Transparency Myanmar

transparency.myanmar@gmail.com

နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်ဆီး ထိန်းသိမ်းခံထားရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ စီနီယာ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုတော့မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

ရဲချုပ် ခင်ရီသည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဌ ဦးအောင်ရွှေ၏ နေအိမ်သို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ ထိပ်ပိုင်း အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုကော်မတီဝင် ဦးလွန်းတင်တို့ ပါဝင်မည် ဖြစ်သည်။ သို့သော် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည့် နေ့ရက်နှင့် အချိန် အတိအကျကို မသိရှိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လတွင် နေအိမ် အကျယ်ချုပ် ၁၈ လ ထပ်မံ ကျခံရန် ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ ထို့ပြင် နေအိမ် အကျယ်ချုပ် ကာလအတွင်း ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရန် သော်လည်းကောင်း၊ နေအိမ် အကျဉ်းထောင်မှ ပြင်ပသို့ ထွက်ရန် လည်းကောင်း အခွင့်အရေး အနည်းအကျဉ်းသာ ရရှိခဲ့သည်။

မြန်မာစစ်အစိုးရ မီဒီယာများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ အဖွဲ့ဝင်များနှင့် သီးခြားစီ တွေ့ဆုံမည့် အစီအစဉ်များကို ပယ်ချခဲ့သည်။ အကြောင်းမှာ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးမှာ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိမည် မဟုတ်သောကြောင့် ဟု ဆိုသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ ဆွေးနွေးမှုများ ပေးခဲ့သည်။

ဦးခင်မောင်ဆွေက အဆိုပါ ယခု ပြုလုပ်ခွင့်ပေးမည့် တွေ့ဆုံ ဆွေးနွေးပွဲသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ဒေါ်အောင်ဆန်းစုကြည် က ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရေးရန် စာဖြင့် ရေးသား တောင်းဆိုခဲ့မှု၏ အကျိုးဆက် ဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးအတွက် မြန်မာအစိုးရ အပါအဝင် သူမ၏ ပါတီအဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်လိုပါသည် ဟု စာရေးသားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တိုက်ရိုက် တွေ့ဆုံခွင့် ပြုရန် တောင်းဆိုခဲ့သည်။

"ပိတ်ဆို့ အရေးယူမှု ဖယ်ရှားရေးအတွက် ပထမအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယအဆင့်ကတော့ အဆိုပြု တောင်းဆိုထားတဲ့ အတိုင်း ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရမယ် ဆိုတာပါ" ဟု ဦးခင်မောင်ရွှေက ပြောကြားသည်။

"နောက်ဆုံးအဆင့်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခွင့် ရလာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ရတာပဲ။" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

ဤအတောအတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် သူမနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ပြုရန် ရှေ့နေများက စစ်အစိုးရထံသို့ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။

"ဘယ်နေ့၊ ဘယ်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံခွင့် ရခဲ့တုန်းက အယူခံကိစ္စမှာ ပြင်ဆင် ဖြည့်စွက်ဖို့ လိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ကို ပြောခဲ့တယ်။ အခု ကျွန်တော်တို့ သူမ ပြောတဲ့အတိုင်း ပြင်ဆင်ပြီးပါပြီ။ အဲဒါတွေကို သူမကို ပြပြီး သဘောတူညီချက် ယူဖို့ပဲ ရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် အမှုအတွက် အယူခံကို ကာကွယ် ပြောဆိုရမည့်နေ့ ဖြစ်ရာ ထိုနေ့မတိုင်မီ သူမနှင့် တွေ့ဆုံ ဆွေးနွေးလိုပါ ကြောင်း ၎င်းက ဆိုသည်။

DVB သတင်းဌာန ၏ Suu Kyi to meet with party colleagues ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment