူကလီးယားပြန့်ပွားရေး စာချုပ်(NPT)သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေး၊ မပြန့်ပွားရေးနှင့် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းတို့အတွက် မရှိမဖြစ် အခြေခံအုတ်မြစ် ဖြစ်သည်ဟု ထပ်မံ အတည်ပြုခဲ့ကြပါသည်။ ၂၀၁၀ NPT Reviews Conference ကို သဘာပတိအဖြစ် လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံကို ကူညီ အားပေးရန် သဘောတူခဲ့ပါသည်။ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု တားမြစ်ရေးစာချုပ်ကို အားပေး ထောက်ခံကြောင်း အာဆီယံက ကြေညာခဲ့ပြီး အဆိုပါစာချုပ်ကို လက်မှတ် ရေးထိုးရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည့် အမေရိကန်ကိုလည်း ကြိုဆိုခဲ့ပါသည်။ အခြား နိုင်ငံများကိုလည်း လက်မှတ်ရေးထိုးရန် တိုက်တွန်းပါသည်။ အာဆီယံ ဒေသတွင်း နှီးနှောဖလှယ်ပွဲ (ARF)တွင် နျူကလီးယား မပြန့်ပွားရေး၊ လက်နက် ဖျက်သိမ်းရေးဆိုင်ရာ ကြားဖြတ် အစည်းအဝေး ကျင်းပနိုင်ခဲ့ခြင်းကို ကြိုဆိုလိုက်ပါသည်။

(၂၂) မြောက်ကိုရီးယား (DPRK) ကို ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန်နှင့် ၂၀၀၅ စက်တင်ဘာ ဆွေးနွေးပွဲတွင် ပူးတွဲထုတ်ပြန်ခဲ့သည့် ကတိကဝတ်များ (နျူကလီးယား လက်နက်နှင့် နျူကလီးယား အစီအစဉ်များကို စွန့်လွှတ်ရန်) ကို အပြည့်အဝ အကောင်အထည် ဖော်ရန် တိုက်တွန်းပါသည်။ နျူကလီးယား ဖျက်သိမ်းရေးနှင့် ဒုံးပျံ စမ်းသပ်မှုများနှင့် ပတ်သက်သော ကုလလုံခြုံရေး ကောင်စီ၏ ဖြေရှင်း ဆုံးဖြတ်ချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ရန် မြောက်ကိုရီးယားကို ထပ်မံ တိုက်တွန်းပါ သည်။

(၂၃) ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ (ကိုပင်ဟေဂင်) အောင်မြင်စွာ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို သေချာစွာ ဆောင်ရွက် လုပ်ကိုင်ရန် သဘောတူကြပါသည်။ သဘောတူခဲ့သော ရလဒ်များသည် ရာသီဥတုပြောင်းလဲခြင်းကို ဖြေရှင်း ဆောင်ရွက်ရာတွင် ရေရှည် ပူးပေါင်း ဆောင်ရွက်မှုများအဖြစ် ဖွဲ့စည်း ပါဝင်ရမည် ဖြစ်သည်။ ဒေသတွင်း ရာသီဥတုပြောင်းလဲမှု၏ ပြင်းထန်သော ဆိုးကျိုးများ တိုးပွားလာခြင်းကို အလိုက်သင့် လက်ခံနေခြင်းသည် အန္တရာယ်ကြီးကြောင်း သတ်မှတ်ခဲ့ကြသည်။ မူဝါဒ အကောင်အထည်ဖော်မှု၊ အရေးယူ လုပ်ဆောင်မှုနှင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နေမှုကို စွမ်းအားမြှင့်ရန် သဘောတူခဲ့ကြပါသည်။

(၂၄) အဆက်မပြတ် ကြီးထွားနေသော စီးပွားရေးကဏ္ဍအတွက် အမျိုးအစား စုံလင်သော၊ သင့်တော် သော၊ အကုန်အကျသက်သာသော၊ သန့်ရှင်းသော စွမ်းအင်ရရှိရေးသည် အလွန် အကျပ်ရိုက်နေကြောင်း အလေးအနက် ပြောကြားလိုပြီး သန့်ရှင်းသော စွမ်းအင်နည်းပညာနှင့် လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းသည် မိမိတို့၏ စွမ်းအင် ထောက်ပံ့မှု ရင်းမြစ်များကို အမျိုးအစား စုံလင်စေပြီး စွမ်းအင်ဆိုင်ရာ လုံခြုံမှုကို ပိုမို အားကောင်းစေပါသည်။ ဇီဝလောင်စာ၊ ရေအားလျှပ်စစ် စသော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် စွမ်းအင်လုံခြုံမှု၊ သန့်ရှင်းသော စွမ်းအင် ရှာဖွေမှုကို အဆင့်မြှင့်ရန် ၂၀၁၀ တွင် အာဆီယံ စွမ်းအင်ဝန်ကြီးများနှင့် အမေရိကန် စွမ်းအင်ဝန်ကြီး တို့တွေ့ဆုံရန် အမေရိကက အဆိုပြုထားပါသည်။ သန့်ရှင်းသော စွမ်းအင်(Clean energy) ဖွံ့ဖြိုးရေး တွင် မူဝါဒဆိုင်ရာ အကြံပေးရန် လူထု၊ ပုဂ္ဂလိက အဖွဲ့များ ဖွဲ့စည်းခြင်းကို လေ့လာသွားရန် သဘောတူခဲ့ပါသည်။

(၂၅) စားနပ်ရိက္ခာ လုံခြုံရေး ကိစ္စတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ စွမ်းအားမြှင့်ရန် သဘောတူခဲ့ ပါသည်။ အာဆီယံ အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍနှင့်ဆိုင်သော ရင်းနှီးမြှုပ်နှံမှု၊ လူ့စွမ်းအားတည်ဆောက်မှု၊ အတွေ့အကြုံမျှဝေမှု၊ လေ့ကျင့်ပျိုးထောင်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေး အပါအဝင်၊ အခြေခံအဆောက်အဦများ ပြည့်စုံမှု စသော ကိစ္စရပ်များတွင် အားပေးကူညီသွားပါမည်။

(၂၆) အာဆီယံက ထပ်မံ သဘောတူခဲ့သော အချက်မှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားရန် ARF Voluntary Demonstration of Response on Disaster Relied (ARE - VDR) ကို ဖွဲ့စည်းတည်ဆောက်ခြင်း ဖြစ်သည်။ ဒေသတွင်း သဘာဝ ဘေးအန္တရယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် လက်ရှိ ပါဝင်ဆောင်ရွက်နေသော အမေရိကန်အား အသိအမှတ်ပြုကြောင်း အာဆီယံခေါင်းဆောင်များက ဖော်ပြခဲ့ပါသည်။ သဘာဝကပ်ဘေး စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုန့်ပြန်ဆောင်ရွက်မှုဆိုင်ရာ လူ့စွမ်းအား မြှင့်တင်ရေးလုပ်ငန်းကို အာဆီယံက လုပ်ဆောင်လျက် ရှိရာတွင် အမေရိကန်က အကူအညီပေးမည် ဖြစ်သည်။ သဘာဝကပ်ဘေး စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုန့်ပြန်ဆောင်ရွက်မှုဆိုင်ရာ အာဆီယံ သဘောတူညီချက် (AADMER) ကို အကူအညီပေးမည့် အမေရိကန်ကို အာဆီယံ ခေါင်းဆောင်များက ကြိုဆိုခဲ့ကြပြီး ၎င်းအစီအစဉ်တွင် အာဆီယံ၏ ဘေးအန္တရာယ်ပေါင်းစုံ စောစီးစွာ သတိပေးစနစ် ထူထောင်ရန် အကူအညီပေးမည် ဖြစ်သည်။

(၂၇) A(H1N1) တုပ်ကွေး ရောဂါ၏ ခြိမ်းခြောက်လာမှုကို ဖြေရှင်း ဆောင်ရွက်ရန် ၂၀၀၉ မေလက အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် အမေရိကန် ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနတို့၏ ပူးတွဲဆောင်ရွက်မှုကို ကြိုဆိုပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဖြစ်ပွားသော အနာဂတ်ရောဂါ ကူးစက်မှုများကို နှိမ်နင်းရန် ကဏ္ဍပေါင်းစုံ ကြိုတင်ပြင်ဆင်မှုနှင့် တုန့်ပြန်ဆောင်ရွက် လှုပ်ရှားမှုများ စွမ်းအားပြည့်နေရန် လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ဗိုင်းရပ်ပိုးသတ် ဆေးဝါးနှင့် အခြားလိုအပ်သော ဆေးများ သိုလှောင်ထားခြင်း၊ ဆေးပစ္စည်း ကိရိယာများ သိုလှောင်ထား ခြင်းဖြင့် A(H1H1) အပါအဝင် အခြား ကူးစက်ရောဂါများကို တားဆီးထိန်းချုပ်ရန် ယုံကြည်စိတ်ချရသော တာဝန်ရှိ ပုဂ္ဂိုလ်များကို ဆွေးနွေး တိုင်ပင် မေးမြန်းခဲ့ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရန် ဖြစ်နိုင်ချေ ရှိ မရှိကို လေ့လာရန် သဘောတူခဲ့ပါသည်။

(၂၈) ခေါင်းဆောင်များ၏ အစည်းအဝေးကို ဂုဏ်ပြုပြီးနောက် အာဆီယံ - အမေရိကန် မိတ်ဆွေဖြစ် ဆွေးနွေးပွဲ၏ စွမ်းဆောင်ချက်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းသွားရန် ရှုမြင်ခဲ့ကြပြီး နှစ်ဖက်စလုံးမှ အမြင့်ဆုံးအဆင့် ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားရေးသည် အရေးကြီးကြောင်း အလေးပေး ဖော်ပြခဲ့ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment