Transparency Myanmar

transparency.myanmar@gmail.com

Mizzima news, 19th January 2010

          ရန်ကုန်မြို့ အင်းစိန်ထောင်ရှိ အထူး တရားရုံးသည် နိုင်ငံရေး အကျဉ်းသား (၂၀) ခန့်၏ အမှုများကို ယခုလအတွင် အမြန် ပြီးအောင် စစ်ဆေးလျက် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများဖက်မှ လိုက်ပါ ဆောင်ရွက်သည့် ရှေ့နေများ၏ အဆိုအရ သိရှိရပါသည်။

          "တရားရုံးက နိုင်ငံရေး လှုပ်ရှားသူများ၏ အမှုများကို ဖြစ်နိုင်သမျှ ပြီးအောင် လုပ်ဆောင်လိုကြောင်း ပြောခဲ့ပါသည်။ ကြားနာမှုများကို တစ်ပတ် (၂) ကြိမ် ပြုလုပ်ရန် စီစဉ်ထားပါတယ်။ တစ်လအတွင်း အမိန့်ချ နိုင်မလားတောင် မသိပါဘူး" ဟု လိုက်ပါ ဆောင်ရွက်သူ ရှေ့နေတစ်ဦးက ပြောပါသည်။

          အမှုများ စစ်ဆေးမှုမှာ အရင်ထက် မြန်နေကြောင်း၊ အဘယ်ကြောင့် ဆိုသည်ကို မသိရှိရကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

          ယခု လအတွင်း အပြီးသတ်မည့် အမှုများတွင် ရခိုင် လူငယ် (၁၁) ဦး၏ အမှု ပါဝင်ပြီး၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် တရားမဝင် အဖွဲ့များဖြင့် ဆက်သွယ်ခြင်းများကြောင့် စွဲချက်တင် ခံရကြောင်း ရှေ့နေကျော်ဟိုးက ပြောပါသည်။

          ၂၀၀၉ စက်တင်ဘာလ အတွင်း ရန်ကုန်မြို့ နေအိမ်များမှလည်းကောင်း၊ ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံမှ လည်းကောင်း အကြောင်းကိစ္စ မျိုးစုံဖြင့် ဖမ်းဆီးခြင်း ခံရသော ရခိုင် လူငယ်များကို ရှေ့နေ ကျော်ဟိုးက အမှုလိုက် ကာကွယ်ပေး နေပါသည်။

အဆိုပါ ရခိုင် လူငယ်များအပြင် လူဝင်မှု ဥပဒေဖြင့် တရားစွဲ ခံရသူ သန္တာထွန်း နှင့် မောင်ညိုတို့ကို စစ်ဆေး ကြားနာမှု၊ နော်အုန်းလှ နှင့် အတိုက်အခံ အမျိုးသမီး (၄) ဦး၏ အမှု၊ နိုင်ငံတော်ကို မလေးစားမှုဖြင့် တရားစွဲ ခံရသော ရေနံချောင်းနှင့် ချောက်မှ လူ့အခွင့်အရေး လှုပ်ရှားသူ (၆) ဦးကို စစ်ဆေး ကြားနာမှုများလည်း ယခုလ အစီအစဉ်တွင် ပါဝင်နေပါသည်။

ဇန်နဝါရီ (၁၃) ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူး တရားရုံးက လှိုင်မြို့နယ်မှ ရွှေဂျိုး၊ စမ်းချောင်းမြို့နယ်မှ စိန်လှိုင် နှင့် အလုံမြို့နယ်မှ မချို (ခေါ်) မြင့်မြင့်စန်း တို့ကို တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် တရားစွဲကာ ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ် ပေးခဲ့ပါသည်။

၂၀၁၀ ရွေးကောက်ပွဲများ နီးကပ်လာခြင်းသည် နိုင်ငံရေးနှင့် လူမှုရေး လှုပ်ရှားသူများကို အစောတလျှင် တရားစွဲ ပြစ်ဒဏ် ချမှတ်နေခြင်း၏ နောက်ကွယ်မှ အကြောင်းရင်း ဖြစ်သည်ဟု မိမိ ယုံကြည်မိကြောင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ဗဟို တရားရုံး ရှေ့နေ ဦးကြည်ဝင်းက ပြောကြားခဲ့ပါသည်။

ကျွန်တော် တရားရုံးမှာ နောက်ဆုံး အမှုထမ်းခဲ့တုန်းက​ တရားသူကြီးချုပ် ဦးအောင်တိုးက အမှုတွေက အမြန်ဆုံး လက်စသတ်ဖို့ မပြီးသေးတဲ့ အမှုတွေကို စစ်တရားရုံးကို လွှဲဖို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ အဲဒီတုန်းက ၁၉၉၀ ရွေးကောက်ပွဲကြောင့် အလောသုံးဆယ် လုပ်ကြရတယ်။ အခုလည်း အလားတူပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ နီးလာတော့ အမှုတွေကို အပြီးသတ်ဖို့ တရားသူကြီးတွေ အလျင်စလို ဖြစ်နေတယ်ဟု ဦးကြည်ဝင်းက ဆက်လက် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment