Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) က မြန်မာနိုင်ငံ တစ်ဝန်းမှ ကလေးများကို အဓမ္မ စေခိုင်းမှုနှင့် ကလေး စစ်သားအဖြစ် သိမ်းသွင်းမှုများနှင့် ပတ်သက်၍ ကန့်ကွက် ရှုတ်ချသည့် စာရွက် စာတမ်းများကို ဖြန့်ဝေသွားမည်ဟု သိရသည်။ ယင်းသို့ ဖြန့်ဝေရာတွင် စစ်အစိုးရ၏ စာပေစိစစ်ရေး အဖွဲ့၏ ခွင့်ပြုချက်ကို ရယူမည် မဟုတ်ဟု ဆိုသည်။

ကမ္ဘာ့ ကလေးစစ်သား အများဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်သော မြန်မာနိုင်ငံသည် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO)၏ မျက်ခြည်မပြတ် စောင့်ကြည့်ခြင်းကို ခံနေရပြီး ILO သည် အဆိုပါ ပြဿနာများ တိုက်ဖျက်ရေးအတွက် လုပ်ပိုင်ခွင့်များ ရရှိထားသည်။

ILO က ဖြန့်ဝေမည့် စာတမ်းများတွင် ပါရှိမည့်  အချက်အလက်များအား စစ်အစိုးရ၏ အလုပ်သမား ဝန်ကြီးဋ္ဌာနသို့ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း ရန်ကုန် အခြေစိုက် ILO သတင်း ပြန်ကြားရေးနှင့် ဆက်သွယ်ရေး အရာရှိ Steve Marshall က ပြောသည်။

ILO ဒါရိုက်တာ Kari Tapiola နှင့် အလုပ်သမား ဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးအောင်ကြည်တို့ ယခင်လက တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယင်းသို့ စာရွက် စာတမ်းများ ဖြန့်ဝေမည့် အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံပြီးနောက် စစ်အစိုးရနှင့် ILO တို့အကြား နားလည်မှုများ ပိုမို ရရှိလာကြသည်။ အဓမ္မ အလုပ် ခိုင်းစေမှုနှင့် ကလေးစစ်သား စုဆောင်းမှုများနှင့် ပတ်သက်ပြီး ILO သို့ တိုင်ကြားသူများအပေါ် အစိုးရက အပြစ်ပေး အရေးယူခြင်းများ မပြုလုပ်ရန် သဘော တူညီချက်များ ရရှိခဲ့ကြသည်။

စာရွက်စာတမ်းများကို ဘာသာစကား စုံလင်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ သွားမည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံတွင် အဓမ္မ အလုပ် စေခိုင်းမှုနှင့် ကလေးစစ်သား
စုဆောင်းမှုတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆယ်စုနှစ်များစွာ တိုက်ပွဲ ဖြစ်ပွားလျက် ရှိသော နယ်စပ်ဒေသများတွင် အဓိက ဖြစ်ပေါ်လျက် ရှိသည်။

ပထမဦးစွာ ဖြန့်ဝေမည့် စာရွက်စာတမ်းကို မြန်မာ ဘာသာဖြင့် ပုံနှိပ်မည် ဖြစ်ကြောင်း၊ အကယ်၍ တိုင်းရင်းသား ဘာသာစကားများဖြင့် ဖြန့်ဝေဖြင်း မပြုလုပ်ပါက တရားမျှတမှု ရှိမည် မဟုတ်ကြောင်း အဆိုပါ ILO အရာရှိက ဆက်လက် ပြောဆိုသည်။ ILO သည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလကပင် စတင်၍ အဆိုပါ ကိစ္စအတွက် ကြိုးပမ်းခဲ့ရာ စစ်အစိုးရနှင့် နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ အဆိုပါ သဘောတူ နားလည်မှုတွင် အဓမ္မ အလုပ် စေခိုင်းမှုနှင့် ကလေးစစ်သား စုဆောင်းမှု၊ မြေယာမြေ ပိုင်ဆိုင်မှုတို့ကို မြန်မာ အစိုးရက ထိန်းချုပ်ပေးရန် ဟူသည့် အချက်များ ပါဝင်သည်။

အလုပ်သမား လှုပ်ရှားမှုများနှင့် အဓမ္မ စေခိုင်းမှုတို့နှင့် ပတ်သက်၍ လှုပ်ရှားသူများအား ဖမ်းဆီး အကျဉ်းချမှုများကိုလည်း ILO က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့သည်။ ၂၀၀၂ ခုနှစ် လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ တစ်ရပ်အရ မြန်မာစစ်တပ်တွင် တာဝန် ထမ်းဆောင်နေရသော စစ်သား ၂၀ ရာခိုင်နှုန်း (ခုနစ်သောင်း) သည် ကလေး စစ်သားများ ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်က ရရှိသော အစီရင်ခံစာ တစ်ခုအရ မြန်မာစစ်တပ်၏ လက်နက်ကိုင် တိုက်ခိုက်မှု ဖြစ်စဉ်များတွင် အသက် ၉ နှစ်အထိ ငယ်ရွယ်သော ကလေးစစ်သားများ ပါဝင်ကြောင်း သိရသည်။

DVB ၏ ILO to begin Burma child soldier campaign ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment