Transparency Myanmar

transparency.myanmar@gmail.com

By Willian Boot, Irrawaddy.org, 23rd January 2010

          တရုတ် ကုမ္ပဏီများသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရန် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ အသေးစား လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အတွက် အစီအစဉ်များ စတင် ရေးဆွဲနေပါသည်။

          တရုတ်နိုင်ငံ၏ အကြီးဆုံး စွမ်းအင် အစီအစဉ် ရေးဆွဲရေး အာဏာပိုင်အဖွဲ့ National Development and Reform Commission NDRC က ထုတ်ပြန်သော အစီရင်ခံစာတွင် ၁၅ နှစ် စီမံကိန်း၏ အချက်အလက်များကို ဖော်ပြထားပါသည်။

          တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့နှင့် တရုတ် နိုင်ငံတကာ အင်ဂျင်နီယာ အတိုင်ပင်ခံ ကော်ပိုရေးရှင်း CIECC တို့ အပါအဝင် များစွာသော နိုင်ငံပိုင် လုပ်ငန်းများ၊ NDRC အဖွဲ့တို့ ယခု အစီအစဉ်တွင် ပါဝင် ဆောင်ရွက်ကြမည် ဖြစ်သည်။

          လေ့လာ သုံးသပ်မှု အစီရင်ခံစာသည် ယခု နှစ်ကုန်တွင် ပြီးစီးသင့်နေပြီဟု CIECC မှ လျှပ်စစ်ဓာတ်အား ဒါရိုက်တာ ဇိုဂျာချောင်က နိုင်ငံပိုင် မဂ္ဂဇင်း China Investment တွင် ပြောကြား ထားပါသည်။

          ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းများ ဆောင်ရွက်ရန်အတွက် မြန်မာ စစ်ဖက် အစိုးရနှင့် တရုတ် ကုမ္ပဏီများ အကြောင်း သဘောတူသည့် အချက်များကို ၂၀၀၉ တွင် လက်မှတ် ရေးထိုးခဲ့ပြီး စုစုပေါင်း ထုတ်လုပ်နိုင်မည့် လျှပ်စစ် ဓာတ်အားမှာ ၂၁၀၀၀ မဂ္ဂါဝပ် ဖြစ်သည်ဟု ဇိုဂျာချောင်က ပြောကြားပါသည်။

          အဆိုပါ ပမာဏသည် ထိုင်းနိုင်ငံ၏ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ သုံးပုံ နှစ်ပုံခန့် ရှိသည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံသည် တရုတ်နှင့် နှိုင်းယှဉ်လျှင် လူဦးရေ နည်းပါး၍ သေးငယ်သော နိုင်ငံသာ ဖြစ်သည်။ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အား အများစုကို ပြည်တွင်းတွင် အသုံးပြုနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ မြန်မာ့ ရေအားလျှပ်စစ် စီမံကိန်းများ စတင် လည်ပတ်သောအခါ တရုတ်နိုင်ငံသို့ ဓာတ်အား ပြန်ပို့ရန် တရုတ် ကုမ္ပဏီများက ကြံစည်နေကြခြင်း ဖြစ်သည်ဟု ဇိုက ရှင်းပြပါသည်။

          အမှန်တကယ်မှာ မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုတွင် ကမ္ဘာ့ အဆိုးဆုံး တိုင်းပြည် တစ်ခုသာ ဖြစ်ပါသည်။ လူဦးရေ သန်း ၅၀ ကျော်အတွက် လျှပ်စစ်ဓာတ်အား ၁၇၀၀ မဂ္ဂါဝပ်မျှ သာ ထုတ်လုပ်နိုင်ပါသည်။

          တရုတ်နိုင်ငံ၏ နိုင်ငံတကာ မြစ်ကြောင်းများပေါ်တွင် ရေအားလျှပ်စစ် လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲများ ရှိသောကြောင့် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ခြေဦး လှည့်နေခြင်း ဖြစ်သည်ဟု လည်း ဇိုက ဆိုပါသည်။

          ဧရာဝတီနှင့် မဲခေါင်မြစ်များ၏ ယူနန်ပြည်နယ်တွင်းရှိ တရုတ်နိုင်ငံ အပိုင်းပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် အစီအစဉ်ကို ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း ထိခိုက်စေသည့် အတွက် ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသောကြောင့် တရုတ် ဗဟို အစိုးရက လွန်ခဲ့သည့် နှစ်တွင် ရပ်ဆိုင်းခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment