Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (USDA) က ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အများ ပြည် သူနှင့် ဆိုင်သော လုပ်ငန်းများ အတွက် ကျပ်ငွေ ၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂ သန်း) သုံးစွဲသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ လမ်းများ ပြုပြင်ခြင်းများ အပါအဝင် ပြည်သူ့ရေးရာ လုပ်ငန်းများကို ကူညီပံ့ပိုးသည့် အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် ကျပ်ငွေ ဘီလီယံနှင့် ချီ၍ သုံးစွဲသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်သိန်းလင်းက  ရန်ကုန် မြို့တော် စည်ပင်သာယာရေး ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မြို့မှ ရရှိသော သတင်းများအရ ကြံ့ဖွံ့က ယင်းကဲ့သို့ ငွေကြေး မြောက်မြားစွာ သုံးစွဲခြင်းသည် ယခုနှစ် အတွင်း ကျင်းပရန် ရှိသော ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှု တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အကြီးအကဲနှင့် ရန်ကုန် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့၏ ကိုယ်စားလှယ် အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ကြံ့ဖွံ့က ဤသို့ ရန်ကုန်မြို့ရှိ လမ်းများ အပါအဝင် အများပြည်သူနှင့် သက်ဆိုင်သော တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ပေးရာ၌ မြို့နေ လူထု၏ ထည့်ဝင်ငွေကို မရယူဘဲ အသင်း၏ ငွေဖြင့်သာ လုပ်ဆောင်ပေးကြောင်း ၊ အကယ်၍ လမ်းခင်းသည့် လုပ်ငန်းများတွင် ရပ်ကွက်နေ ပြည်သူများ အနေဖြင့် ငွေကြေး အကူအညီ ရယူလိုပါက မိမိထံသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ကြံ့ဖွံ့အသင်း၏ လက်အောက်တွင် လမ်းဖောက်လုပ်ရေး၊ ရေပိုက်လိုင်း တပ်ဆင်ရေး၊ အခမဲ့ ဆေးကုသခန်း ဖွင့်လှစ်ရေး၊ အခမဲ့ နာရေး ကူညီမှု ပေးရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်ပေးလျက် ရှိသည် ဟု ရန်ကုန် အခြေစိုက် သတင်းသမား တစ်ဦးက ပြောကြားသည်။

ယခုအခါ အင်းစိန်ရှိ  အစိုးရ စက်မှုကျောင်း (GTI) အား ပြည်သူ့ ဆေးရုံအဖြစ် ကြံ့ဖွံ့က ပြန်လည် တည်ဆောက်ပေးလျက် ရှိကြောင်း မြို့တော်ဝန် အောင်သိန်းလင်းက ဆို သည်။ အဆိုပါ GTI သည် တစ်ချိန်က အစိုးရဆန့်ကျင်သော ကျောင်းသား လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အဆောက်အအုံ ဖြစ်ခဲ့သော်လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး တွင်မူ ဆန္ဒပြသူများ ဖမ်းဆီး ချုပ်နှောင်ထားရာ အဆောက်အအုံ တစ်ခု ဖြစ်ခဲ့သည်။

ကြံ့ဖွံ့အဖွဲ့သည် တက္ကသိုလ် ဝင်တန်း စာမေးပွဲများ နီးကပ်လာသည်နှင့် အမျှ ကျောင်းသားများအား အခမဲ့ ကျူရှင်ပေးသည့် လုပ်ငန်းများကိုပါ လုပ်ဆောင်လျက် ရှိသည်ဟု စည်ပင်သာယာရေး အဖွဲ့မှ သတင်း ရရှိသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဟု မကြာခဏ ပြောဆို နေသော်လည်း ယနေ့ အချိန်အထိ ကျင်းပမည့် နေ့ရက် အတိအကျနှင့် ဥပဒေ စည်းမျဉ်း စည်းကမ်းများကို မထုတ်ပြန်သေးဘဲ အချိန်ဆွဲထားသည်ကို ကြည့်ပါက ကြံ့ဖွံ့အဖွဲ့ အနေဖြင့် မဲဆွယ်စည်းရုံးမှုများကို တစ်ပြည်လုံး အတိုင်းအတာဖြင့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဟန် ရှိသည်ဟု ဝေဖန် ဆန်းစစ်မှု သူများလည်း ရှိသည်။

"ကြံ့ဖွံ့အဖွဲ့က ရွေးကောက်ပွဲမှာ နိုင်မှာ သေချာတယ်။ ဒါကို သံသယ ဖြစ်စရာ မရှိပါဘူး။ အစိုးရ ဌာနတွေ အနေနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေ အားလုံးကို ကြံ့ဖွံ့က လုပ်နေပြီလေ" ဟု တက္ကသိုလ် အငြိမ်းစား ကထိက တစ်ဦးက ပြောကြားသည်။

Irrawaddy သတင်းဌာန၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment