Transparency Myanmar

transparency.myanmar@gmail.com

BBC Sports ,28 - Nov - 2009

        ကမ္ဘာ့နံပါတ်တစ် ဂေါက်သီး အားကစားသမား တိုက်ဂါးဝုဒ်သည် ဖလော်ရီဒါပြည်နယ်တွင် ဖြစ်ပွားသော မတော်တဆ ယာဉ်တိုက်မှု၌ ထိခိုက် ဒဏ်ရာရခဲ့သည်ဟု ၎င်း၏ရုံးက အတည်ပြု ပြောဆိုပါသည်။

          ပြင်းထန်စွာ ဒဏ်ရာရကြောင်း ကနဦးသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်း၏ အေးဂျင့် မတ်ခ်စတိန်းဘတ်က အမေရိကန် ရုပ်သံဌာန CNBC သို့ ပြောကြားခဲ့ရာတွင် Woods ၏ အခြေအနေ ကောင်းမွန်နေသည်ဟု ဆိုပါသည်။

          ဒေသခံ မြို့တော်ဝန်၏ အဆိုအရ Woods သည် မျက်နှာ စုတ်ပြဲသွားခြင်းကို ကုသမှု ခံယူနေသည်ဟု သိရပါသည်။

          Woods ၏ ကားသည် ဒေသစံတော်ချိန် ( ၂း ၂၅) ၌ အိမ်အပြန် လမ်းပေါ်မှ ဘေးသို့ ချော် သွားခဲ့ပြီး၊ မီးသတ်ပိုက်ခေါင်းနှင့် သစ်ပင်အား ဆင့်ကဲ တိုက်မိခဲ့ခြင်း ဖြစ်ပါသည်။

          ယခု သတင်းကို ကနဦး ထုတ်ပြန်သူမှာ Orlando Sentinel သတင်းစာ ဖြစ်ပြီး၊ ဖလောရီဒါ အဝေးပြေးလမ်းမ လှည့်ကင်း ရဲတပ်ဖွဲ့မှ သတင်း ရရှိခဲ့ခြင်း ဖြစ်သည်။

          အဆိုပါ သတင်းတွင် Woods သည် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဖေါ်ပြထားပါသည်။

          ယာဉ်တိုက်မှုတွင် မျက်မြင်ဖြစ်သော အရာရှိများက ပြင်းထန်စွာ ဒဏ်ရာရကြောင်းနှင့် သာမန် ရှေးဦးပြုစု ကုသမှုနှင့် မလုံလောက်ခဲ့ဟု အစီရင်ခံစာ ရေးသားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီး ကင်မွန်တီးစ် က ပြောကြားပါသည်။

          ယခု ယာဉ်မတော်တဆမှုသည် အရက်သောက်ထားခြင်းကြောင့် မဟုတ်ဟု အခြား တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားပါသည်။

          ယာဉ်တိုက်မှု ဖြစ်စဉ်အတွင်း အကာအကွယ်ပေး လေအိတ်များ ထွက်လာခြင်း မရှိကြောင်း၊ ယာဉ်တိုက်မှု အရှိန်နှေးသောကြောင့် ဖြစ်မည်ဟု ယူဆရကြောင်း သတင်းများတွင် ဖေါ်ပြထားပါသည်။

          အော်လန်ဒို အနီးရှိ သီးသန့် နယ်မြေတစ်ခု ဖြစ်သည့် အစ်ဇလီဝပ်သ် ရပ်ကွက် အစွန်တွင် Woods ပိုင်ဆိုင်သော ခြံရှိသည်ဟု သိရပါသည်။

တုန်လှုပ်သွားကြခြင်း

          ယာဉ်မတော်တဆမှု သတင်းကြောင့် ဂေါက်သီး လောကတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်ဟု BBC ဂေါက်သီး သတင်းထောက် အိုင်ယန်ကာတာက ပြောကြားပါသည်။

          လက်ရှိ ကမ္ဘာ့နံပါတ်တစ် Woods သည် အဓိက ချန်ပီယံဆု (၁၄) ဆုတိတိ ဆွတ်ခူး ထားပါသည်။

          ၂၀၀၈ ခုနှစ် US Open တွင် နောက်ဆုံး ဗိုလ်စွဲခဲ့ပြီးနောက် ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူနေသောကြောင့် အတန်ကြာ ပျောက်ကွယ်နေခဲ့ပါသည်။ ၎င်းနောက် အမေရိကန် ကြေးစား ဂေါက်သီးလောကသို့ အောင်မြင်စွာ ပြန်လည် ခြေချခဲ့ပါသည်။

          Woods သည် ကိုယ်ရေးကိုယ်တာ လွတ်လပ် လုံခြုံမှုရှိရန် အလွန် ဆန္ဒပြင်းပြသူ တစ်ဦးဖြစ်ပြီး ၎င်း၏ အားကစားနှင့် ပတ်သက်သော ကိစ္စများကိုသာ လူသိရှင်ကြား ပြောဆိုလိုသူ ဖြစ်သည်ဟု သတင်းထောက်များက ဖြည့်စွက် ပြောကြားပါသည်။

          ၁၉၉၇ ခုနှစ်၌ ၎င်း၏ အသက် (၂၁) နှစ်တွင် ပထမဆုံး ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် နိုင်ငံတကာ အားကစားလောကတွင် စံနမူနာပြ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment