Transparency Myanmar

transparency.myanmar@gmail.com

www.business24-7.ae,13 Dec 2009

          လာမည့်နှစ်တွင် ကျင်းပမည့် ရှားရှားပါးပါး ရွေးကောက်ပွဲများအတွက် မြန်မာနိုင်ငံ၌ ကြိုတင် ပြင်ဆင်နေချိန်တွင် ဖြစ်နိုင်ချေ ရှိသော အောင်မြင်မှုနှင့် တိုင်းပြည်၏ အရွယ်လွန် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနာဂတ်တို့ အပေါ်တွင် အာရုံစူးစိုက် ရောက်ရှိ နေကြသည် ဟု ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူများက ပြောဆိုပါသည်။

          သူတစ်ပါးကို ရှောင်ပုန်းလေ့ ရှိသော၊ သူတပါးကို မယုံကြည်တတ်သော ဗေဒင်ယတြာကို အလွန်အကျွံ ယုံကြည် ကိုးကွယ်သော အသက် ၇၆ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးသည် ၁၉၉၂ မှစ၍ တိုင်းပြည်ကို မြဲမြံစွာ ချုပ်ကိုင် အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ၎င်း၏ နေဝင်ချိန်သို့ ရောက်နေပြီဟု ဝေဖန် ဆန်းစစ်သူများက ပြောကြားပါသည်။

          မြောက်မြားစွာ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့သော ၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ခြေခံ ဥပဒေသစ်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော တပ်မတော်အစိုးရ SPDC သည် ရွေးကောက်ပွဲများ အပြီးတွင် အစိုးရအဖွဲ့သစ်သို့ အာဏာ လွှဲပြောင်းပေးရမည် ဖြစ်သည်။

          ဗိုလ်ချုပ်မှူးကြီးသည် ၎င်း၏ အာဏာကို ဆက်လက် ထိန်းသိမ်းရေးအတွက် အခြေခံ ဥပဒေက ဖော်ဆောင်ပေးမည့် နာယက ခေါင်းဆောင် ရာထူးသစ်တစ်ခုကို ရယူဖွယ် ရှိသည်ဟု ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူတစ်ဦးက ပြောပါသည်။

          သို့ရာတွင် ၎င်း၏ ပါဝါကို တင်ရန် အပတ်တကုတ် ကြိုးစားပြီးချိန်တွင် အစိုးရအဖွဲ့အတွင်း မကျေမနပ် ဖြစ်မှုများကို ရင်ဆိုင်ရပါလိမ့်မည်။ နောက်ဆုံး အကုန်လုံး ရှင်းလင်းပြီးချိန်တွင် ၎င်း၏ အနာဂတ် လုံခြုံမှုကို သေချာစေရန် ပြုလုပ်လိမ့်မည်ဟု Forum for Democracy in Burma မှ အထွေထွေ အတွင်းရေးမှူး နိုင်အောင်က ပြောကြားပါသည်။

          ဗိုလ်ချုပ်မှူးကြီးသည် အထီးကျန် သီးသန့် နေတတ်သူ ဖြစ်ပြီး ၎င်းတွင် အတွင်းစည်း အသိုင်းအဝိုင်း တစ်ခုသာ ရှိသည်ဟုလည်း နိုင်အောင်က ဖြည့်စွက် ပြောဆိုပါသည်။

          ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မှ နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သည့် အောင်နိုင်ဦးကမူ "သူ နိုင်ငံရေးအာဏာကို ဘယ်လိုပုံစံနဲ့ စွန့်ခွာမလဲ ဆိုတာကို စောင့်ကြည့်ရတာ စိတ်ဝင်စားစရာပါပဲ၊ အကြောင်းကတော့ နည်းမှန် လမ်းမှန်နဲ့ စွန့်လွှတ်နိုင်မှာ မဟုတ်လို့ပါ"ဟု မှန်းဆပါသည်။ တကယ်လို့ အရင် ရာထူးကို ဆက်ယူထားမယ်ဆိုရင် တကယ် စွန့်လွှတ်တာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ တကယ်လို့များ ရာထူး ဆက်မယူဘူးဆိုရင် အချိန်အတိုင်းအတာ တစ်ခုအထိတော့ သူ့ရဲ့ အနီးကပ် လက်ထောက်တွေက ကာကွယ် စောင့်ရှောက်ပေးတာ ခံရမှာပါဟု ၎င်းက ဆိုပါသည်။

          မြန်မာနိုင်ငံတွင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းစဉ်ကပင် ခေါင်းဆောင်များစွာတို့၏ အနာဂတ် ကံကြမ္မာများကို ဗိုလ်ချုပ်မှူးကြီးက တွေ့ရှိ သဘောပေါက် နားလည်ခဲ့ပြီး ဖြစ်ပါသည်။

          ၁၉၆၂ မှ ၁၉၈၈ ထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ယခင် အာဏာရှင်ဟောင်း ဦးနေဝင်းမှာ နေအိမ်တွင် အကျယ်ချုပ် ကျခံနေရစဉ် ၂၀၀၂ တွင် ကွယ်လွန်ခဲ့ပြီး နိုင်ငံတော်ဈာပနအဖြစ် သဂြိုလ်ခြင်း မခံရသလို ၎င်းကွယ်လွန်ချိန်တွင် မိသားစုဝင်များမှာလည်း ထောင်ဒဏ် ကျခံနေရ ပါသည်။ နိုင်ငံပိုင် သတင်းဌာနများကလည်း နာရေးသတင်းကို သာမန်မျှသာ ဖော်ပြကြပါသည်။

          ထောက်လှမ်းရေး အဖွဲ့အစည်းအတွင်း ၎င်းမလိုလားသူများကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဦးဆောင် ဖယ်ရှားခဲ့ပြီး ထောက်လှမ်းရေး အကြီးအကဲ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ၂၀၀၄ တွင် နေအိမ် အကျယ်ချုပ်အဖြစ် ထောင်ဒဏ် ၄၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါသည်။

          "သူကတော့ အငြိမ်းစား ယူလိုပုံ မရပါ။ သို့သော် အခြေခံဥပဒေအရ သူလုပ်ရမှာပါ။ သူ့ရဲ့သားလို ယုံကြည်ရသူတစ်ယောက်ကို နေရာပေးပါလိမ့်မယ်"ဟု ပြောကြားသူမှာ ဒီမိုကရေစီ လှုပ်ရှားသူ ချင်းမိုင် တက္ကသိုလ်မှ ပညာရှင် ဝင်းမင်း ဖြစ်ပါသည်။

          ဝင်းမင်းက ဆက်လက် ပြောဆိုရာတွင် ဗိုလ်ချုပ်မှူးကြီးသည် အာဏာကို ဆက်လက် ထိန်းချုပ် ထားသည်ဆိုပါက အထက်အောက် ရာထူးအဆင့်ဆင့် တက်လမ်း မှေးမှိန်နေသည့် တပ်မတော်အတွင်း ခေါင်းဆောင်သစ်များ ထွက်ပေါ်လာရန် မမျှော်မှန်းနိုင်သေးပါဟု ဆိုပါသည်။

          မည်သို့မျှ မှန်းဆ၍ မရခြင်းသည် သူ၏ မဟာဗျူဟာ ဖြစ်သည် သူ ဘာဆက်လုပ်မလဲဆိုတာ မည်သူမှ မသိနိုင်ပါ။ သူသည် ထူးထူးဆန်းဆန်း ထိန်းချုပ်တတ်သူတစ်ဦး ဖြစ်ပါသည်ဟု ၎င်းက ပြောပါသည်။

          ဗိုလ်ချုပ်မှူးကြီးသည် ၎င်း၏ ကြီးကျယ် ခမ်းနားသော အိပ်မက်များ ပြည့်ဝစေခြင်းငှာ တမင် တည်ဆောက်ခဲ့သော နေပြည်တော် မြို့တော်သစ်သို့ ရန်ကုန်မှ ၂၀၀၅ ခုနှစ်တွင် ရုတ်တရက် ပြောင်းရွှေ့ခဲ့ပါ သည်။ ထိုနည်းတူပင် ၎င်း၏ အုပ်စိုးမှုကို ခြိမ်းခြောက်သည်ဟု ယူဆသော အရာမှန်သမျှကို ၎င်းကိုယ်တိုင် ကာကွယ်သွားမည်သာ ဖြစ်သည်။

          လာမည့် ရွေးကောက်ပွဲများသည်လည်း တပ်မတော် အစိုးရကို ဦးစားပေးရန် ရည်ရွယ် ပြုလုပ်ခြင်းသာ ဖြစ်သည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီးချိန်မှ စ၍ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားသည့် အချိန်မျိုးတွင် အခြေခံဥပဒေက လွှတ်တော် ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို တပ်မတော်အတွက် နေရာပေးထားပါသည်။

          အချို့ ဝေဖန် ဆန်းစစ်သူများက "စစ်တပ်တွင် ကျန်နေခဲ့သော မျက်နှာသစ်အချို့နှင့် ဗိုလ်ချုပ်မှူးကြီး ဆက်ဆံရလိမ့်မည်" ဟု ပြောကြားပါသည်။

          ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အခြေခံဥပဒေသစ်အရ ခေါင်းဆောင်သစ် တစ်ယောက်တော့ ပေါ်ပေါက်လာမည်ဟု အောင်နိုင်ဦးက ဆိုပါသည်။ မည်သူမျှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလောက်တော့ မဆိုးနိုင်ပါ ဟု ယူဆပါသည်။ အုပ်ချုပ်ရေး စနစ်သစ်ကလည်း တံခါးကို နည်းနည်းတော့ ဟပေးလိမ့်မည်ဟု ၎င်းက ပြောကြားပါသည်။

          ရွေးချယ် တင်မြောက်ခြင်းဆိုင်ရာ တရားဝင် အခွင့်အာဏာကို အသုံးပြုရန် စိတ်ဝင်စားသူ တပ်မတော် အရာရှိသစ်များနှင့် ဗိုလ်ချုပ်မှူးကြီး၏ အသိုင်းအဝိုင်းကြားတွင် ရှုပ်ထွေးသော အာဏာလွန်ဆွဲပွဲ ဖြစ်လာနိုင်သည်ဟု လေ့လာသူများက ပြောပါသည်။

          သို့ရာတွင် ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ် ကံကြမ္မာမှာ ၎င်း၏ လက်တွင်း၌သာ အများစု ရှိနေဆဲ ဖြစ်ပါသည်။

          ရှမ်းသံတော်ဆင့် သတင်းစာမှ ပြည်ပရောက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ဆိုင်း ဂျာဂင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကန့်လန့်ကာ နောက်ကွယ်မှ နေ၍ အရာရာကို ညွှန်ကြားလိမ့်မည်ဟု မှတ်ချက်ပေးပါ သည်။

          အပြောင်းအလဲတွေက သမားရိုးကျအတိုင်း ပေါ်လာမှာ မဟုတ်ပါ။ ဘွတ်ရှ်အပြီး အိုဘားမားကဲ့သို့ ပြောင်းလဲရန် ပြည်သူများက အလျင်စလို ဖြစ်နေခြင်း မရှိပါဟု ၎င်းက ဟာသနှော၍ ပြောပါသည်။

          ကနဦးမှာတော့ လက်ရှိ စင်ပေါ်က ဗိုလ်ချုပ်မှူးကြီးက သတိထားနေဦးမှာပါ။ သူ့ကိုယ်သူ သေချာပြီလို့ ယူဆတဲ့အထိ နည်းနည်းလေးပဲ ပြောင်းဖို့ ကြိုးစားမှာပါ။ အဲဒီနောက်မှာတော့ တကယ့် ပွဲကြီးပွဲကောင်းတွေ ပေါ်လာမှာပါဟု ၎င်းက သုံးသပ် ဆွေးနွေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment