Transparency Myanmar

transparency.myanmar@gmail.com

Mizzima, By Sai Zuan Sai, 1st March 2010

ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ဟောင်ဆွန်နယ်တွင် နယ်စပ် ကုန်သွယ်ရေးဇုန် အသစ်တစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း ချင်းမိုင် ကုန်သည်ကြီးများ အသင်း၏ အဆိုအရ သိရှိရသည်။

အဆိုပါ အစီအစဉ် အရ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ပထမဦးဆုံး ဖြစ်မည့် လေကြောင်းဖြင့် ကုန်သွယ်ရေး အစီအစဉ်လည်း ပါဝင်မည် ဖြစ်သည်။

အစိုးရ ကက်ဘိနက် အစည်းအဝေး အပြီးတွင် အခွန်ရုံးမှ ၈ဝ  ကီလိုမီတာ ဝေးသော Huay Tun Nung တွင် နယ်စပ် ကုန်သွယ်ရေး ဇုန်အသစ် တည်ထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ချင်းမိုင် ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ  Narong Khum Prasad  က မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ယခု နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ကုန်ပစ္စည်းများကို ကုန်းလမ်းမှ သယ်ယူရေး အပြင် လေကြောင်းမှ သယ်ယူပေးမည့် အစီအစဉ်ပါ ထည့်သွင်းထားသည်ဟု ဆိုသည်။ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် Air Bagan  က လေကြောင်း သယ်ယူပို့ဆောင်ရေးကို တာဝန်ယူမည် ဖြစ်သည်။

လေကြောင်းဖြင့် သယ်ယူခြင်းသည် နှစ်နိုင်ငံကြား ပထမဆုံး အစီအစဉ် ဖြစ်ပြီး၊  Air Bagan  က တာဝန်ယူမည် ဖြစ်ကြောင်း၊ ကုန်းလမ်းမှ သယ်ယူပို့ဆောင်ရေး အတွက်မူ နယ်စပ်မှ ပျဉ်းမနား အထိ အဝေးပြေး လမ်းမကြီး အသစ် တစ်ခုကို ၂၀၁၀ နှစ်ကုန်ပိုင်းတွင် စတင် ဖောက်လုပ်မည် ဖြစ်ကြောင်း  Narong Khum Prasad  က ဖြည့်စွက်ပြောကြားသည်။

အဝေးပြေး လမ်းမကြီး အသစ်သည် မယ်ဟောင်ဆွန်မှ စတင်ပြီး လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီး၊ တောင်ငူ၊ ပြည် တို့ကို ဖြတ်ပြီး သံတွဲ အထိ ဖောက်လုပ်မည် ဖြစ်သည်။

ယခု ကုန်သွယ်မှုဇုန်၏ ရည်ရွယ်ချက်များမှာ နောက်ထပ် နယ်စပ် ကုန်သွယ်ရေးဇုန်များ ဖွင့်လှစ်ရန်၊ တရားမဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်ဆိုင်းသွားရန်၊ နယ်စပ်ဒေသများတွင် တည်ငြိမ်မှု ရရှိရန်၊ အခြေခံ အဆောက်အအုံများ တိုးတက်လာရန်နှင့် ကမ္ဘာလှည့် ခရီးသွား ကဏ္ဍ တိုးတက်လာရန် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း  UMFCCI ၏ အဆို အရ သိရှိရသည်။

နယ်စပ် ကုန်သွယ်ရေးဇုန် အသစ်သည် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ( KNPP ) တာဝန်ယူနေသော ဧရိယာ အတွင်းတွင် ရှိသည်။

KNPP အတွင်းရေးမှူး (၁) Khu Oo Reh က ပြောကြားရာတွင် ကုန်သွယ်မှုဇုန် အသစ် ဖွင့်မည်ဆိုသော သတင်းမျိုးကို ယခင်ကလည်း ကြားခဲ့ဖူးကြောင်း၊ သို့သော် အမှန်တကယ် ဖြစ်လာသည်ကိုမူ မတွေ့ရကြောင်း ဆိုသည်။

''ဒီဧရိယာက ကုန်သွယ်ရေး လမ်းကြောင်းနဲ့ ဆက်သွယ်ရေး အထောက်အကူပြု ပစ္စည်းတွေ မရှိတော့ မလွယ်ပါဘူး။ ကုန်သည် အသေးလေးတွေပဲ ရှိပါတယ်။ ကုန်သွယ်ရေးဇုန် အကြီးကြီး ဖြစ်ဖို့ဆိုရင် အချိန်ယူရလိမ့်မယ် ထင်တယ်'' ဟု ၎င်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေများတွင် နယ်စပ် ကုန်သွယ်ရေး ဇုန်များ ဖွင့်လှစ်ခြင်းမှာ ထိုတိုင်းရင်းသား အဖွဲ့များနှင့်လည်း တစ်နည်းမဟုတ် တစ်နည်း ပါဝင် ပတ်သက်ရမည် ဖြစ်ကြောင်း  Khu Oo Reh  က ပြောသည်။

ဝေဖန်သူ အောင်သူငြိမ်းက ပြောကြားရာတွင် အာဏာပိုင်များသည် ကုန်းတွင်းပိတ် ဒေသဖြစ်သော မယ်ဟောင်ဆွန်ကို တိုးတက်စေရန် ကုန်သွယ်ရေးဇုန် ဖွင့်ရန် ဆုံးဖြတ်ခြင်း ဖြစ်မည် ထင်ကြောင်း သုံးသပ်သည်။

မြန်မာနိုင်ငံသို့ အဝတ်အထည်များ၊ ဖိနပ်များ၊ ကော်ဖီခွက်များ၊ တင်ပို့ရာတွင် တရားမဝင် လမ်းကြောင်းကို အသုံးပြုသဖြင့် သွင်းကုန် ထုတ်ကုန် စာရင်း ဇယား အတိအကျ မရရှိနိုင်ဟု ချင်းမိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

နယ်စပ် ကုန်သွယ်ရေးဇုန် အသစ် ဖွင့်ပါက ကုန်သွယ်မှု တန်ဖိုး ဘတ် (၁၀) ဘီလီယံ ခန့်ထိ ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment