Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 18th January 2010

မြန်မာ အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် မိမိတို့ စိတ် အနှောင့်အယှက် ဖြစ်ရကြောင်းနှင့် ၎င်းသည် ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ် ရွေးချယ်ရေးကို နှောင့်နှေး စေရကြောင်း တနင်္လာနေ့က ရန်ကုန် အခြေစိုက် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေး ပါတီ တစ်ခုက ဖော်ပြခဲ့ပါသည်။

ပါတီ ဖွဲ့စည်းရန်နှင့် စည်းရုံးရေး ဆင်းရန် အချိန် နည်းလွန်းမည် ဆိုလျှင် ရွေးကောက်ပွဲ ဝင်ရန်ပင် မသေချာကြောင်း ဒီမိုကရက်တစ် ပါတီ အထွေထွေ အတွင်းရေးမှူး ချိုချိုကျော်ငြိမ်းက တနင်္လာနေ့က မဇ္ဈိမသို့ ရွေးကောက်ပွဲ ဥပဒေ ကြေညာချက် မထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

"ရွေးကောက်ပွဲ မလုပ်ခင် သုံးလလောက် အလိုကျမှ ဥပဒေ ထွက်မယ်လို့ ကျွန်မတို့  ကြားတယ်၊ အဲဒါ မှန်ခဲ့ရင်တော့  ဝင်ရောက် ယှဉ်ပြိုင်ဖို့ တော်တော် ခက်သွားပါပြီ၊ အခု ကျွန်မတို့ အနေအထားကို ပြန်ပြီး စဉ်းစား သုံးသပ်နေပါတယ်" ဟု ချိုချိုကျော်ငြိမ်းက ပြောပါသည်။

ဒီမိုကရက်တစ် ပါတီ (DP) သည် ဒု ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ချိုချိုကျော်ငြိမ်း၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး သန်းသန်းနု၊ ဝန်ကြီးဟောင်း ဦးဗဆွေ၏ သမီး နေရီဗဆွေ တို့ဖြင့် ဖွဲ့စည်းထားပါသည်။

၎င်းတို့ သုံးဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ်ပြိုင်များ ဖြစ်ကြပြီး၊ ၎င်းတို့၏ ဖခင်များသည် ဗြိတိသျှထံမှ လွတ်လပ်ရေး ရယူရန် တိုက်ပွဲ ဝင်စဉ်က အတူတကွ ပါဝင်ခဲ့ကြသူများ ဖြစ်ပါသည်။

မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာ ထားသော်လည်း၊ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များ အတွက် စည်းမျဉ်း ကန့်သတ်ချက်များ ပါဝင်မည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့်ရက်ကို ယခုထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

"ကျွန်မတို့ ဥက္ကဋ္ဌ ဦးသုဝေက ရွေးကောက်ပွဲ ဥပဒေကို သုံးလ အလိုမှ ထုတ်ပြန်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တောင်းဆိုထားပါတယ်" ဟု ချိုချိုကျော်ငြိမ်းက ပြောပါသည်။

သူမက ဆက်လက် ပြောကြားရာတွင် အခြားပါတီများ ကဲ့သို့ပင် သူမတို့၏ DP ပါတီသည်လည်း ပါတီ ကိုယ်စားပြုမည့် သူများ ရွေးချယ်ရန် နှင့် စည်းရုံးရေး ဆင်းရန် ခြောက်လနှင့် အထက် အချိန် လိုအပ်ကြောင်း ဆိုပါသည်။

"အခု အချိန်မှာတော့ ကိုယ်စားလှယ်အတွက် ဘယ်သူတွေ ပါဝင်နိုင်မလဲ ဆိုတဲ့ စည်းမျဉ်းလဲ မသိသေးတော့၊ ဘာမှ မသေချာသေးပါဘူး" ဟု သူမက ဆိုပါသည်။

"အခုအချိန်မှာတော့ ရွေးကောက်ပွဲ မဝင်သင့်တော့ဘူး လို့တောင် ခံစားမိပါတယ်။ အချို့ အဖွဲ့ဝင်တွေကတော့ ဖြစ်နိုင်ပါသေးတယ်လို့ ပြောနေကြပါတယ်" ဟု ချိုချိုကျော်ငြိမ်းက ဖြည့်စွက် ပြောကြားသွားခဲ့ ပါသည်။

သူမ၏ အဆိုအရ ရွေးကောက်ပွဲ ဥပဒေသည် ဧပြီလ တစ်ချိန်ချိန်တွင် ထွက်ပေါ်လာပြီး သုံးလအကြာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ယူဆရပါသည်။ သို့သော် စစ်အစိုးရ၏ လျှို့ဝှက်တတ်သော သဘာဝအရ၊ သူမ၏ သတင်းမှာလည်း မှန်မမှန် ပြော၍ မရနိုင်သေးပေ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment