Transparency Myanmar

transparency.myanmar@gmail.com

DVB, 18th January 2010

          မြန်မာ စစ်တပ်နှင့် အပစ်ရပ် ဝတပ်ဖွဲ့ တို့အကြား တင်းမာမှုများ ဖြစ်ပွားနေသည့် ကြားမှ ရှမ်းပြည်နယ်ရှိ အရပ်ဖက် ပြည်သူ ထောင်ဂဏန်း အရေအတွက်ကို ဝ တပ်ဖွဲ့ (UWSA) က စစ်သင်တန်း ပေးနေသည်ဟု ဒေသခံ သတင်းများက ဆိုပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး အပစ်ရပ် အဖွဲ့ဖြစ်သော တပ်ဖွဲ့ဝင် (၃၀,၀၀၀) ရှိသည့် ဝ တပ်ဖွဲ့ UWSA သည် ရှမ်းပြည်နယ် ဝဒေသရှိ မြို့နယ် ပေါင်းစုံမှ အရပ်သားများကို ယခင်နှစ် ဒီဇင်ဘာလမှ စ၍ လေ့ကျင့် သင်တန်း ပေးနေသည်ဟု စစ်ဖက် ရေးရာ အကဲခတ်သမား အောင်ကျော်ဇောက DVB သို့ ပြောကြားပါသည်။

အမျိုးသမီးများအား လက်နက်ငယ် သင်တန်းပေးခြင်း ပါဝင်သော အစီအစဉ်သည် ဇန်နဝါရီ (၂၀) တွင် ပြီးဆုံးမည် ဖြစ်သည်။ ရှမ်းပြည်နယ် အတွင်း ကြီးမားသော နယ်မြေ အစိတ်အပိုင်းများကို ထိန်းချုပ်ထားသည်။ ဝ တပ်ဖွဲ့သည် ဒေသတွင်း ရှမ်း လူမျိုးများ၏ သစ္စာခံမှုကိုလည်း ရရှိထားပါသည်။ ထို့အပြင် အာဖဂန် နစ္စတန် ပြီးလျှင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဖြစ်သည့် မြန်မာဘိန်း ဈေးကွက်တွင်လည်း ဦးဆောင် ကဏ္ဍမှ လှုပ်ရှားလျက် ရှိပါသည်။

နေပြည်တော်၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် အစိုးရက ဖိအားပေးခဲ့ ပြီးနောက် မြန်မာစစ်တပ်နှင့် ဝတပ်ဖွဲ့ တို့ကြားတွင် တင်းမာမှု ကြီးထွားလာခြင်း ဖြစ်သည်။

ဒေသခံ ပြည်သူတွေကို ပြည်သူ့စစ်တွေလို လေ့ကျင့် ပေးနေတာပါဟု အောင်ကျော်ဇောက ဆိုပါသည်။ သက်ဆိုင်ရာ နယ်မြေ အသီးသီးက UWSA တပ်ရင်းတွေက ဦးစီးပြီး လေ့ကျင့်ပေး နေတာပါ။ ရှမ်းမြောက် မိုင်းမော ခရိုင်က မြို့နယ် (၁၁) ခုနဲ့ အိုက်ချင်းမြို့နယ်မှာ သင်တန်းသား များစွာ တက်ရောက်ခဲ့ပြီး အရေအတွက် (၇၀၀) ခန့် ရှိသည်ဟုလည်း ၎င်းက ပြောပါသည်။

မြန်မာ အစိုးရ၏ တောင်းဆိုမှုကို တုန့်ပြန်သည့် အနေဖြင့် ဝ တပ်ဖွဲ့က ဝ နယ်မြေကို တိုးချဲ့ သတ်မှတ်ပေးရန်နှင့် နယ်ခြား စောင့်တပ်တွင် ဝစစ်သားများသာ တာဝန် ထမ်းဆောင်ရန် ပြန်လည် တောင်းဆိုခဲ့ရာ မြန်မာအစိုးရက ပယ်ချခဲ့ပါသည်။ ယင်းကဲ့သို့ ပယ်ချ ခဲ့ပြီးနောက်တွင် ဝ ခေါင်းဆောင် ပေါက်ယူချန်းနှင့် မြန်မာ စစ်တပ် အာဏာပိုင်များ တွေ့ဆုံမည့် အစီအစဉ်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ဝ တို့က ငြင်းပယ် ခဲ့ပါသည်။

ဝ ထိန်းချုပ် နယ်မြေ (၂) ခု အတွင်းရှိ နယ်ခြားစောင့်တပ်များတွင် ဒုတိယ တပ်ရင်းမှူး နေရာကို မြန်မာစစ်တပ် အရာရှိက တာဝန်ယူမည့် အကြံဥာဏ်ကို တင်ပြလာသော အစိုးရကို တုန့်ပြန်သည့် အနေဖြင့် အချက် (၉) ချက်ပါ အဆိုပြုချက်ကို ဝ တပ်ဖွဲ့က ယခင်လက ပြန်လည် တောင်းဆိုခဲ့ပါသည်။

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများ မတိုင်ခင် ၎င်းတို့၏ အနေအထား ခိုင်မာစေရန် ကြိုးစားသည့် အနေဖြင့် ရည်ရွယ် ဆောင်ရွက်သည့် အစိုးရ၏ တောင်းဆိုမှုကို အပစ်ရပ် တပ်ဖွဲ့ (၁၈) ဖွဲ့ အနက် အများစုက ငြင်းပယ် ခဲ့ကြပါသည်။

မြန်မာ အစိုးရနှင့် အပေါ်ယံ စစ်ပြေငြိမ်းမှုမျှသာ ဆုပ်ကိုင်ထားသည့် အပစ်ရပ် တပ်ဖွဲ့များ အပေါ် အစိုးရက ဖိအားပေးနေခြင်းကို မလျှော့ပါက ယခင်နှစ် သြဂုတ်လ ကိုးကန့် ပြဿနာနှင့် အလားတူ ပဋိပက္ခများ ဖြစ်ပွားနိုင်သည်ဟု အကဲခတ်များက သတိပေးထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment