Transparency Myanmar

transparency.myanmar@gmail.com

Reuters, 3rd February 2010

တရုတ်နိုင်ငံသည် မြန်မာပြည် အတွင်း ဖြတ်သန်း သွယ်တန်းနေသည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းမှ စွမ်းအင် ရင်းမြစ်များ မကြာမီ ရရှိတော့မည် ဖြစ်သော်လည်း နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများနှင့် အရပ်ဖက် ပြဿနာများကြောင့် ဒုက္ခရောက်နေသည့် အပယ်ခံ မြန်မာနိုင်ငံ၏ လက်တွင်းသို့ ၎င်း၏ စွမ်းအင် လုံခြုံမှု အချို့ကို အပ်ထားခြင်းသည် အန္တရာယ်များသည့် လောင်းကြေး ထပ်မှု တစ်ခု ဖြစ်လာနိုင်ပါသည်။

တစ်နှစ်လျှင် (၁၂) ဘီလျံ ကုဗမီတာ သယ်ဆောင်နိုင်စွမ်း ရှိသည့် ဓာတ်ငွေ့ ပိုက်လိုင်းသည် လာမည့် (၂) နှစ်အတွင်း ပြီးစီး လည်ပတ်နိုင်မည် ဖြစ်၍ မြန်မာနိုင်ငံ၏ ကြွယ်ဝသော ကမ်းလွန် လုပ်ကွက်များမှ စွမ်းအင်ရင်းမြစ်များကို တရုတ်ပြည် အနောက်တောင်ပိုင်းသို့ သယ်ယူတော့မည် ဖြစ်ပါသည်။

အကယ်၍ အားလုံး အစီအစဉ်တကျ ဖြစ်ခဲ့ပါက တရုတ်နိုင်ငံသည် မဝေးလှသော အနာဂါတ်တွင် ရေနံစိမ်း တန်ချိန် (၁၂) သန်းကို သီးခြား ပိုက်လိုင်းမှ တဆင့် နှစ်စဉ် လက်ခံရရှိမည် ဖြစ်၍ အဆိုပါ ပမာဏသည် ၎င်းအား ပဉ္စမမြောက် အများဆုံး ရောင်းချသူ ဆူဒန်ထံမှ ယခင်နှစ်က တင်သွင်းခဲ့သည့် ပမာဏခန့် ရှိပါလိမ့်မည်။ ပိုက်လိုင်း ဖွင့်လှစ်မည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးပါ။

စစ်ဖက် အုပ်ချုပ်သူများဘက်မှ ရပ်တည်ပေးလေ့ ရှိသော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေ ဖြစ်ပြီး လက်နက်များ ရောင်းချပေးခြင်း၊ လိုအပ်လျှင် သံတမန်ဆိုင်ရာ အကာအကွယ် ပေးခြင်း တို့အပြင် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက် ရရှိရေးနှင့် မြန်မာ့ သဘာဝ ရင်းမြစ်များကိုလည်း တပ်မက်သည့် မျက်လုံးဖြင့် အမြဲ စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။

သို့ရာတွင် ၎င်းတို့၏ ဆက်ဆံရေးမှာ စိတ်ချင်း တွေ့ဆုံကြသည်ထက် လက်တွေ့ အကျိုးစီးပွား အပေါ် အခြေခံပုံ ရပါသည်။ အာဏာရှင် အစိုးရ (၂) ဖွဲ့သည် မဆုံနိုင်သော မျဉ်းပြိုင်များသာ ဖြစ်ပါသည်။

မြန်မာ နယ်စပ် မတည်ငြိမ်မှုများသည် ၎င်းတို့ ပိုင်နက်အတွင်း ပျံ့နှံ့ လာနိုင်သဖြင့် တရုတ်က စိုးရိမ်နေသလို မြန်မာကလည်း ၎င်း၏ မြောက်ဖက် အိမ်နီးချင်း အင်အားကြီး နိုင်ငံအပေါ် ထားရှိသည့် ကြီးမားသော သံသယကို သိုဝှက်ထားပါသည်။

ယခင်နှစ် သြဂုတ်လက မြန်မာ စစ်တပ်နှင့် ကိုးကန့် တပ်ဖွဲ့များ တိုက်ခိုက်ကြခြင်းကြောင့် စစ်ပြေး ဒုက္ခသည် ထောင်ပေါင်းများစွာတို့ တရုတ်ပြည်တွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ စိုးရိမ် ပူပန်မှုများ သိသာစွာ ပေါ်ထွက်လာခဲ့ပါသည်။ ဘေဂျင်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော နယ်စပ် တိုက်ပွဲများကိုလည်း မြန်မာစစ်တပ်က ရပ်ဆိုင်းခဲ့ပါသည်။

"တကယ်လို့ မြန်မာပြည်ထဲက ပိုက်လိုင်းက လောလောဆယ်မှာ ပြဿနာ လုံးဝ မရှိဘူးလို့ ဘီဂျင်းက စဉ်းစားခဲ့ရင်တောင် နောက်ပိုင်းကျရင် သူတို့ ပြန်စဉ်းစားရမှာပါ"ဟု London School of Economics Centre မှ မြန်မာ့အရေး ကျွမ်းကျင်သူ မောင်ဇာနည်က ပြောကြားပါသည်။ "မြန်မာအစိုးရက လတ်တလောမှာ သူတို့ (တရုတ်) နဲ့ အဆင်ပြေပြေ ပေါင်းဖက်နေပေမယ့်လည်း တရုတ်ပိုင်နက်ထဲကို ဝင်ပစ်တာတွေ ဖြစ်နိုင်သေးတယ်"ဟု ၎င်းက ဆက်လက် ပြောဆိုပါသည်။

မလက္ကာ ရေလက်ကြား ပြဿနာ

ကမ္ဘာ့ ဒုတိယ ရေနံ အများဆုံး သုံးစွဲသူ တရုတ်နိုင်ငံက ၎င်း၏ ပြည်တွင်း စွမ်းအင် မဟာဗျူဟာ စည်းဝိုင်း တစ်ခုဖြစ်သော မလက္ကာ ရေလက်ကြား အကျပ်အတည်းမှ ထွက်ပေါက် တစ်ခုအဖြစ် မြန်မာပြည် ပိုက်လိုင်း စီမံကိန်းကို ရှုမြင်နေပါသည်။

၎င်းတို့ စိုးရိမ်နေသော အချက်မှာ စစ်ဖက် ပြဿနာများ ဖြစ်ပွားလာပါက မလေးရှားနှင့် အင်ဒိုနီးရှားကြားရှိ ကျဉ်းမြောင်းလှသည့် မလက္ကာ ရေလက်ကြားကို ဖြတ်သန်း သယ်ဆောင်နေသော ရေနံတင် သင်္ဘောများကို ရန်သူ အင်အားစုများက ပိတ်ဆို့ တားဆီးသွားနိုင်မှာကို ဖြစ်သည်။

တရုတ်နိုင်ငံ ရေနံတင်သွင်းမှု၏ (၈၀ %) သည် အဆိုပါ လမ်းကြောင်းမှ ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ နယ်မြေသည် နဂိုကပင် ပင်လယ်ဓားပြ ပြဿနာ ရှိနှင့်နေပြီး ဖြစ်သည်။ Lloyd's Market Association ရေကြောင်းကုမ္ပဏီ၏ ပူးပေါင်း စစ်ကော်မတီက စစ်ပွဲ အန္တရာယ် ရှိသော ဇုန်အတွင်းတွင် အဆိုပါ ဒေသကို ထည့်သွင်းထားပါသည်။

မြန်မာနိုင်ငံကို ဖြတ်၍ စွမ်းအင်ရင်းမြစ်များ သယ်ဆောင်ခြင်းသည် ရေလက်ကြားကို ရှောင်ရှားရာတွင် အလွယ်ဆုံး နည်းလမ်းဖြစ်ပြီး ဗဟိုအာရှဒေသမှ ရေနံစိမ်းများကို ပိုက်လိုင်းမှ သယ်ယူခြင်းသည် သယ်ယူရေး လမ်းကြောင်း ပေါင်းစုံကို ကြိုးပမ်း အားထုတ်နေခြင်း အတွက် များစွာ အကျိုးရှိမည် ဖြစ်ပါသည်။

"ပိုက်လိုင်းတွေထဲက တစ်ခုက ရေနံစိမ်း အတွက် သီးသန့် ဖြစ်ပြီး ဒီရေနံတွေက မြန်မာက လာမှာ မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းက သင်္ဘောနဲ့ လာတဲ့ ရေနံကို ချပြီး ပိုက်လိုင်းနဲ့ ယူနန်ကို ပို့မှာ ဖြစ်ပါတယ်။ ဒါက သိပ်ကို အရေးကြီးပါတယ်"  ဟု ပြောကြားသူမှာ Singapore's Institute of Southeast Asian Studies မှ ပညာရှင် Ian Storey ဖြစ်ပါသည်။

"ကိုးကန့် ကိစ္စ အပေါ် သုံးသပ်ကြည့်လို့ ရတဲ့ အချက်တစ်ချက်က ပိုက်လိုင်းကိစ္စကို ပြင်ဆင်ဖို့ မြန်မာအစိုးရက နယ်စပ်ဒေသကို ရှင်းလင်းတဲ့ သဘောလောက်ပဲလို့ ယူဆနိုင်ပါတယ်။ ဒါ့ကြောင့် တရုတ် အနေနဲ့ ဒီကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်သင့်ပါဘူး။ ဒါဟာ သူတို့ရဲ့ အကျိုးစီးပွား အတွက်ပဲလေ" ဟု ၎င်းက မှတ်ချက်ပေးပါသည်။

သို့ရာတွင် မြန်မာ ဗဟို အစိုးရကို ဆယ်စုနှစ်ပေါင်း များစွာ တိုက်ခိုက်လာသော လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များစွာ၏ ကိစ္စနှင့် တရုတ်လူမျိုး ရွှေ့ပြောင်းသူများ၊ ကုန်သည်များ မြန်မာပြည်တွင်းသို့ စီးဝင်လာမှု အပေါ် လတ်တလော သံသယ ကြီးထွားလာသည့် ကိစ္စသည် အဓိက အန္တရာယ်ကြီး နှစ်ခုအဖြစ် ရှိနေသော်လည်း အကျိုးအမြတ်က ပိုပုံ ရနေပါသည်။

တရုတ်လူမျိုးတို့ အပေါ် ခါးသီးမှုများကို ရင်ဝယ် ပိုက်ထားကြသည့် မြန်မာလူထု၏ သဘောထားမှာ မုန်းတီးမှုနှင့် စည်းပါးပါးလေးသာ ခြားတော့သည်ဟု LSE မှ မောင်ဇာနည်က ဆိုပါသည်။ "တကယ်လို့ တရုတ် အကျိုးစီးပွားကို မြန်မာတွေက ဖျက်ဆီးချင်တဲ့ ဆန္ဒရှိရင် ကီလိုမီတာ (၈၀၀) ရှည်တဲ့ ပိုက်လိုင်းက သိပ်ကို လွယ်ကူတာပေါ့ဗျာ" ဟုလည်း ၎င်းက ပြောကြားပါသည်။

မြေနှင့် ပိုင်ဆိုင်မှုများ အသိမ်းခံရသည့် အတွက် ဒေါသထွက်နေသော ပိုက်လိုင်း လမ်းကြောင်း တလျှောက်မှ ဒေသခံ နေထိုင်သူများက တရုတ် အလုပ်သမားများနှင့် ရုံးခန်းများကို တိုက်ခိုက်ခဲ့ကြသည်ဟု ပြောကြားသူမှာ Shwe Gas Movement မှ ပြောရေးဆိုခွင့် ရှိသူ ဝမ်အောင် ဖြစ်ပြီး အဆိုပါ အဖွဲ့သည် ပိုက်လိုင်း စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်နေသော အဖွဲ့ဖြစ်သည်။ တရုတ်တွေ အပေါ် ပြည်သူတွေ ဒေါသ ထွက်နေတာကို မြင်ယောင် ကြည့်နိုင်ပါတယ်ဟု ၎င်းက ထိုင်းနိုင်ငံမှ တယ်လီဖုန်းဖြင့် ပြောကြားပါသည်။

"ဒီကိစ္စကြောင့် လူမှုရေး မငြိမ်သက်မှုတွေ၊ တိုက်ခိုက် ဖျက်ဆီးမှုတွေ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်" ဟုလည်း ဆိုပါသည်။

တဖန် အနောက်ဖက် အိမ်နီးချင်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို လွှမ်းမိုးရန် ကြိုးစားလာခြင်း၏ အကြောင်းရင်းကို သုံးသပ်ကြည့်လျှင် တရုတ်က ဘီဂျင်းဘက်တော်သား နိုင်ငံများဖြင့် အိန္ဒိယကို ဝိုင်းရံနေခြင်း၊ ပြဿနာများ ဆက်လက် ဖြစ်ပေါ်ရန် အလားအလာ ရှိနေခြင်းတို့ကြောင့် ဒေလီ၏ စိုးရိမ်မှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

"တကယ်လို့များ မြန်မာနိုင်ငံကို တရုတ်ဆီ ပေးလိုက်ရပြီလို့ အိန္ဒိယက သတ်မှတ်လိုက်ပြီဆိုရင် အချိန်မရွေး ဖြစ်လာနိုင်တဲ့ ဖြစ်ရပ်တွေကို အလွယ်တကူ ပုံဖော် ကြည့်နိုင်ပါတယ်။ တရုတ် ပိုင်ဆိုင်မှု စီးပွားတွေကို ပစ်မှတ်ထားလာမယ့် ဆန့်ကျင်ရေး အဖွဲ့အစည်းတွေ၊ မကျေနပ်တဲ့ မြန်မာစစ်သားတွေကို အိန္ဒိယက တိတ်တဆိတ် ကူညီတာမျိုးပေါ့ဗျာ" ဟု LSE မှ မောင်ဇာနည်က ပြောကြားပါသည်။

သို့သော်လည်း အိန္ဒိယ ကုမ္ပဏီ (၂) ခုကို ပိုက်လိုင်း စီမံကိန်းတွင် ပါဝင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုခြင်းဖြင့် မြန်မာက အိန္ဒိယကို ကစားဝိုင်းအတွင်း ဆွဲသွင်းလိုက်ပါသည်။ နိုင်ငံပိုင် GAIL India က (၄ %) နှင့် ONGC က (၈ %) အသီးသီး ရင်းနှီး မြှုပ်နှံကြမည်ဟု အိန္ဒိယ မီဒီယာများက ယခင်လက ထုတ်ပြန် ကြေညာခဲ့ပါသည်။

လူထု ဆက်ဆံရေး နယ်ပယ် ထိခိုက်မှု

ယခု စီမံကိန်းသည် တရုတ်နိုင်ငံ အတွက် နောက်ထပ် နိုင်ငံတကာ လူထု ဆက်ဆံရေး ထိခိုက်မှု တစ်ခု ဖြစ်လာနိုင်ပြီး ၂၀၀၈  အိုလံပစ်အတွက် စည်းရုံး ဆွဲဆောင်နေသည့် ကာလက ဆူဒန်တွင် ရေနံ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကြောင့် ပြင်းထန်စွာ အပြစ်တင်ခံခဲ့ရသူ ဘီဂျင်းအဖို့ မျက်နှာပူစရာ ဖြစ်လာပြန်ပါသည်။

ပိုက်လိုင်း စီမံကိန်းကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ယူမည့် မြန်မာစစ်တပ်ကြောင့် ဒေသခံ ပြည်သူများ အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပြီး ပိုက်လိုင်း တည်ဆောက်ခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထပ်ဖန် တလဲလဲ ဖော်ပြခဲ့ကြပါသည်။

ရေနံနှင့် ဓာတ်ငွေ့ အပေါ် ပြင်းပြစွာ တပ်မက်နေခြင်းကြောင့် ကမ္ဘာ့ ဆက်ဆံရေး နယ်ပယ်တွင် တရုတ် အတွက် နောက်ထပ် စိတ်ညစ်စရာ ဖြစ်စေမည့် အလားအလာများကို ဘီဂျင်းက ပျော်ရွှင်စွာ ခံယူပါလိမ့်မည်ဟု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့မှ မြန်မာ့ရေးရာ သုတေသနမှူး David Mathieson က ပြောကြားပါသည်။

"ဖြစ်နိုင်တာကတော့ မြန်မာပြည်မှာ တရုတ်က လုပ်နေတဲ့ အရာ အားလုံးအတွက် အခုပိုက်လိုင်း စီမံကိန်းက အမှန်တကယ် မှတ်ကျောက် ဖြစ်လာနိုင်ပါတယ်။ သူတို့အတွက် အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်ပြီး အရှက်ကွဲရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်" ဟု ၎င်းက ဆိုပါသည်။ "ဒါပေမယ့် ဒီအကြောင်း အရာတွေက စီမံကိန်း ရပ်ဆိုင်းသွားဖို့ လုံလောက်တဲ့ အချက်တွေလို့ ကျွန်တော် မထင်ပါဘူး။ သူတို့က ဓာတ်ငွေ့ လိုချင်နေတာ အချိန် အတော်ကို ကြာနေပါပြီ" ဟုလည်း မှတ်ချက်ပေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment