Transparency Myanmar

transparency.myanmar@gmail.com

IPS News, By Marwaan Macan Markar, 28th February 2010

          စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် ရိုးရာဓလေ့နှင့် အမျိုးသား ဦးစားပေး အစဉ်အလာကြောင့် ယောက်ျားသားများကိုသာ ရွာသူကြီးအဖြစ် ခန့်အပ်လေ့ ရှိသည်။ သို့သော်လည်း ယခုအခါ မြန်မာပြည် အရှေ့ပိုင်း ကရင်ပြည်နယ်တွင် ၎င်းအစဉ်အလာ ပျက်ပြယ်နေပြီး မိန်းမသားများ ရွာသူကြီး ဖြစ်လာသော ဖြစ်ရပ်များ တိုးပွားလာသည်။

          "ရွာသူကြီး ဖြစ်လာတဲ့ ကရင်အမျိုးသမီးတွေ များလာပေမဲ့ အသိအမှတ် မပြုကြသေးဘူး" ဟု ပြောကြားသူမှာ ကရင်အမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ် ပေးနေသော၊ အဖွဲ့ဝင် ၄၉၀၀၀ ကျော်ရှိ ကရင်အမျိုးသမီး အဖွဲ့ချုပ် KWO ၏ တွဲဖက်အတွင်းရေးမှူး Blooming Night Zan ဖြစ်ပါသည်။ "လိုအပ်ချက်အရ တာဝန်ယူကြတာ ဖြစ်လို့ နားလည် သဘောပေါက်ပေးဖို့ လိုပါတယ်" ဟုလည်း သူမက ဆိုသည်။

          ယခု ဖြစ်စဉ်အရ စစ်ပွဲကြောင့် ကြေမွနေသော ဒေသရှိ ကရင် အမျိုးသမီးများအပေါ် ရှုဒေါင့်အသစ်တစ်ခု တိုးလာခြင်းပင် ဖြစ်သည်ဟု ထိုင်းနိုင်ငံ မြောက်ပိုင်းမြို့တော်တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း၌ သူမက ထုတ်ဖော် ပြောကြားသည်။ "ပြည်တွင်းစစ် ဖြစ်နေတဲ့ နေရာမှာ မိန်းမတွေဟာ မြေဇာပင် သားကောင်တွေပဲလို့ လူတွေက မြင်နေကြပါတယ်။ ဒါပေမဲ့ အခု စိန်ခေါ်မှုတွေ ပြည့်နေတဲ့ ကျေးရွာခေါင်းဆောင် နေရာကို ယူထားကြတာ ကျွန်မတို့ တွေ့နေရပြီ" ဟု သူမက ပြောလိုက်သည်။

          "ရွာသူကြီး ရာထူးက မြန်မာစစ်တပ်နဲ့ ဆက်ဆံရတာ ဖြစ်တဲ့အတွက် ရဲရင့်ဖို့ အများကြီး လိုပါတယ်။ ကရင်အမျိုးသမီးတွေ ရွာသူကြီးအဖြစ် ထွက်ပေါ်လာတော့ ကရင်ရွာသားတွေ အံသြကြတယ်" ဟု Blooming Night Zan က ဆက်လက်ပြောကြားသည်။

          ကရင်သူပုန်များသည် မြန်မာကို တော်လှန်ရန် ၁၉၄၉ ကပင် စစ်တပ် ဖွဲ့စည်းခဲ့ကြပြီး၊ အာရှ တိုက်ရှိ အရှည်ကြာဆုံး ခွဲထွက်ရေးစစ်ပွဲ ဖြစ်ပွားနေရာ ဒေသမှ ကျား၊မ ခွဲခြားမှု ပြောင်းလဲသွားခြင်းကို မှတ်တမ်းတင်ခဲ့သော အစီရင်ခံစာကို လတ်တလော ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင်းမှ ပဋိပက္ခ များစွာအနက် တစ်ခုဖြစ်သော ကရင်တော်လှန်ရေးသည် မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီဘဝမှ လွတ်မြောက်ပြီး တစ်နှစ်ခန့် အကြာတွင် စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၅ တွင် KNU ဌာနချုပ် ကျရှုံးပြီးနောက်ပိုင်း KNU ထိန်းချုပ်နယ်မြေ များစွာ ဆုံးရှုံးသွားခဲ့ပြီး မြန်မာစစ်တပ်က ထိုင်းနယ်စပ်အနီး မြေနိမ့်ပိုင်း ဒေသများအထိ တပ်စွဲခဲ့သောကြောင့် ၎င်းနယ်မြေတွင်းရှိ ကျေးရွာများတွင် အမျိုးသမီး ရွာသူကြီးကို ခန့်အပ်လာကြခြင်း ဖြစ်သည်ဟု KWO က ထုတ်ဝေသော ၁၀၅ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်အမျိုးသား အများစုမှာ ဇာတိရွာကို စွန့်ခွာ၍ ကရင်စစ်တပ်တွင်းသို့ ဝင်ရောက်ခြင်း (သို့မဟုတ်) မြန်မာစစ်တပ် နှိပ်စက်မည်ကို ကြောက်၍ ရွာသူကြီး မလုပ်လိုခြင်း စသော အချက်များကြောင့် လစ်ဟာသွားသော နေရာများတွင် ကရင်အမျိုးသမီးများက ဝင်ရောက် တာဝန် ယူလာကြခြင်း ဖြစ်သည်။

အမျိုးသား ရွာသူကြီးများကို မြန်မာစစ်တပ်က ဖိနှိပ်မှုမှာ ပိုမို ဆိုးဝါးလာသောကြောင့် စွန့်စွန့်စားစားဖြင့် ရွာသူကြီးလုပ်မည့် ယောက်ျားများ နည်းပါးလာပြီး အမျိုးသမီးများ ရွာသူကြီးလုပ်ရန် တောင်းဆိုမှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်ဟု "ဓားသွားများပေါ် လမ်းလျှောက်ခြင်း" အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အစီရင်ခံစာတွင် ဖော်ပြထားသော ပြောဆိုချက်များအရ အသက် ၂၅ နှစ်မှ ၈၂ နှစ် အတွင်းရှိ အမျိုးသမီး ရွာသူကြီးများအတွက် အကောင်းအဆိုးများ ရောထွေးလျက် ရှိသည်ဟု သိရသည်။ ၎င်းတို့အနက် အချို့မှာ မြန်မာစစ်တပ်က ကရင်တော်လှန်ရေးအပေါ် တိုးမြှင့် တိုက်ခိုက်လာသည့် ၁၉၈၀ ခုနှစ်များကပင် ရွာသူကြီး ဖြစ်ခဲ့သူများ ဖြစ်သည်။

"ကျွန်မ မိသားစုနဲ့ တခြား ရွာသားတွေက သူကြီး မလုပ်စေချင်ကြဘူး။ ဒါပေမဲ့ ကရင်လူမျိုးစုရဲ့ အနာဂတ်အတွက် စဉ်းစားပြီး ရွေးချယ်ခဲ့တာပါ" ဟု အမျိုးသမီး ရွာသူကြီးတစ်ဦးက ပြောကြားသည်။ ၎င်းတို့သည် ကိုယ်ကျိုးစီးပွားနှင့် အန္တရာယ်ကို မငဲ့ကွက်ဘဲ လူမျိုးစုကို ကာကွယ်ရန် အံ့အားသင့်ဖွယ် ဆုံးဖြတ် လုပ်ကိုင်နိုင်ခဲ့ကြသည်ဟု KWO ၏ အစီရင်ခံစာတွင် ဂုဏ်ပြု ဖော်ပြထားသည်။

"သူက ၁၉၈၅ ကတည်းက သူကြီးလုပ်ခဲ့တာ ဆိုတော့ အနှစ် ၂၀ ကျော်ပါပြီ၊ ရွာသားတွေ အတွက် ခုခံ ကာကွယ်ပေးခဲ့တာကြောင့် လူတွေအားလုံးက ချစ်ကြတယ်" ဟု နောက်တစ်ဦးက ပြောကြားသည်။

သို့သော်လည်း နှိပ်စက် ညှင်းပန်းခြင်း၊ မတရားခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း စသော လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများကြောင့် နာမည်ကြီးသည့် မြန်မာစစ်တပ်၏ မတရား ဆက်ဆံမှုများကို ရွာသူကြီးအဖြစ် တာဝန်ယူသူ အနေဖြင့် ကြုံတွေ့ရသည်ဟု ဆိုသည်။

"စစ်သားတွေက ရိုက်တယ်၊ နှိပ်စက်တယ်၊ ကန်တယ်၊ ကြိုးနဲ့တုပ်ပြီး တုတ်ကျိုးအောင် ရိုက်တယ်၊ အမှောင်ခန်းထဲမှာ ၂ ရက်လောက် ပိတ်ထားတယ်" ဟု အင်တာဗျူး လုပ်ခဲ့သော ရွာသူကြီး ၉၅ ယောက်က ပြောကြားကြောင်း အစီရင်ခံစာတွင် ထုတ်ဖော် တင်ပြထားသည်။

နောက်တစ်ဦးက သူမ၏ အတွင်းရေးကို ထုတ်ဖော် ပြောကြားရာတွင် "ကျွန်မ ရွာသူကြီး လုပ်တုန်းက စစ်တပ်က အတင်းခေါ်သွားတယ်။ ကြိုးနဲ့တုပ်ပြီး တွဲလောင်း ဆွဲထားတယ်။ နှိပ်စက်တာကို မခံနိုင်တော့တဲ့ အချိန်ကျမှ မုဒိန်းကျင့်ကြတယ်" ဟုဆိုသည်။ "စစ်သားတွေအတွက် ပျော်တော်ဆက် အမျိုးသမီးတွေ ရှာပေးဖို့ အတင်းအကြပ် ခိုင်းတဲ့အခါ သုံးတဲ့ နည်းလမ်းတစ်ခုပါ" ဟု သူမက ရှင်းပြသည်။

မတရား ဖိနှိပ်မှုများကို ခံစားကြရသော်လည်း ကရင်အမျိုးသမီးတို့မှာ ယောက်ျားများကဲ့သို့ ငြိမ်၍ မခံကြပါ။ မြန်မာစစ်သားများအား ပြန်လည် အော်ငေါက်ခြင်းဖြင့် သူတို့၏ ဒေါသကို ပြသကြသည်။ ဤကဲ့သို့သော ဖြစ်ရပ်များမှာ အခြား ခွဲထွက်ရေးစစ်ပွဲ ဖြစ်ပွားနေသော ရှမ်းပြည်နယ်တွင်လည်း အလားတူ ဖြစ်ပွားနေကြောင်း သိရှိရသည်။

"အခုလို ဆိုးဝါးတဲ့ အနေအထားမျိုးမှာ ရွာသူကြီး လုပ်နေတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရွာကို အပြင်းအထန် ခုခံကာကွယ်ပေးကြပါတယ်" ဟု ပြောကြားသူမှာ ရှမ်းအမျိုးသမီး လှုပ်ရှားမှု ကွန်ရက် SWAN ကို ဖွဲ့စည်းသူ ချမ်းတုန် ဖြစ်သည်။ "သူတို့ရဲ့ ရွာသားတွေကို ကာကွယ်ဖို့ စစ်သားတွေကို ရဲရဲဝံ့ဝံ့ ပြန်ပြောရဲတဲ့ သတ္တိရှိသူတွေ" ဟုလည်း သူမက ချီးကျူးပါသည်။

ဤသည်မှာ မြန်မာစစ်တပ်က "မြေလှန်ပစ်ရေး" မူဝါဒကို ကျင့်သုံးနေသော ရှမ်းပြည်နယ် အပါအဝင် တောင်တန်းဒေသတွင် နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ခြင်း၏ ရလဒ် ဖြစ်သည်ဟု ချမ်းတုန်က IPS သို့ ပြောကြားသည်။ "အမျိုးသမီးတွေဟာ အားနွဲ့သူတွေလို့ ထင်နေကြတဲ့ အစဉ်အလာ ထုံးစံကနေ လမ်းခွဲထွက်ပြတဲ့ ရလဒ်တစ်ခုပါ" ဟုလည်း သူမက ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ရေး လိုလားသော ရှမ်းနှင့် ကရင်တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် ပြည်တွင်းစစ်အတွင်းမှ အမျိုးသမီးများ၏ ကံကြမ္မာကို မီးမောင်းထိုးပြသော KWO ၏ ယခု နောက်ဆုံး အစီရင်ခံစာမှာ တတိယမြောက် အစီရင်ခံစာ ဖြစ်သည်။ လွန်ခဲ့သော ၁၅ နှစ်အတွင်း အဆိုပါ ဒေသများတွင် ကျေးရွာပေါင်း ၃၅၀၀ ကျော် ဖျက်ဆီးခံရသည်ဟုလည်း သိရှိရသည်။

မြန်မာ ပြည်တွင်းစစ်အတွင်း ဖျက်ဆီးခံရသော ကျေးရွာ အရေအတွက်မှာ ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ဖြစ်ပွားခဲ့သော အရေအတွက်ထက် ကျော်လွန်သွားသောကြောင့် KWO နှင့် အခြား လူ့အခွင့်အရေး အဖွဲ့များက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား စစ်ရာဇဝတ်မှု ကော်မရှင် ဖွဲ့စည်း၍ မြန်မာနိုင်ငံမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုလိုက်သည်။

တရုတ်နှင့် ထိုင်းနယ်စပ် အနီးရှိ မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် လူပေါင်း ၅၀၀၀၀၀ ခန့်မှာ နေအိမ်များမှ မောင်းထုတ် ဖယ်ရှားခြင်း ခံခဲ့ရသည်။ ၎င်းတို့အနက် မိန်းကလေးငယ် များနှင့် အမျိုးသမီးများမှာ မြန်မာစစ်သားများ၏ မုဒိန်းမှု ကျူးလွန်ခြင်းကို ခံကြရပြီး ယင်းနည်းလမ်းကို မြန်မာ စစ်တပ်က စစ်ပွဲ၏ လက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့သည်ဟု SWAN က ၂၀၀၂ က ထုတ်ပြန်သော "မုဒိန်းကျင့်ခွင့် လိုင်စင်" အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment