Transparency Myanmar

transparency.myanmar@gmail.com

Newsnow.com, 5th February 2010

       မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်းရှိ အိန္ဒိယ အရှေ့မြောက် သူပုန်တို့၏ စခန်းပေါင်း ၄၅ - ၅၀ ခန့်ကို ဖော်ထုတ် ရှင်းလင်းရန် နေပြည်တော်နှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ် တစ်ရပ်ကို အိန္ဒိယက ရေးဆွဲနေပါသည်။

အဆိုပါ စခန်းများအနက် (၃၀) ခန့်မှာ အခိုင်အမာ ဆောက်လုပ်ထားခြင်း ဖြစ်၍ ULFA ၏ စခန်း (၃) ခု ပါဝင်ပြီး စခန်း တစ်ခုလျှင် ULFA ကေဒါ (၁၅၀) မှ (၃၀၀) အထိ နေထိုင်နိုင်သည်ဟု သိရပါသည်။

          ယခင်လက ပြည်ထဲရေး ဝန်ကြီးဌာန အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ သွားရောက်ခဲ့ပြီးနောက် ယခု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာပြည်တွင်းရှိ စခန်း အများစုကို နာဂါလန် အမျိုးသား ဆိုရှယ်လစ် ကောင်စီ၏ အဖွဲ့ခွဲများ ဖြစ်သော ကပ်ပလန်နှင့် အီဆပ်မူဗား အဖွဲ့များက ထူထောင်ထားခြင်း ဖြစ်သည့်အပြင် UNLF ကဲ့သို့သော မဏိပူရီ အဖွဲ့များကလည်း နာဂါလန် ပြည်နယ် မန်းခရိုင် နှင့်ထိစပ်နေသော မြန်မာနိုင်ငံ ရွှေလို နှင့် ဟောင်ကျပ် ဒေသများတွင် များစွာ ရောက်ရှိနေပါသည်။

ယခင်နှစ်က ULFA ဥက္ကဌ အာရာဘင်ဒါ ရပ်ခ်ျခိုဝါနှင့် အခြားသူများအား ဒါကာ အစိုးရက ဖမ်းဆီးနှိမ်နင်းမှုများ ပြုလုပ်ခဲ့သည့် ကြားမှပင် ULFA အပါအဝင် သူပုန်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေစိုက် စခန်း ၄၅ မှ ၆၀ ခန့်အထိ ထူထောင်ထားကြပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းရှိ စခန်းအများစုမှာ နှစ်ပေါင်း အတန်ကြာပြီ ဖြစ်၍ လူနေကျေးရွာများ အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သော်လည်း သူပုန် (၄-၅) ဦး ရှိပါက သူပုန်စခန်းဟု သတ်မှတ်မည်သာ ဖြစ်သည်ဟု ဒိုင်မာပူတွင် ရုံးစိုက်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး NK Singh က ပြောကြားပါသည်။

တပ်မဟာ (၃) ၏ ငွေရတု အခမ်းအနား မကျင်းပမီ ဗုဒ္ဓဟူးနေ့တွင် NK Singh က ရွေးချယ် ဖိတ်ကြားထားသည့် မီဒီယာ သမားများကို ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ နာဂါလန်၊ မဏိပူ၊ မီဇိုရမ်၊ ထရီပူရ နှင့် မီဂါလာယာ ပြည်နယ်များမှ တော်လှန် ပုန်ကန်မှုများကို နှိမ်နင်းရန် ဖေဖော်ဝါရီ (၄) ရက် ၁၉၈၅ တွင် တပ်မဟာ (၃) ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံ အတွင်းက စခန်းတွေကို ဖယ်ရှား ရှင်းလင်းဖို့ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်မှာ ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး မြန်မာနိုင်ငံကို သွားရောက် ညှိနှိုင်းမှုရဲ့ နောက်ဆက်တွဲအဖြစ် ဆုံးဖြတ်ချက် ချတာတို့၊ အစီအစဉ် ဆွဲတာတို့ လုပ်နေတဲ့ အဆင့် ဖြစ်ပါတယ်။ နေပြည်တော်က မီးစိမ်းပြတာကို ကျွန်တော်တို့ တပ်ဖွဲ့တွေ စောင့်နေတာပါ" ဟု Singh က ပြောကြားခဲ့ပါသည်။

မြန်မာပြည် နယ်စပ်တွင် ပုန်းအောင်းနေသော ULFA တပ်မှူး ပါရတ်ဘာဂူး နှင့် အခြား သူပုန်ခေါင်းဆောင်များကို ခြေရာခံ ထောက်လှမ်းရာမှ အခြေစိုက် စခန်းများ၏ စာရင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထောက်လှမ်းရေး အရာရှိများ၏ အဆိုအရ ပါရတ်ဘာဂူးသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့တောင် အာရှ နိုင်ငံများအကြား လွန်းပြန် ကူးသန်းနေခြင်း ဖြစ်ပြီး အရှိန်လျော့နေသည့် ULFA ၏ ဇက်ကြိုးကို ထိန်းရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု သိရပါသည်။

မြန်မာနိုင်ငံတွင် ပုန်းအောင်း၍ အစီအစဉ်များ ရေးဆွဲလေ့ရှိသူ ဘာဂူးသည် ခိုင်မာ အားကောင်း နေသေးသည်ဟု ဆိုနိုင်ကြောင်း အာသံ ရဲအရာရှိများက ပြောကြားပါသည်။ ဒက်ကားတွင် တရားရုံးစစ်ဆေးမှု ခံယူနေရသူ ULFA အထွေထွေ အတွင်းရေးမှူး ဂိုရတ်ဘာဂူး အေလီယတ်စ် အေနပ်ချီတား ပြီးလျှင် အာဏာအရှိဆုံး ထိပ်ပိုင်း ခေါင်းဆောင်လည်း ဖြစ်ပါသည်။

ULFA ဥက္ကဌ အာရာဘင်ဒါ ရပ်ခ်ျခိုဝါ နှင့် လက်ထောက်တပ်မှူး ရာဂျူးဘာဂူးတို့သည် ယခင်နှစ် ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ရန် ကြိုးစားစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ အဖွဲ့၏ နိုင်ငံခြားရေးရာ ဝန်ကြီး ဆာရှာဟာ ချောင်ဒူရီ နှင့် ဘဏ္ဍာရေး ဝန်ကြီး ချီထရာဘွန် ဟာဇာရီကာ တို့မှာလည်း လွန်ခဲ့သည့် တစ်လကျော်က အလားတူ ပုံစံမျိုးဖြင့် အဖမ်းဆီးခံ ရပါသည်။ အခြား ဝါရင့် ခေါင်းဆောင်များမှာ စောစောပိုင်းကပင် ဖမ်းဆီးခံရပြီး အချို့မှာလည်း တာဝန်မှ ရပ်နားသွားပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment