Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း ဟေတီနိုင်ငံ သမ္မတ Rene Preval က ထုတ်ဖော် ပြောကြားလိုက်ပါသည်။

ထိုသို့ စီစဉ်ထားသော ရွေးကောက်ပွဲကို ရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်သည့် ဟေတီနိုင်ငံ အစိုးရ၏ လုပ်ရပ်ကို ကြည့်ပါက မြန်မာ စစ်အစိုးရနှင့်လွန်စွာ ကွဲပြား ခြားနားလွန်းနေသည်ကို တွေ့နိုင်ပါသည်။

မြန်မာ စစ်အစိုးရက ၂၀၀၈ ခုနှစ်၊ မေလတွင် နာဂစ်မုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်မှုဖြစ်ပွား ခဲ့သည့်တိုင် မုန်တိုင်း အပြီးရက် အနည်းငယ် အကြာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒ ခံယူပွဲကို မဖြစ်မနေ ဖိအားပေး ကျင်းပခဲ့သည်။

ဟေတီနိုင်ငံသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် မူလက အစီအစဉ် ရှိခဲ့သည်။  အဆိုပါ ရွေးကောက်ပွဲသည် ဟေတီနိုင်ငံ ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေးအတွက် လွန်စွာ အရေးကြီးသော  agenda တစ်ခု ဖြစ်ခဲ့သည်။

ဟေတီတွင် နိုင်ငံရေး ပယောဂ ပါသော ဂိုဏ်းဖွဲ့ အကြမ်းဖက်မှုများ ပေါ်ထွက်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်မှ စ၍ ဘရာဇီး ဦးဆောင်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များ ဝင်ရောက် ထိန်းသိမ်း ပေးနေရပါသည်။

"ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို အခု အချိန် လောက်ကတည်းက လုပ်ရမှာ ဖြစ်ပေမယ့်လည်း အခြေအနေအရ လုပ်လို့ ရမှာ မဟုတ်သေးပါဘူး" ဟု သမ္မတ Rene Preval က ယာယီ သမ္မတ ရုံးခန်းတွင် အင်တာဗျူးလုပ်ရာ၌ ပြောကြားပါသည်။

ဟေတီ သမ္မတ Rene Preval မှာ ငလျင် လှုပ်ခတ်ပြီး နောက်ပိုင်း ပြောဆို လုပ်ကိုင်မှုများနှင့် ပတ်သက်၍ ပြည်သူအများ၏ ဝေဖန်မှုကို ခံနေရသည်။ America Media/ Bendixen & Amandi က ပြုလုပ်သော စစ်တမ်းတစ်ရပ်အရ ဖလော်ရီဒါ တောင်ပိုင်းတွင် နေထိုင်သော ဟေတီနိုင်ငံသား ၆၃ ရာခိုင်နှုန်းက ယခုကဲ့သို့သော သဘောဝ ဘေးအန္တရာယ် ဆိုးကြီးအပေါ် ဟေတီ သမ္မတ၏ တုံ့ပြန်မှုကို လက်သင့်ခံ သဘောတူခြင်း မရှိကြပေ။

အစိုးရ အဆောက်အအုံများမှာ ငလျင်ဒဏ်ကြောင့် ပျက်စီသွားခဲ့ပြီး အစိုးရ ဝန်ထမ်းများလည်း ရဲစခန်းများနှင့် ရဲစခန်း အနီးတဝိုက်တွင် တဲထိုးကာ အလုပ် လုပ်ကိုင်နေကြရသည်။

သမ္မတ Rene Preval က မိမိတို့ အစိုးရအနေဖြင့် အများပြည်သူ ဆက်ဆံရေးတွင် အကျိုးအမြတ် ထွက်စေရေးအတွက် ယခုလို သဘာဝ ဘေးန္တရာယ် ဆိုးကြီးကို ခုတုံးလုပ်မည် မဟုတ်ကြောင်း ပြောကြားသည်။

မိမိသည် ငလျင် လှုပ်ခတ်သည့် ညပိုင်းနှင့် နောက်တစ်နေ့တွင် Port au Prince မြို့သို့ လှည့်လည် ကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောကြားပါသည်။ "လူတွေ အတော်များများက ဒဏ်ရာ ရသူတွေကို စကားပြောဖို့၊ ဆေးရုံရဲ့ အခြေအနေကို မှတ်တမ်းတင် ရိုက်ကူးဖို့ လုပ်ခဲ့ကြတာကို တွေ့ရတယ်။ ကျွန်တော်ကတော့ အကူအညီ ရဖို့နဲ့ အလုပ်ကို ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကို စဉ်းစားခဲ့ပါတယ်" ဟု ၎င်းက ဆက်လက် ပြောသည်။

ဟေတီ နိုင်ငံတော် ဘတ်ဂျက်၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းမှာ နဂိုကတည်းက နိုင်ငံခြား အကူအညီပေါ် မှီခို အားထား နေရပေရာ ယခု ငလျင်ကြီး လှုပ်ခတ်မှု နောက်ပိုင်း သုံးလေးနှစ်အတွင်း နိုင်ငံတကာ အကူအညီပေါ် ပိုမို မှီခိုအားထားလာရမည့် သဘောတွင် ရှိပါသည်။ နှစ်ပေါင်း ၁၀ နှစ်တာ ပြန်လည် တည်ဆောက်ရေး စီမံကိန်းများအတွက် လိုအပ်သည့် ဒေါ်လာဘီလျံ ပေါင်းများစွာ အတွက်လည်း သက်ဆိုင်သူများ ဆွေးနွေး တိုင်ပင်လျက် ရှိသည်ဟု သိရပါသည်။

ဟေတီ ရွေးကောက်ပွဲ ကောင်စီရုံး အဆောက်အအုံမှာ ငလျင်ကြောင့် ပြိုကျ ပျက်စီး သွားခဲ့ရပြီး ရွေးကောက်ပွဲ ကော်မရှင်အတွက် လုပ်ကိုင် ပေးနေသော ကုလသမဂ္ဂ ဝန်ထမ်းများမှာလည်း သေဆုံးခဲ့ရပါသည်။

"ရွေးကောက်ပွဲ ကောင်စီက တာဝန်ရှိတဲ့သူတွေ သေဆုံးသွားတာရယ်၊ နည်းပညာတွေ ပျက်စီးသွားတာရယ်ကြောင့် ကျွန်တော်တို့တွေ စီစဉ်ထားတဲ့ အတိုင်း ရွေးကောက်ပွဲကို ဘယ်လိုမှ ကျင်းပလို့ ရမှာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ လုပ်ရမှာက ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေ အနေနဲ့ ဘာဆက်လုပ်ကြမယ်၊ ဘယ်လို အစီအစဉ်တွေ ဆွဲကြမယ် ဆိုတဲ့ အချက်ကို ဆွေးနွေးဖို့ပါ" ဟု သမ္မတ Rene Preval က ဖြည့်စွက် ပြောကြားသည်။

ဟေတီသည် အနောက် ကမ္ဘာခြမ်း ဒေသတွင် အဆင်းရဲဆုံးသော နိုင်ငံတစ်ခု ဖြစ်သလို မြန်မာနိုင်ငံသည်လည်း အာရှတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ သို့သော် သဘာဝ ရင်းမြစ်များ ကြွယ်ဝချမ်းသာမှုတွင် ဟေတီက မြန်မာနိုင်ငံကို မည်သို့မျှ ယှဉ်၍ ရမည် မဟုတ်ပေ။

သို့တိုင်အောင် မြန်မာ စစ်အစိုးရသည် နာဂစ်မုန်တိုင်း ထိခဲ့သော ဒေသများသို့ နိုင်ငံတကာ အကူအညီများ ဝင်ရောက်မှုကို ပြင်းထန်စွာ ကန့်သတ် ပိတ်ပင်ခဲ့သည်။ နာဂစ်မုန်တိုင်း တိုက်ခတ် ပြီးနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကျင်းပရန် စီစဉ်ထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ကောက်ယူပွဲကို ရွှေ့ဆိုင်းပြီး အမျိုးသား နစ်နာ ထိခိုက်မှုကြီးအပေါ် အာရုံစိုက်ရန် စစ်အစိုးရကို တိုက်တွန်း ပြောဆိုခဲ့သည်။

သို့တိုင်အောင် စစ်အစိုးရက နာဂစ်မုန်တိုင်း တိုက်ခတ်မှုတွင် အသက်ရှင်လျက် ကျန်ရစ်သူ များထံမှ ဆန္ဒမဲ ထောက်ခံမှု ရရှိအောင် နည်းမျိုးစုံဖြင့် ကြိုးစားပြီး မဖြစ်မနေ ကျင်းပခဲ့သည်။ ဒုက္ခသည်များကို မောင်းထုတ်ပြီး ၎င်းတို့ ခိုလှုံနေသည့် အဆောက်အအုံများကို မဲရုံအဖြစ် အသုံးပြုခဲ့သည်။

"ရရှိနိုင်သော ရင်းမြစ်များ အားလုံးကို အသုံးပြုပြီး ဒုက္ခသည်များကို ကယ်ဆယ်ရမည့် အစား စစ်အစိုးရသည် အတုအယောင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ထောက်ခံပွဲ ကျင်းပကာ၎င်း၏ အချုပ်အခြာ အာဏာ တရားဝင် ဖြစ်စေရန်သာ အာရုံစိုက်ခဲ့သည်" ဟု မြန်မာ တစ်ပြည်လုံး ဆိုင်ရာ သံဃာတော်များ မဟာမိတ်အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ အဖွဲ့၊ မြန်မာ တစ်ပြည်လုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်တို့က နာဂစ် ဝင်ရောက်ပြီး နောက်ပိုင်း ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။

စစ်အစိုးရက အဆိုပါ လူထုဆန္ဒ သဘောထား ကောက်ယူပွဲတွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ထောက်ခံသည့် မဲပေါင်း ၉၃ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ကြေညာခဲ့သော်လည်း နိုင်ငံရေး လေ့လာသူနှင့် အတိုက်အခံ သမားများ အားလုံးက အတုအယောင်မျှသာ ဖြစ်သည်ဟု ဝေဖန် ပြောဆိုခဲ့ကြပါသည်။

အဆိုပါ လူထုဆန္ဒ သဘောထား ခံယူပွဲသည် စစ်အစိုးရ ကိုယ်တိုင် ကိုယ်ကျ အကောင်အထည် ဖော်နေသော နိုင်ငံတော် ရှေ့ဆက်သွားမည့် လမ်းပြမြေပုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ စစ်အစိုးရ၏ အစီအစဉ်အရ ယခု ၂၀၁၀ ပြည့်နှစ်အတွင်း ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန်လည်း ရှိပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က စစ်အစိုးရ၏ အကြီးတန်း အရာရှိ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ မတိုင်မီအထိ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်း ခံထားရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သဘောတရားမှာ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲပြီးမှ လွတ်မြောက်ဖွယ် ရှိသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ အချိန်အထိ မည်သည့် ရွေးကောက်ပွဲ ဥပဒေ သို့မဟုတ် ကျင်းပမည့် အချိန်ဇယားကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ နှင့် ယခု ကျင်းပမည့် ရွေးကောက်ပွဲတို့မှ စစ်အုပ်ချုပ်ရေးကို အရပ်သား အုပ်ချုပ်ရေး အသွင်ဖြင့် ဆက်လက် အကောင်အထည် ဖော်ရန် ရည်ရွယ်ထားခြင်းသာ ဖြစ်ပါသည်။ သို့အတွက်ကြောင့် ပင်မ အတိုက်အခံ ပါတီကြီးများက အဆိုပါ ရွေးကောက်ပွဲသို့ ဝင်ရန်၊ မဝင်ရန် ဟူသော ကိစ္စအား ယခု အချိန်အထိ မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေကြရသည်။

အချို့သော အတိုက်အခံ နိုင်ငံရေး သမားများနှင့် ပါတီများက အမျိုးသား စည်းလုံး ညီညွတ်ရေးကို အကောင်အထည် မဖော်မီ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲပေးရန် စစ်အစိုးရကို တောင်းဆိုထားပါသည်။

မြန်မာ စစ်အစိုးရက ပြည်သူလူထု၏ အသက်ကို မငဲ့ကွက်ဘဲ ၎င်း၏ အာဏာတည်တံ့ရေး တစ်ခုတည်းအတွက် နည်းလမ်းမျိုးစုံ ရှာဖွေနေချိန်တွင် ဟေတီ သမ္မတကမူ ၎င်းအနေဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် နောက်ပိုင်း ကာလများတွင် ရာထူးသက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း အာဏာ ဆက်လက် ရရှိရေးအတွက် ကြိုးပမ်းမည် မဟုတ်ကြောင်း ထုတ်ဖော် အသိပေးလိုက်သည်။

Irrawaddy သတင်းဌာန၏ More Differences Between the Haiti-Burma Disasters ကို ဘာသာပြန် ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment