Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်ဒေသတွင် ဌာနဆိုင်ရာ အဆောက်အအုံများ၊ အိမ်ရာများ ၊ လမ်းမကြီးများ၊ ဈေးများ၊ ဟိုတယ်-မော်တယ်နှင့် အပန်းဖြေစခန်းများ ထွက်ပေါ်လာပြ ဖြစ်သော်လည်း နေပြည်တော်ဒေသ ဆောက်လုပ်ရေး လုပ်ငန်းများမှာ ဆက်လက် အကောင်အထည် ဖော်လျက် ရှိသည်ကို တွေ့ရပါသည်။ 

အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားသည့် နောက်ပိုင်း ကာလများတွင် နေပြည်တော်ဒေသ မြို့သစ်ကြီး ငါးမြို့ကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်နေဆဲ ဖြစ်သည်။ 

မြို့တော်သစ်ကြီး ငါး မြို့မှာ ဥတ္တရာသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ပါသီရိ၊ ဇဗ္ဗူသီရိနှင့် ဇေယျာသီရိတို့ ဖြစ်ပြီး ယခင်ရှိပြီးသား မြို့ဟောင်း သုံးခု ဖြစ်သော ပျဉ်းမနား၊ လယ်ဝေး၊ တက်ကွန် တို့နှင့် ပေါင်းပါက နေပြည်တော် ခရိုင်ဒေသ မြို့စုစုပေါင်း ၈ ခုဖြစ်လာမည်ဖြစ်သည်။ အဆိုပါ မြို့ဟောင်းသုံးခုမှာ ယခင်က မန္တလေးတိုင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအခါ နေပြည်တော် ဒေသပိုင်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်သည်။ 

ဤအတောအတွင်းမှာပင် မြို့တော်ဟောင်း ရန်ကုန်တွင် ကျန်ရှိနေသော အစိုးရဌာန ရုံးများ ကို နေပြည်တော်သို့ ပြောင်းရွှေ့နေရာချရန် အစိုးရက စီစဉ်လျက်ရှိသည်။  

သို့သော် ဝန်ကြီးဌာန ညွှန်ကြားရေး ရုံးခွဲမျာမှာ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသ ဝန်ကြီးဌာန ရုံးခွဲများ အဖြစ် ရန်ကုန်မြို့တွင် ဆက်လက် ထားရှိမည် ဖြစ်ကြောင်း သတင်းပေးပို့ချက်များ အရ သိရသည်။ 

မြန်မာစစ်အစိုးရသည် ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ရန်ကုန်မြို့မှ မြောက်ဘက် ၃၉၀ ကီလိုမီတာ အကွာ နေပြည်တော်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ နေပြည်တော် မြို့သစ်သည် ပဲခူးရိုးမ တောင်တန်းများနှင့် အရှေ့ဘက် ရှမ်းရိုးမ တောင်တန်းများ အကြားတွင် တည်ရှိပြီး ဧရိယာ စတုရန်းကီလိုမီတာ ၇၀၅၄ ဒဿမ ၃၇ ကျယ် ဝန်းသည်။ နေပြည်တော်တွင် လူဦးရေ စုစုပေါင်း ၉၂၄၆၀၈ ဦး ရှိကြောင်း အစိုးရက ထုတ်ပြန်သော စာရင်း ဇယားများအရ သိရသည်။ 

နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီး တစ်နှစ်ကျော်ခန့် အကြာတွင် အစိုးရက ရန်ကုန်မြို့ တွင် ကျန်ရစ်သော အစိုးရပိုင် အဆောက်အအုံများ လေလံတင် ရောင်းချနိုင်ရေး အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းစေခဲ့သည်။ အဆိုပါ ကော်မတီဥက္ကဋ္ဌမှာ အမျိုးသားစီးပွားရေး စီမံကိန်းနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ဌာနဝန်ကြီး ဦးစိုးသာဖြစ်သည်။

လေလံတင် ရောင်းချသည့် အစီအစဉ်တွင် အစိုးရ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် လျက်ရှိသော အိမ်ရာစီမံကိန်း အဆောက်အအုံများ၊ အဆိုပါစီမံကိန်းနှင့် ပတ်သက်သော မြေများလည်း ပါဝင်သည်။  

မြန်မာအစိုးရက နေပြည်တော် မြို့တော်သစ် တည်ဆောက်ရာတွင် အစိုးရဌာနများ၌ ကာလ ကြာရှည်စွာ အမှုထမ်းခဲ့သော ဝန်ထမ်းများအား မြေယာသစ်များ ပေးခဲ့သည်။ ယင်းသို့ မြေပေးရာတွင် အစိုးရ ဝန်ထမ်းအဖြစ် ၁၀ နှစ်၊ နေပြည်တော်တွင် ၂ နှစ် တာဝန်ထမ်းခဲ့ဖူးသူများကို ဦးစားပေး ဝယ်ယူခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ နေပြည်တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ သည် မြန်မာနိုင်ငံသားများအား မြေယာများ ဝယ်ယူခွင့်ပြုပြီး  နေပြည်တော်၌ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ် ခဲ့သည်။ 

အဆိုပါ မြေယာကွက်သစ်များသည် အိမ်ရာမြေများ၊ ရှော့ပင်းစင်တာများ၊ ဈေးများ၊ အဝေးပြေး ကားစခန်းများနှင့် ကားဝပ်ရှော့များ တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။  

နေပြည်တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီအဆိုအရ အဆောက်အအုံများ ဆောက်လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ၁၀ နှစ်အတွင်း လွှဲပြောင်း ရောင်းချခွင့် မရှိသော နှစ် ၃၀ မြေငှားရမ်း နေထိုင်ခွင့် လက်မှတ်ရရှိမည် ဖြစ်သည်။ 

ဤအတောအတွင်းမှာပင် မြန်မာအစိုးရသည် နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နေပြည်တော်နှင့် ချိတ်ဆက်မည့် လမ်းဖောက်လုပ်ရေး စီမံကိန်း များကိုပါ အကောင်အထည် ဖော်နေသည်။ 

ရန်ကုန်မြို့နှင့် နေပြည်တော် ချိတ်ဆက်ထားသည့် ၈ လမ်းသွား အဝေးပြေး လမ်းမကြီးကိုလည်း ပြီးခဲ့သည့် မတ်လက ဖွင့်လှစ်ခဲ့သည်။ အဆိုပါလမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းကို ဧရာမ ဆောက်လုပ်ရေး လုပ်ငန်းကြီး ၁၂ ခုက တာဝန်ယူ ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းမကြီးသည် ၃၂၃ ဒဿမ ၂ ကီလိုမီတာ ရှည်လျားသည်။ နေပြည်တော်သို့ ယခင်လမ်းဟောင်းဖြစ်သော ရန်ကုန် - မန္တလေးအဝေး ပြေး လမ်းမကြီးမှ သွားပါက ၅၆၃ ကီလိုမီတာခန့် ဝေးကွာသည်။  

ထို့ပြင် မြန်မာအစိုးရသည် ယခင် ပျဉ်းမနားဘူတာနှင့် နီးကပ်သော နေရာတွင် နေပြည်တော် ဘူတာသစ်တစ်ခုကို တည်ဆောက်လျက် ရှိသည်။ နေပြည်တော်တွင် နေထိုင်သူများ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး အတွက် လိုအပ်သော လေ့လာ တိုင်းထွာမှုများကို ဆောင်ရွက်ဆဲဖြစ် ကြောင်း အစိုးရက ဆိုသည်။ 

အဆိုပါ ဘူတာသစ်မှာ မကြာသေးခင်က တည်ဆောက်မှု ပြီးဆုံးသွားပြီဖြစ်သည် ဟုဆိုသော နေပြည်တော် ဘူတာသစ်ကြီး ပြီးသည့်နောက် ဒုတိယမြောက် ဘူတာ ဖြစ်လာမည် ဖြစ်သည်။ 

တရိစ္ဆာန်ဥယျဉ်၊ ရေတံခွန်၊ ပရဆေးဥယျာဉ် ၊အမျိုးသားအထိမ်းအမှတ်ဥယျာဉ် နှင့် ငါးလိုက် ကန်သာ အပန်းဖြေစခန်း တို့မှာလည်း တည်ဆောက်ပြီးစီး သွားပြီဖြစ်သည်။ ထို့ပြင် မြန်မာပုဂ္ဂလိက ကုမ္ပဏီများက နေပြည်တော်တွင် ရှော့ပင်းစင်တာများ၊ ကုန်တိုက်များ စုစုပေါင်း ၄၂ ခုကို တာဝန်ယူ တည်ဆောက်လျက် ရှိသည်။ နေပြည်တော်သို့ လာရောက်လ ည်ပတ်မည့် သူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်နေခြင်း ဖြစ်သည်။  

နေပြည်တော်တွင် အစိုးရဌာနများ၊ အိမ်ရာစခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့်ဘဏ်များ၊ မြန်မာ့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်း ကဲ့သို့သော ခေတ်မီသည့် အဆောက်အအုံ များလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ နာမည်ကျော် ရွှေပုဇွန်မုန့်တိုက်ပင် ပါရှိသေးသည်။ 

တစ်ချိန်တည်းမှာပင် အခြားသော ဆောက်လုပ်ရေး ကုမ္ပဏီများကလည်း ခေတ်မီ ရှော့ပင်းစင်တာကြီးများကို တရှိန်ထိုး တည်ဆောက်လျက်ရှိပြီး အချို့မှာ အပြီးသတ် အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါ ရှော့ပင်းစင်တာများထဲတွင် နေပြည်တော် Junction Center ကို ပြီးခဲ့သည့် သြဂုတ်လက ဖွင့်လှစ်ခဲ့သည်။ Junction Centerကို ရွှေတောင် ဆောက်လုပ်ရေးက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆိုပါက မြန်မာနိုင်ငံ မြိုတော်သစ် နေပြည်တော်သည် လာမည့် ဆယ်စုနှစ် တစ်ခုလောက် တွင် မြို့တော်အင်္ဂါရပ်နှင့် ပြည့်စုံသော အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းရပါသည်။ 

Xinhua သတင်းဌာန၏ Construction of Myanmar new capital continues ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment