Transparency Myanmar

transparency.myanmar@gmail.com

Reuters, 3rd February 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံကို ဖြတ်သန်း သွယ်တန်းနေသည့် အငြင်းပွားဖွယ် ပိုက်လိုင်း ၂ခုမှ တဆင့် ရေနံနှင့် ဓါတ်ငွေ့များကို တရုတ်နိုင်ငံက မကြာခင် စတင် လက်ခံ ရရှိတော့မည် ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းနှင့် ပတ်သက်သော အချက် တစ်ချို့ကို အောက်တွင် ဖော်ပြထားပါသည်။

ဘာတွေ ပိုက်လိုင်းက သယ်မလဲ

ပထမ ပိုက်လိုင်းသည် အရှေ့အလယ်ပိုင်း နှင့် အာဖရိကမှ ရေနံတင် သင်္ဘောများဖြင့် လာသော ရေနံများကို မြန်မာ ဆိပ်ကမ်းတွင် ချကာ တရုတ်သို့ သယ်ဆောင်ပေးမည် ဖြစ်၍ ကျဉ်းမြောင်းသော မလက္ကာ ရေလက်ကြားကို ရှောင်ရှား နိုင်မည် ဖြစ်ပါသည်။

          ၎င်းပိုက်လိုင်းသည် နှစ်စဉ် ရေနံစိမ်း တန်ချိန် ၁၂ သန်း တရုတ်သို့ သယ်ဆောင်ပေးမည် ဖြစ်၍ ယခင်နှစ်က တင်သွင်းခဲ့သော စုစုပေါင်း ပမာဏ၏ ၆ % ရှိပြီး ပဉ္စမမြောက် အများဆုံး ရောင်းချပေးသူ ဆူဒန်မှ တင်သွင်းသည့် ပမာဏခန့် ရှိပါသည်။ ပိုက်လိုင်း ဖွင့်လှစ်မည့်ရက် အတိအကျကို မသတ်မှတ် ရသေးပါ။အခြား ပိုက်လိုင်းမှာ နှစ်စဉ် မြန်မာ ဓါတ်ငွေ့ ၁၂ ဘီလျံ ကုဗမီတာကို တရုတ်နိုင်ငံသို့ သယ်ယူ ပို့နိုင်စွမ်း ရှိပြီး လာမည့် ၂ နှစ် အတွင်း စတင် ပို့ဆောင် နိုင်မည်ဟု မျှော်လင့်ထားပါသည်။

ဘယ်နေရာကို ပိုက်လိုင်း ဖြတ်သွားမလဲ

ပိုက်လိုင်း ၂ လိုင်းစလုံးသည် မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းမှ စတင်ကာ အရှေ့မြောက်ဖက် မန္တလေးမြို့တော်သို့ ဦးတည်ကာ ထိုမှတဆင့် ယူနန်ပြည်နယ် အနောက်တောင်ပိုင်း တရုတ် နယ်စပ် ရွှေလီကို ဖြတ်သန်းမည် ဖြစ်သည်။

          ၎င်းပိုက်လိုင်းများသည် ရွှေလီမှ တဆင့် ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ရောက်ရှိကာ နောက်ဆုံးတွင် ချုံကင်းနှင့် နန်နင်းမြို့တော် များတွင် အဆုံးသတ်မည် ဖြစ်သည်။

ဘယ်ကုမ္ပဏီတွေ ပါဝင်သလဲ

          တရုတ်နိုင်ငံ၏ ထိပ်တန်း ရေနံနှင့် ဓါတ်ငွေ့ထုတ်လုပ်သူ CNPC သည် စီမံကိန်းတွင် အဓိက သက်ဆိုင်သည့် တရုတ် ကုမ္ပဏီ ဖြစ်သည်။ ၎င်း၏ လက်တွင်းရှိ နိုင်ငံရေး အရ အကဲဆတ်သည့် ပြည်ပ ပင်လယ်ရပ်ခြား လုပ်ငန်းများကို ထိန်းသိမ်းထားပြီး နာမည်ကြီး Petro China မှတဆင့် ၎င်း၏ စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

          Petro China သည် မြန်မာ ပိုက်လိုင်းမှ ရောက်လာမည့် ရေနံစိမ်းများကို သန့်စင်မည့် တစ်နေ့လျှင် စည် ၂ သိန်း ကျ ရေနံချက် စက်ရုံကို တည်ဆောက်ရန် စတင် စီစဉ်နေပါသည်။

          အဆိုပါ ရေနံချက် စက်ရုံတွင် အိန္ဒိယနိုင်ငံပိုင် Gail India က ရှယ်ယာ ၄% နှင့် အိန္ဒိယ ONGC က ၈ % အသီးသီး ရင်းနှီး မြှပ်နှံ ကြမည်ဟု အိန္ဒိယ မီဒီယာများက ယခင် လတွင် ဖော်ပြခဲ့ပါသည်။

          တောင်ကိုးရီးယား၏ ဒေဝူး အင်တာ နေရှင်နယ်က ဦးဆောင် လုပ်ကိုင်နေသော ကမ်းလွန် လုပ်ကွက်များတွင် ပါဝင်သည့် အခြား ပါတနာများမှာ မြန်မာ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း၊ Korea Gas Corp တို့ဖြစ်သည်။

စီမံကိန်း ကုန်ကျစရိတ်နှင့် ရရှိမည့် အခွန်ဝင်ငွေများ

          ပိုက်လိုင်း စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်နေသည့် Shwe Gas Movement က အဆိုပါ ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ဒေါ်လာ ၃.၅ ဘီလျံ ရှိမည်ဟု ခန့်မှန်း ထားပါသည်။ ကမ်းလွန် လုပ်ကွက်များမှ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်မှု စရိတ်ကလည်း ဒေါ်လာ ၃ ဘီလျံ ကျော်လိမ့်မည် ဟု ဆိုပါသည်။

          သို့ရာတွင် လာမည့် နှစ်ပေါင်း ၃၀ အတွင်း ဓါတ်ငွေ့ ရောင်းချမှု တစ်ခု ထဲမှပင် မြန်မာအစိုးရ အတွက် ဒေါ်လာ ၂၉ ဘီလျံကျော် ရရှိမည် ဖြစ်ပြီး အရေးယူ ပိတ်ဆို့မှု ခံနေရသည့် အစိုးရအတွက် အရေးကြီးသည့် ဝင်ငွေ ရင်းမြစ် ဖြစ်သည်ဟု ၎င်းတို့က ပြောကြားပါသည်။

ဘာကြောင့် အငြင်းပွားစရာ ဖြစ်နေတာလဲ

          လူ့အခွင့်အရေး အဖွဲ့များ၏ ပြောကြားချက်အရ  ပိုက်လိုင်းမှ ရရှိမည့် ဝင်ငွေမှ အနည်းငယ်မျှ ကိုသာ မြန်မာပြည်သူများ ခံစားရမည် ဖြစ်ပြီး စစ် အစိုးရက လက်နက် ဝယ်ယူခြင်း ကဲ့သို့သော ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ အတွက်သာ အသုံးပြု လိမ့်မည် ဟု ဆိုပါသည်။ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံသည် ၎င်းကိုယ်၌တွင် စွမ်းအင် မလုံလောက်မှုကို ဆိုးဝါးစွာ ခံစားနေရပါသည်။

          ပိုက်လိုင်း သွယ်တန်းမည့် လမ်းကြောင်းတွင် မြေသိမ်းယူမှု များကို လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြ ခဲ့ကြပြီး ပိုက်လိုင်း တည်ငြိမ်ရန် အတွက် အာဏာသုံး အတင်းအကျပ် ခိုင်းစေမှု များကို မြန်မာစစ်တပ်က လုပ်ဆောင်လိမ့်မည် ဟုလည်း စိုးရိမ် ပူပန် နေပါသည်။ ယခင်က အလားတူ စီမံကိန်းများတွင်လည်း ယင်းကဲ့သို့ပင် လုပ်ဆောင်ခဲ့ကြောင်း အထောက်အထားများ ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment