Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်အစိုးရအား ဆူဒန်အစိုးရကဲ့သို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲဆိုရန် တောင်းဆိုမှုများအား ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mark Lyall Grant က မတ်လ ၂၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထောက်ခံချက် လိုအပ်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Inner City Press မီဒီယာက ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Li Baodong အား မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေကိစ္စကို လုံခြုံရေးကောင်စီတွင် ဆွေးနွေးမည့် ကိစ္စအပေါ် တရုတ်နိုင်ငံက မည်သို့ ထင်မြင်သည်ကို မေးမြန်းရာတွင် ၎င်းက "နိုင်ငံတစ်ခုမှာ အထွေထွေ ရွေးကောက်ပွဲ လုပ်တယ် ဆိုတာဟာ အချုပ်အခြာပိုင် နိုင်ငံတွေရဲ့ အရေးကိစ္စ တစ်ခုပါ၊ အဲဒါကို လေးစား အသိအမှတ် ပြုသင့်ပါတယ်" ဟု ပြောဆိုသည်။

အဆိုပါမူဝါဒကို ယခုအခါ မြန်မာနိုင်ငံတွင်လည်း ကျင့်သုံးပြီ ဖြစ်သည်ဟု ၎င်းကဆိုသည်။ ဗြိတိန် သံအမတ်ကြီး Lyall Grant အား မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်၏ ရပ်တည်ချက်ကို Inner City Press က မေးမြန်းရာတွင် ၎င်းက "ကျွန်တော်တို့ကတော့ သဘောမတူပါဘူး" ဟုဆိုပြီး မြန်မာနိုင်ငံ အရေးကိစ္စသည် လုံခြုံရေးကောင်စီ၏ အာဂျင်ဒါတွင် ရှိကြောင်း၊ မြန်မာ့အရေးသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိကြောင်း ပြောဆိုသည်။

ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းကို Inner City Press ကပင် မေးမြန်းကြည့်သည်။ မြန်မာ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိသဖြင့် အမျိုးသား ဒီမိုကရေစီပါတီ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မှု မလုပ်သင့်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ပြောဆိုချက်နှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်း၏ သဘောထားကို မေးမြန်းကြည့်ခြင်း ဖြစ်သည်။

"ဒီမေးခွန်းကို မနက်ဖြန် နေ့လယ်ရောက်မှဖြေပါရစေ "ဟု မစ္စတာဘန်က ဆိုသည်။ မစ္စတာဘန်ကီမွန်း ချိန်းဆိုသော နောက်တစ်နေ့တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဘန်ကီမွန်း၏ မိတ်ဆွေများ တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ဘန်ကီမွန်း၏ အရာရှိချုပ် ဗီဂျေနမ်ဘီးယားလည်း တက်ရောက် ပြောဆိုမည် ဖြစ်သည်။

သို့အတွက်ကြောင့် Inner City Press က ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူကို မေးခွန်းတစ်ခု မေးသည်။ ယခင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ဂမ်ဘာရီနေရာ တွင် ဗီဂျေနမ်ဘီးယားကို အစားထိုးခန့်အပ်မည့် ကိစ္စကို အတည်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းသည်။ မစ္စတာ နမ်ဘီးယားကို မြန်မာနံပါတ်-၁ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ငြင်းပယ်ထားသည် ဟူသော ကိစ္စကိုလည်း အတည်ပြုရန် မေးမြန်းသည်။

"ဒါဟာ ကျွန်တော်ပထမဆုံး ကြားဖူးတာပဲ"ဟု ပြောရေးဆိုခွင့် ရှိသူက ပြန်လည်တုံ့ပြန်သည်။ မြန်မာနှင့် ကုလဆက်ဆံရေးနှင့် ပတ်သက်သော သတင်းပေးပို့ချက် တစ်ရပ်အရ မစ္စတာ နမ်ဘီးယားသည် မြန်မာနိုင်ငံသို့ မတ်လဆန်းပိုင်းတွင် တိတ်တဆိတ် သွားရောက်ခဲ့သည်ဟူ၏။

သို့အတွက်ကြောင့် မစ္စတာနမ်ဘီးယားကိစ္စကို ဗြိတိန်သံအမတ်ကြီး Lyall Grant ကို မေးမြန်း ကြည့်သည်။ Inner City Press သို့ ဖြေကြားရာတွင် မစ္စတာနမ်ဘီးယားသည် ကြားဖြတ် တာဝန်ယူသူ တစ်ဦး သက်သက်သာ ဖြစ်ကြောင်း ပြောဆိုသည်။

Inner City Press မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment