Transparency Myanmar

transparency.myanmar@gmail.com

           မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးအား စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားရာမှ ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် လွှတ်ပေး လိုက်ပြီးနောက် ကုလသမဂ္ဂအထူးသံတမန် Thomas Ojea Quintana သည် မြန်မာနိုင်ငံ သို့ လာရောက်မည် ဖြစ်ကြောင်း သိရပါသည်။

မစ္စတာ Quintanaက ခရီးစဉ်အတွင်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရ သော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခွင့်ပေးရန် တောင်းဆို ထားကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေနေများကိုလည်း လေ့လာအကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးများ ချိုးဖောက်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသော မြန်မာစစ်အစိုးရသည် NLD ဒုတိယ ခေါင်းဆောင် ဦးတင်ဦး(၈၂ နှစ်)ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လွှတ်ပေးခဲ့သည်။

စစ်အစိုးရက ဦးတင်ဦးအား နှစ်ပေါင်း ၇ နှစ်ခန့် နေအိမ်အကျယ်ချုပ် အပါအဝင် ထောင်တွင်း အကျဉ်းချမှုများ ပြုလုပ်ပြီးနောက် လွှတ်ပေးလိုက်ခြင်း ဖြစ်ပါသည်။ဦးတင်ဦးသည် NLD ပါတီ ထူထောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား အကူအညီပေးခဲ့ သူတစ်ဦး ဖြစ်ပါသည်။

"ကျွန်တော် အခုလို လွတ်မြောက်လာလို့ မပျော်နိုင်ပါဘူး၊ ကျွန်တော့်ရဲ့ လုပ်ဖော် ကိုင်ဖက် တွေ ထောင်ထဲမှာ နှစ်ရှည်လများ ထိန်းသိမ်း ခံနေရတဲ့အတွက် အတော့်ကို စိတ်မကောင်း ဖြစ်မိ ပါတယ်" ဟု ဦးတင်ဦးက ဖမ်းဆီးထိန်းသိမ်းမှုမှ လွတ်မြောက်လာပြီးနောက် ရွှေတိဂုံ စေတီတော်သို့ သွားရောက်ကာ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များအတွက် ဝတ်ပြုဆုတောင်းစဉ် သတင်း ထောက်များအား ပြောကြားပါသည်။

လူ့အခွင့်အရေး စောင့်ကြည့်သော အဖွဲ့အစည်းများ၏ အဆိုအရ မြန်မာစစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်အား ဖမ်းဆီးထိန်းသိမ်း ထားပါသည်။တစ်ချိန်က ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်ခဲ့ဖူးသော ဦးတင်ဦးသည် ဖမ်းဆီးထိန်းသိမ်း မှုမှ လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီအတွက် ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

NLD ၏ ဒုတိယဥက္ကဋ္ဌအနေဖြင့် နိုင်ငံရေး ဆောင်ရွက်ချက်များကို ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ၂၀ ဦးနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောပါသည်။ NLD ပါတီ ၏ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သော ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဖြစ်ရာ ယခုကဲ့သို့ ကုလအထူး သံတမန် မြန်မာနိုင်ငံသို့ လာရောက်မှုကို အထူးပင် ကြိုဆိုပါကြောင်း ပြောကြားပါသည်။

"မစ္စတာ Quintana အနေနဲ့ အခုခရီးစဉ်မှာ လူ့အခွင့်အရေး ကိစ္စတွေအားလုံးကို ထုတ်ဖော် ပြောဆို နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ ဒါပေမဲ့လည်း ချိုးဖောက်မှုအချို့ကိုတော့ ထုတ်ဖော် အသိပေးနိုင်လိမ့်မယ် ဆိုတာသေချာပါတယ်" ဟု ၎င်းကပြောပါသည်။

မစ္စတာ Quintana သည် ငါးရက်တာမျှ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးများ၊ အတိုက် အခံ နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရမည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ၎င်းသည် ရန်ကုန်မြို့မှ နာမည်ဆိုးထွက်နေသော အင်းစိန်အကျဉ်းထောင်နှင့် ရခိုင်ပြည်နယ် အနောက် မြောက်ပိုင်း ဒေသမှ အခြားအကျဉ်းထောင် တစ်ခုကိုလည်း သွားရောက် စစ်ဆေးမည်ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက  NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကို လွှတ်ပေးသည့်အတွက် အထူးပင် ကြိုဆိုရပါကြောင်း၊ အစိုးရ နှင့် NLD အကြား ခိုင်မာသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။

ထို့ပြင် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထား ရသော ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အချိန်မစောင့်ဆိုင်းဘဲ အမြန်ဆုံး လွှတ်ပေးစေ လိုကြောင်း ၎င်းက တိုက်တွန်း ပြောဆိုပါသည်။

ဦးတင်ဦးကမူ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ချက် အပြည့် ထားရှိနေခဲ့မိကြောင်း ပြောဆိုသည်။ ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား မလွှတ်ပေးမီ အချိန်ပိုင်းအလိုတွင် မိမိအား ထောင်မှဦးစွာလွှတ်ပေးခဲ့သည် ဟု ၎င်းက ဥပမာပေးကာ ပြောဆိုပါသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့် ရရှိအောင် သက်ဆိုင်ရာ အာဏာပိုင်များ ထံသို့ တောင်းဆိုမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အီးယူနှင့် အခြားသော ဖိအားပေးမှုများ ပြုလုပ်ပေးခဲ့ကြသည့် သူများအားလုံးကိုလည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ၎င်းကပြောပါသည်။

ဦးတင်ဦးသည် နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခံ ထားရစဉ်အတွင်း ပြင်ပနှင့် အဆက်အသွယ် မရရှိခဲ့ပေ။ စစ်အစိုးရက ဦးတင်ဦးအား တတ်နိုင်သမျှ အထီးကျန် ဖြစ်စေရန် ကြိုးပမ်းခဲ့ပါသည်။ ၎င်း၏နေအိမ်မှ တယ်လီဖုန်းလိုင်းကိုလည်း ဖြတ်တောက်ခဲ့ပြီး ရေဒီယိုတစ်လုံးသာ အသုံးပြု နားထောင်ခွင့်ပြုခဲ့သည်။

"ဒီမိုကရေစီဆန်တဲ့ မီဒီယာတွေအားလုံးရဲ့ ကျေးဇူးကြောင့် ကျွန်တော်ဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး" ဟု ၎င်းကပြောပါသည်။

AP သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment