Transparency Myanmar

transparency.myanmar@gmail.com

Burma News International, 6th January 2010

          တပ်မတော် စစ်ဆင်ရေး ကွပ်ကဲမှု ဌာန MOC တည်ရှိရာ အနန်းကွင်းရွာ အနီးတဝိုက်တွင် ပြေးဆွဲနေသော ယာဉ်ပိုင်ရှင်များသည် မြန်မာ စစ်တပ်က ပေါ်တာအဖြစ် အသုံးပြုရန် ချောဆွဲခြင်း ခံနေရပါသည်။

          မွန်ပြည်နယ် သံဖြူဇရပ်မှ ဘုရားသုံးဆူ တောင်ကြားသို့ ပြေးဆွဲနေသော မော်တော်ယာဉ်များနှင့် ယာဉ်မောင်းသူများကို မြန်မာအစိုးရ အာဏာပိုင်များက ချောဆွဲလေ့ရှိပြီး ခြောက်သွေ့ ပွင့်လင်း ရာသီ KNU ထိုးစစ်တွင် အသုံးပြုနေခြင်း ဖြစ်သည်။ ဒီဇင်ဘာ (၂၉) ရက်တွင် မြန်မာစစ်တပ်မှ ရိက္ခာများကို သယ်ယူ ပို့ဆောင်နေသော ပေါ်တာ ယာဉ်တန်းမှ ဆန်များကို ကရင်စစ်ကြောင်း တစ်ခုမှ ပြန်လည် လုယက်ခဲ့ပါသည်။

          အဆိုပါ နယ်မြေအတွင်း လှုပ်ရှားနေသူ တပ်ရင်း (၆) မှ KNU ဗိုလ်ကြီး စောထဲနေးက ရိက္ခာများ သိမ်းဆည်း ရရှိမှုကို အတည်ပြုခဲ့ပါသည်။ မိမိတို့သည် ခရီးသည်တင် ကားတန်းမှ အစိုးရ ရိက္ခာများကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း လာမည့် ခြောက်သွေ့ရာသီတွင် KNU ကို ထိုးစစ်ဆင်ရန် အစိုးရက ပြင်ဆင်နေသည်ကို သိရှိထားကြောင်း၊ သို့ဖြစ်၍ ၎င်းတို့၏ အစီအစဉ်ကို ဟန့်တားရန် ရိက္ခာများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း စောထဲနေးက ပြောကြားပါသည်။

          အမှတ် (၄၀၇) ခြေလျင် တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး တင်မောင်မောင်ကို လာဘ်ထိုးခြင်း မရှိသည့် မော်တော်ယာဉ် အချို့မှာ ပေါ်တာဆွဲခြင်း ခံရပါသည်။ အမည်မဖော်လိုသူ ကားပိုင်ရှင်တစ်ဦးက သတင်းထောက်များအား ပြောကြားရာတွင် မြန်မာ့ တပ်မတော် တပ်ရင်းများထံ ဆန်အိတ် (၃၀၀၀) ခန့် သယ်ယူ ပို့ဆောင်ပေးရပြီး နေ့တစ်ဝက်ခန့် ကြာမြင့်သည်ဟု ဆိုပါသည်။

          နှစ်စဉ် နှစ်တိုင်း လိုပင် မြန်မာ စစ်တပ်သည် အရပ်ဘက် မော်တော်ယာဉ်များကို တားဆီး၍ ၎င်းတို့၏ ထောက်ပံ့ရေး ရိက္ခာများ သယ်ဆောင်ရန် ချောဆွဲလေ့ ရှိပါသည်။ တစ်ခါတစ်ရံ နယ်မြေတွင်း လှုပ်ရှားနေသော KNU စစ်ကြောင်းကို တိုက်ခိုက်ရာသို့ ခရီးသည်များကိုပါ ခေါ်ဆောင်သွားလေ့ ရှိပါသည်။ မြန်မာစစ်တပ်ကို သယ်ပို့ပေးနေသော မွန်အမျိုးသား ဒရိုင်ဘာ တစ်ဦးမှာ အနန်းကွင်းရွာ အနီးတွင် KNU ၏ ခြုံခို တိုက်ခိုက်ခြင်းကို ခံရသဖြင့် ထိခိုက် ဒဏ်ရာရခဲ့ရာတွင် အစိုးရက လျော်ကြေးပေးခြင်း မရှိခဲ့ပါ။ အဆိုပါ နယ်မြေအတွင်းမှ ယာဉ်မောင်းသူများမှာ မွန် တိုင်းရင်းသားများ ဖြစ်ပြီး အစိုးရ၏ ပေါ်တာဆွဲသော အမိန့်ကို ငြင်းပယ် နိုင်ခြင်း မရှိကြပါ။

0 comments:

Post a Comment