Transparency Myanmar

transparency.myanmar@gmail.com

မလေးရှားနိုင်ငံ၏ Air Asia နှင့် သြစတြေးလျ အခြေစိုက် Jet Star လေကြောင်းလိုင်းတို့က  အာရှ ခရီးသည် ပို့ဆောင်ရေးနှင့် လေယာဉ်ဝယ်ယူရေး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ပြီး   ဘဏ္ဍာရေး အကျပ်အတည်း ချောင်လည်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် သဘော တူညီချက် တစ်ရပ်ကို ဗုဒ္ဓဟူးနေ့က လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ သဘောတူညီမှု၏ အဓိက အချက်မှာ Air Aisa နှင့် Jetstar တို့အနေဖြင့် ကိုယ်ထည် သေးငယ်သော လေယာဉ်များကို အသုံးပြုသွားရန် ဖြစ်ကြောင်း သိရသည်။

အာရှရှိ ဈေးနှုန်း ချိုသာသော လေကြောင်းလိုင်းများတွင် ပါဝင်သော အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်းပြီး လေယာဉ် အများအပြား ဝယ်ယူပါက လေယာဉ် တစ်စင်းချင်းစီ အတွက် ကုန်ကျစရိတ် သက်သာပေမည်။

သြစတြေးလျ၏ Qantas လေကြောင်း လီမိတက်ပိုင် Jetstar လေကြောင်းနှင့် မလေးရှား၏ Air Asia လေကြောင်းတို့သည် သြစတြေးလျနှင့် အာရှရှိ လေဆိပ်များတွင် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများကို သာမက လေယာဉ် အပိုပစ္စည်း ဝယ်ယူရေး ကိစ္စများတွင်ပါ ပူးပေါင်း ဆောင်ရွက်ကြမည်ဟု ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်းပြီး အသုံးစရိတ် နည်းပါးစေမည့် နည်းလမ်းများ ရှာဖွေကာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ အတန်အသင့် ပြန်လည် နာလန်ထူစေရန် မည်သို့ပင် ကြိုးပမ်းနေစေကာမူ ခရီးသွား လုပ်ငန်းများမှာ ကျဆင်းလျက်ပင် ရှိနေသေးသည်။

နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေး လုပ်ငန်း၏ ဆုံးရှုံးမှုသည် ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၁၁ ဘီလီယံ ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း အမှန်တကယ်တွင် ဒေါ်လာ ၅ ဒဿမ ၆ ဘီလီယံ နီးပါးသာ ရှိခဲ့ကြောင်း သိရသည်။

Air Asia သည် စရိတ် သက်သာသော လေကြောင်းလိုင်းအဖြစ် လည်ပတ်ခဲ့သဖြင့် လွန်ခဲ့သောနှစ် ကိုးလပိုင်း ကာလအထိ အရှုံးမရှိ အမြတ်ပေါ်ခဲ့သည်။ Qantas လေကြောင်းကမူ ၂၀၀၉ ခုနှစ်၊ ပထမ ခြောက်လပိုင်းတွင် အရှုံးပေါ် ခဲ့သော်လည်း ဒုတိယ ခြောက်လပိုင်းတွင် အမြတ်ပေါ်ခဲ့သည်။ "Jetstar နဲ့ Air Asia လေကြောင်းလိုင်းတွေဟာ အပြိုင်အဆိုင်များတဲ့ ကမ္ဘာ့လေကြောင်း စီးပွားရေး ဈေးကွက်ထဲမှာ မက်လောက်စရာ အောင်မြင်မှုတွေ ရသွားနိုင်တယ်" ဟု Qantas လေကြောင်းဥက္ကဋ္ဌ အေလင်ရွိုက်စ်က ပြောပါသည်။

"Jetstar နဲ့ Air Asia လေကြောင်းလိုင်း နှစ်ခုဟာ အာရှ - ပစိဖိတ် ဒေသမှာ
တခြားလိုင်းတွေက မယှဉ်နိုင်လောက်အောင် မြင့်မားနေပြီး ဒီစံချိန်ကို အမြင့်ဆုံး ရောက်အောင် လုပ်နိုင်မယ် လို့လည်း ယူဆပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်း ဆောင်ရွက် သဘောတူညီချက်သည် အကျိုးအကြောင်း ဆက်စပ်မှု ရှိပြီး မှန်ကန် သင့်လျော်သော တိုးတက် ဖြစ်ထွန်းမှု တစ်ရပ် ဖြစ်ကြောင်း Air Asia ဥက္ကဋ္ဌ က ပြောကြားသည်။

ဤသို့ ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး နာလန်ထူချိန်တွင် ကမ္ဘာ့စရိတ် အသက်သာဆုံး လေကြောင်းလိုင်းအဖြစ် စနစ်တကျ ရပ်တည်သွားနိုင်မည်ဟု Air Asia ဥက္ကဋ္ဌက ယုံကြည်လျက် ရှိသည်။

အာရှ - ပစိဖိတ်ဒေသသည် တိုးတက်သော လေကြောင်း ပို့ဆောင်ရေး ဈေးကွက်တွင် တစ်ခု အပါအဝင် ဖြစ်ပြီး ပို့ဆောင်ရေး နှုန်းထားများ လျှော့ပေါ့ကာ ဈေးကွက်တွင် သူမတူသည့်
မက်လုံးများဖြင့် ယှဉ်ပြိုင်နိုင်သောကြောင့် လေကြောင်းကုမ္ပဏီ ရှယ်ယာဝင်များ၊ ဖောက်သည်များ အတွက် အကျိုးအမြတ် ပိုမို ရရှိလာနိုင်သည်ဟု ဈေးကွက်ကျွမ်းကျင်သူ စီးပွားရေး သုတေသီ ဘင်ပေါလ်တာက ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် Qantas လေကြောင်းသည် မူလက ရှယ်ရာ ၁ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၃ ဒဿမ ၀၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။

AP သတင်းဌာန၏ Air Asia, Jetstar Form Low Cost Airline Alliance ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment