မြန်မာစစ်တပ်၏ ရက်စက်စွာနှိမ်နင်းခြင်း ခံရသော ကရင် ဒုက္ခသည်များ ရှိရာသို့ Vision Beyond Borders(VBB) အဖွဲ့ ရောက်ရှိ သွားခဲ့သည်။ အဆိုပါ ဒုက္ခသည်များနှင့် ပတ်သက် ထိတွေ့မှုရှိသော နိုင်ငံများသို့ VBB က မေတ္တာ သဝဏ်လွှာ ပေးစာ တစ်စောင် ကိုလည်း ပေးပို့ခဲ့သည်။
ကရင်ဒုက္ခသည် စခန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများသည် ကြောက်မက် ဖွယ်ရာ ဇာတ်လမ်းများကို နေ့စဉ်နှင့်အမျှ ကြားနေကြရသည်။ ဟိုတလောက ကြားရသည့် သတင်းမှာ အတော့်ကိုဆိုးရွားပါသည်။ မြန်မာစစ်တပ်က ကရင်လူမျိုးတို့ ပိုင်ဆိုင်သော လယ်ယာမြေများ၊ စပါးခင်းများကို ဖျက်ဆီး ပစ်ခဲ့သည်ဟု ဆိုသည်။ ကရင် တိုင်းရင်းသားများ၏ ထမင်းအိုးကို ရိုက်ခွဲလိုက်သည့် သဘောပင်ဖြစ်၏။
သမိုင်းကြောင်းကို ကြည့်လျှင် ကရင်ဒုက္ခသည် များသည် နှစ်ပေါင်း ၂၅ နှစ်တာကာလ အတွင်း ထိုင်းနိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရသည်။ ထိုင်းဘက်သို့ ထွက် ပြေးသော ဒုက္ခသည် အများစုမှာ ကရင်းတိုင်းရင်းသား လူမျိုးစုများ ဖြစ်ကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖိနှိပ်မှု အများဆုံး ခံရသူများလည်း ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် မြန်မာအစိုးရ၏ စနစ်တကျ ခွဲခြားဆက်ဆံမှုကို ခံကြရသည်။
"မြန်မာ စစ်ဗိုလ်ချုပ် တစ်ယောက်က ပြောဖူးတယ်။ ဘာလဲဆိုတော့ ၂၀၁၀ ပြည့်နှစ် ရောက်ရင် မြန်မာပြည်မှာ ကရင်လူမျိုးတွေ ကျန်တော့မှာမဟုတ်ဘူး" ဟု VBBမှ Patrick Klein က ပြောပါသည်။
အဆိုပါ မြန်မာစစ်ဗိုလ်ချုပ်က ကမ္ဘာပေါ်တွင် ကရင်လူမျိုး တစ်ဦးတစ်ယောက်မျှ မရှိ စေလိုကြောင်း Patirck Kelin က ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲများ နီးကပ်လာသည်နှင့် အမျှ ကရင် တိုင်းရင်းသားများ အပေါ် ဖိနှိပ် တိုက်ခိုက်မှုများလည်း ပိုမိုများပြားလာမည်သာ ဖြစ်သည်။
မြန်မာစစ်တပ်က ကရင် ယောင်္ကျားများ၊ ကလေးငယ်များကို ပေါ်တာဆွဲပြီး အဓမ္မ လုပ်သားအဖြစ် ခိုင်းစေလျက် ရှိသည်။ ကရင် အမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး မီးရှို့ သတ်ဖြတ် ပစသည်။ ဒုက္ခသည် စခန်းရှိ ကရင်လူမျိုး ကလေးငယ်တိုင်းတွင် ခြောက်ခြားစရာ ကောင်းသော ဘဝဇာတ်လမ်း ကိုယ်စီ ရှိကြသည်။ မတရား ညှဉ်းပန်း နှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ ပစ်ခတ်သတ်ဖြတ်မှု စသည်တို့က ကလေးငယ်များအား ခြောက်လှန့်လျက် ရှိသည်။
ကရင် အမျိုးသမီးငယ် တစ်ဦးဆိုလျှင် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း ခံခဲ့ရပြီး ကြိုးဖြင့် ဇောက်ထိုးဆွဲကာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။
ထိုင်းနယ်စပ် ဒေသသို့ ခိုးကြောင်ခိုးဝှက် သွားလာနေကြသော မြန်မာစစ်သားများသည် ညပိုင်းတွင် ဒုက္ခသည် စခန်းများသို့ ဝင်ရောက်ကာ အဖိုးတန် ပစ္စည်းများကို ခိုးယူခြင်း၊ အမျိုသမီးများကို မုဒိမ်းကျင့်ခြင်း စသည်တို့ကို ရဲရဲတင်းတင်း လုပ်ကိုင်ကြသည်။ မြန်မာ စစ်သားများက ကလေးငယ်များကို လေပေါ်သို့ ပစ်မြှောက်တင်ကြပြီး မြေပြင်သို့မကျ မီ ၎င်းတို့ သေနတ်လှံစွပ်ပေါ်သို့ ကျအောင် ပြုလုပ်ကြသည်။
ယင်းသို့ စိတ်တုန်လှုပ် ခြောက်ခြားစရာ ကောင်းသော ဖြစ်ရပ်များ မည်သို့ပင် ရှိစေသော်ငြား ကရင်လူမျိုးများမှာ ဘုရားသခင်ကို ယုံကြည်ကြသည်။ မိဘမဲ့ ကလေးငယ်များသည် နံနက် ၄ နာရီတွင် အိပ်ရာထပြီး ဘုရားဝတ်ပြု ဆုတောင်းမှုများကို နှစ်နာရီတိတိ ပြုလုပ်ကြသည်။ ညဘက်ပိုင်းတွင်းလည်း ထိုနည်းအတိုင်းပင် ရှိခိုး ဆုတောင်းလေ့ ရှိကြသည်။
VBB သည် အဆိုပါ ဒုက္ခသည်များကို ကယ်တင်ရန် ကြိုးပမ်းလျက် ရှိသည်။ မြန်မာ နိုင်ငံတွင်းရှိသော ခရစ်ယာန် အသင်းများ၊ ဘုရားရှိခိုး ကျောင်းများနှင့် ချိတ်ဆက်ပြီး မိဘမဲ့ ကလေးများ ကယ်တင်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ မြန်မာ နယ်စပ်ဒေသနှင့် ဝေးကွာသော နေရာများတွင် ဒုက္ခသည် စခန်းများ တည်ဆောက်ပေးရေး အတွက်လည်း ကြိုးပမ်းလျက် ရှိသည်ဟု သိရသည်။ ယင်းအတွက် ရန်ပုံငွေများလည်း အတော်ပင် တိုးမြင့် ရရှိခဲ့သည်။ သို့သော် ဒုက္ခသည်စခန်းများ အတွက် လိုအပ်သော အထောက်အကူများ ဖြည့်တင်း ပေးရာတွင် ထိုင်းအစိုးရ၏ သဘောတူညီချက် ရရှိရန် လိုအပ်နေသေးသည်။ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် သဘောတူညီချက် ပေးရန် ထိုင်းအစိုးရက စဉ်းစားနေဆဲ ဖြစ်သည်ဟု သိရသည်။
ဒုက္ခသည်များမှာ နိုင်ငံသား ကတ်ကဲ့သို့သော မည်သူမည်ဝါဖြစ်သည်ဟူသည့် အထောက်အထား မရှိသည့် အတွက် ထိုင်းအစိုးရ၏ အကူအညီကို မရရှိဘဲ ဖြစ်နေသည်။
ကရင်ဒုက္ခသည် စခန်းများ လုံခြုံမှု ရရှိစေရေးအတွက် အစိုးရ အရာရှိကြီးများ သဘောတူညီမှု ပေးရန် ဆုတောင်းပေးကြပါ။ အစာငတ်မွတ်မှုဖြင့် ရင်ဆိုင်နေကြရသော ဒုက္ခသည်များ အတွက်လည်း ဆုတောင်းမေတ္တာ ပို့သပေးကြပါ။ VBB နှင့် တွဲဖက် လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် စားနပ်ရိက္ခာများ ပိုမိုထောက်ပံ့ ပေးနိုင်အောင်လည်း ဆုတောင်းပေးကြပါ။
Mission News Network မှ Karen refugees hunted and slain ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.