Transparency Myanmar

transparency.myanmar@gmail.com

RFA, 5th January 2010

          အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သံသယ ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး မြန်မာ အစိုးရအား တိုင်းရင်းသားများ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံများနှင့် ညှိနှိုင်း ဆွေးနွေးရန် တောင်းဆိုခဲ့ ပါသည်။

          "အခု အချိန် အထိတော့ အားလုံး လက်ခံ ယုံကြည်ရမယ့် ရွေးကောက်ပွဲ ဖြစ်ရေး အတွက် မြန်မာအစိုးရရဲ့ အဓိပ္ပါယ် ရှိတဲ့ ခြေလှမ်းတွေကို မတွေ့ရသေးပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ပြောကြားခဲ့ပါသည်။

          "အတိုက်အခံ ခေါင်းဆောင် အတော်များများဟာ ထောင်ထဲမှာပဲ ရှိနေဆဲ ဖြစ်ပြီး၊ နိုင်ငံရေး ဆန့်ကျင်မှု သော်လည်းကောင်း၊ ငြင်းခုံမှုကို သော်လည်းကောင်း လုပ်လို့ မရပါဘူး။ သတင်းစာ လွတ်လပ်ခွင့်လည်း မရှိ သေးပါဘူး" ဟု ၎င်းက ဆက်ပြောပါသည်။

          အတိုက်အခံ အဖွဲ့ဝင်များကလည်း ၂၀၁၀ တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သံသယ ရှိနေဆဲ ဖြစ်ပါသည်။

          ရွေးကောက်ပွဲသည် ပြောင်းလဲမှုကို ယူဆောင် လာလိမ့်မည် ဖြစ်ပြီး၊ ဒီမိုကရေစီ အင်အားစုများကို ၎င်းတို့ ရည်မှန်းချက်များ အကောင်အထည် ဖော်ခွင့် ရလိမ့်မည်ဟု အများက မျှော်လင့် နေကြကြောင်း ၁၉၉၀ ခုနှစ်က ရွေးချယ် ခံရသော လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းက ပြောပါသည်။

          သို့သော် ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ၍ ပြုလုပ်မည် ဆိုပါက ဒီမိုကရေစီ ပြောင်းလဲမှုများအတွက် မျှော်လင့်၍ ရလိမ့်မည် မထင်ကြောင်း သူမက အင်တာဗျူးတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

          အဝေးရောက် NCGUB မှ ဝန်ကြီးတစ်ဦး ဖြစ်သူ ဦးတင့်ဆွေက ပြောကြားရာတွင် အစိုးရသည် အတိုက်အခံများကို မဲဆွယ်ရန် အချိန် အနည်းငယ်သာ ပေးရန် တမင် ရည်ရွယ် ပြုလုပ်နေသည်ဟု ယုံကြည်ကြောင်း ပြောခဲ့ပါသည်။

          ၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်မှာ ပါတီတစ်ခုသည် ရွေးကောက်ပွဲအတွက် နှစ်နှစ်ခန့် ပြင်ဆင်ရန် လိုအပ်ကြောင်း ယခုအချိန် ဘယ်လောက်ရမည် ဆိုသည်ကို မသိရကြောင်း၊ ထိုအချက်သည် ပါတီများအတွက်ရော ပြည်သူများ အတွက်ရော မကောင်းကြောင်း၊ အစိုးရက တမင် ရည်ရွယ် လုပ်ဆောင်နေပုံ ရကြောင်း ၎င်းက ပြောပါသည်။

          တစ်ချိန်တည်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ပြည်သူများကို ရွေးကောက်ပွဲတွင် မှန်ကန် သော ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းခဲ့သော်လည်း၊ မည်ကဲ့သို့သော မှန်ကန်သော ရွေးချယ်မှု ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ခြင်း မရှိပေ။

          လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ၎င်းက အစိုးရ၏ ဒီမိုကရေစီသို့ လမ်းညွှန် မြေပုံ ၇ ဆင့်သည် အသွင် ကူးပြောင်းရေး ကာလအတွက် တစ်ခုတည်းသော လုပ်ငန်းစဉ် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

          သို့သော် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ သတ်မှတ်ခြင်း မရှိသေးပါ။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင် ရခဲ့သော်လည်း အာဏာ မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတကာမှ လွှတ်ပေးရန် တောင်းဆို နေသည့်ကြားမှ ဆယ်စုနှစ် နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ် ချထားခြင်း ခံခဲ့ရပါသည်။

          အမေရိကန် သမ္မတ Barack Obama အစိုးရကလည်း မြန်မာနိုင်ငံ အပေါ် ဆယ်စုနှစ် နီးပါး အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာတွင် မအောင်မြင်သောကြောင့်၊ နည်းလမ်း အသစ်ကို ကျင့်သုံးခဲ့ပါ သည်။

          အမေရိကန် ဆီးနိတ် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ၊ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဆီနိတ်တာ Jim Webb က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးကောက်ပွဲ ကတိကဝတ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါသည်။

          Jim Webb သည် ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရှားရှားပါးပါး တွေ့ခွင့်ရခဲ့စဉ်က ၎င်း၏ အမြင်ကို ပြောကြားခဲ့ရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ရွေးကောက်ပွဲတွင် အကူအညီများ ပေးနိုင်ကြောင်း၊ သို့မှသာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ ရိုးသား ဖြောင့်မတ်မှုကို သက်သေ ထူနိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။

          မြန်မာပြည်သူများ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြန်လည် ဝင်ဆံ့လာသည်အထိ မိမိတို့ဘက်မှ သင့်တော်သော အကူအညီများ ပေးသွားရန် အမြဲ အသင့် ရှိကြောင်း Webb က ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment