Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အရေးကိစ္စကို ဖြေရှင်းရာတွင် ရလဒ်ကောင်းများ ထုတ်ဖော် နိုင်လိမ့်မည်ဟု အပြုသဘော ဆောင်သော အမြင်ရှိပါကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့(အာဆီယံ) သံတမန်များက တူညီစွာ ပြောဆို လိုက်သည်။

"ဒီကိစ္စဟာ အချိန်နဲ့ ပတ်သက်တဲ့ ပြဿနာ တစ်ခုမျှပါပဲ" ဟု အာဆီယံ ချာတာ ရေးဆွဲရေး ဆိုင်ရာ အတိုင်ပင်ခံ ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ Tun Musa Hitam က ဒုတိယ အကြိမ်မြောက် Asean Secretariat Policy Forum ၌ ပြောကြားသည်။ မြန်မာ ကိုယ်စားလှယ်များသည် မိမိတို့ အဖွဲ့တွင် တက်ကြွစွာ အလုပ် လုပ်ကိုင်လျက် ရှိကြောင်း၊ ကျင်းပမြဲ ဖြစ်သော ဆွေးနွေးပွဲ များသို့လည်း ပါဝင် ဆွေးနွေးမည့် ကိုယ်စားလှယ်များ စေလွှတ်လေ့ ရှိကြောင်း၊ ယင်း ကိုယ်စားလှယ်များသည် အလွန် အပြုသဘော ဆောင်သော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

အာဆီယံ ချာတာ ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် ပညာရှင်များအဖွဲ့၏ သံအမတ်ကြီး Rosario G Manalo က အာဆီယံတွင် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်သည့် မူဝါဒ ရှိသော်လည်း အာဆီယံသည် မည်သည့် အရေးကိစ္စမျှ  လုပ်ကိုင် ပေးခြင်း မရှိ ဟူသော သဘောမျိုး မဟုတ်ပါကြောင်း ပြောဆိုသည်။

"ကျွန်တော်တို့ အဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာနိုင်ငံနဲ့ စိတ်ပါလက်ပါ ဆွေးနွေးမှု ပြုလုပ်ကြပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ဆွေးနွေးသွားဖို့လည်း ကမ်းလှမ်းထားပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ့ အရေးကိစ္စသည် အာဆီယံအဖွဲ့တွင် ရှိသော လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်အဖွဲ့၏ ပထမ ဦးစားပေး ဖြစ်ကြောင်း မစ္စတာ Manalo က ဖြည့်စွက် ပြောပါသည်။

သို့သော် အာဆီယံအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအား ဒီမိုကရေစီအကြောင်း သင်ကြား ပေးသွားမည် မဟုတ်ပါကြောင်း Tun Musa Hitam က ဆိုသည်။

"မြန်မာနိုင်ငံကို ဒီမိုကရေစီ အရေးကိစ္စအတွက် သင်ကြားပေးမှာ မဟုတ်သလို အကူအညီနဲ့ သင်တန်းတွေ ဖွင့်နိုင်အောင်လည်း အထောက်အပံ့ ပေးသွားမှာ မဟုတ်ပါဘူး" ဟု Tun Musa Hitam က ပြောသည်။

ဒီမိုကရေစီ အရေးနှင့် ဆက်စပ်သော ဖွံ့ဖြိုး တိုးတက်မှုများ မြန်မာနိုင်ငံတွင်း ထွက်ပေါ်လာမည်ဟု အာဆီယံက မျှော်လင့်မထားပါကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

"ဒီမိုကရေစီ တိုးတက်မှုနဲ့ ပတ်သက်တဲ့ သတင်း ပေးပို့ချက်တွေအရ ထူးခြားတဲ့ ကိစ္စတွေ ထွက်လာတာတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ အနည်းငယ်တော့ တိုးတက်တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အနည်းငယ်ဟာ တိုးတက်မှု တစ်ခုလို့ ပြောလို့ ရနေပါသေးတယ်" ဟု ဆိုသည်။

အာဆီယံ အဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာဆီယံ ချာတာ တစ်နှစ်ပြည့် အခမ်းအနားနှင့် ဒုတိယ အကြိမ်မြောက် ASEAN Secretariat Policy ဖိုရမ် ကို  "တစ်နှစ်ပြည့် အာဆီယံချာတာ" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သည်။

Xinhua သတင်းဌာန၏ ASEAN envoys optimistic on solution over Myanmar democracy problem ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment