Transparency Myanmar

transparency.myanmar@gmail.com

From AFP, 27 - Nov - 2009

        တောင်ကိုရီးယား ဝန်ကြီးချုပ် Lee Myung - Bak က နျူကလီးယားကိစ္စ ဖြေရှင်းရေးနှင့် ပတ်သက်၍ အထောက်အကူ ဖြစ်မည်ဆိုလျှင် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် မည်သို့သော တွေ့ဆုံမှုမျိုးကို မဆို အဆင်သင့်ရှိကြောင်း ပြောကြားလိုက်ပါသည်။

          တွေ့ဆုံ ဆွေးနွေးမှုကို Seoul တွင် ပြုလုပ်ရမည်ဟု မတောင်းဆိုလိုကြောင်း၊ အခြားနေရာတွင် ဖြစ်ပါကလည်း ကိစ္စမရှိပါကြောင်း Lee Myung - Bak က မြို့တော်ခန်းမ ဆွေးနွေးပွဲတွင် ရုပ်မြင်သံကြား ရိုက်ကူးစဉ်က ပြောကြားခဲ့ပါသည်။

          နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲနှင့် ပတ်သက်၍ တွန်းအားပေးရန် လတ်တလော အစီအစဉ် မရှိကြောင်း ၎င်းက ပြောပါသည်။

          မြောက်ကိုရီးယား မူဝါဒနှင့် ပတ်သက်၍ အမေရိကန် အထူးကိုယ်စားလှယ် Stephen Bosworth သည် ဒီဇင်ဘာလ (၈) ရက်နေ့တွင် မြောက်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ရာ မြောက်ကိုရီးယားကို ခြောက်နိုင်ငံ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အစည်းအဝေးသို့ ပြန်လာရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း Lee က ပြောပါသည်။

          မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ဧပြီလက ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ထွက်ခွာသွားခဲ့ပြီး၊ မေလတွင် ဒုတိယအကြိမ် နျူကလီးယား လက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့ပါသည်။

          မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong - IL က ပြီးခဲ့သည့်လက ပြောကြားရာတွင် ၎င်းအနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် အဆင်သင့်ရှိကြောင်း၊ သို့သော် အမေရိကန်နှင့် နှစ်နိုင်ငံ ဆွေးနွေးမှု စိတ်တိုင်းကျမှသာ ပြန်လာမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။

          မြောက်နှင့် တောင် နှစ်နိုင်ငံကြား ထိပ်သီး ဆွေးနွေးပွဲသည် ပွင့်လင်း၍ မြင်သာထင်သာရှိရန် လိုအပ်ကြောင်း Lee က ပြောပါသည်။

          ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကိစ္စသည် အရေးကြီးသည့် ကိစ္စဖြစ်သည့် အလျောက်၊ မိမိအနေဖြင့် Kim Jong - IL နှင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မိမိတို့ ရည်မှန်းချက် အောင်မြင်ရေးအတွက် တွေ့ဆုံရန် စီစဉ်နိုင်ကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ် Lee က ပြောပါသည်။

          တောင်နှင့် မြောက် နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ၂၀၀၀ ခုနှစ် နှင့် ၂၀၀၇ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး၊ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ကိစ္စများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို သဘောတူခဲ့ကြပါသည်။

          Lee သည် တောင်ကိုရီးယား ဝန်ကြီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ မှစ၍ တာဝန်ယူစဉ် ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး အဆင်မပြေခဲ့သော်လည်း ပြီးခဲ့သော သြဂုတ်လက ပြုံယမ်းသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လေသံမာ လာခဲ့ပါသည်။ မြောက်ကိုရီးယား နျူကလီးယား လက်နက် ဖျက်သီးရေးနှင့် ပတ်သက်၍ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို ချိတ်ဆက် နိုင်ခဲ့ပါသည်။

          နှစ်နိုင်ငံ ဆက်ဆံရေးသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၀) ရက်နေ့က Yellow Sea နယ်စပ်တလျောက် ရေတပ်ချင်း ပစ်ခတ်မှု ဖြစ်ပြီး ပြန်လည် တင်းမာလာခဲ့ပါသည်။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment