Transparency Myanmar

transparency.myanmar@gmail.com

          ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေးအတွက် အခိုင်အမာနေရာယူ စုဝေးလျက်ရှိသော ဆန္ဒပြသမားများအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရ က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

သို့သော် ရှပ်နီဝတ် ဆန္ဒပြသမားများအား မည်သည့်အချိန်တွင် ဖယ်ရှားမည်၊ မည်သို့မည်ပုံ ဖယ်ရှားသွားမည်ဟူသော အချက်ကို မစ္စတာအဘီဇစ်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မစ္စတာအဘီဇစ်သည် ထိုင်းကြည်းတပ် ဗိုလ်ချုပ်ကြီး Anupong Paojinda နှင့် ဘေးချင်း ထိုင်လျက် ထိုင်းအမျိုးသား ရုပ်သံဌာနမှ မိန့်ခွန်းပြောရာတွင် ဆန္ဒပြသမားများအား ယင်းသို့ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းအချိန်က ရှပ်နီဆန္ဒပြသမားများက ရက်ပေါင်း ၃၀ အတွင်း ထိုင်းပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုပါက ဆန္ဒပြမှုများကိုလည်း ရုပ်သိမ်းပေးမည်ဟု တောင်းဆိုခဲ့သော်လည်း ဝန်ကြီးချုပ် အဘီဇစ်က ပယ်ချခဲ့သည်။

"ဆန္ဒပြသူတွေ အခိုင်အမာစုဝေးနေတဲ့ နေရာကို ကျွန်တော်တို့ ပြန်လည်ရယူမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဖယ်ရှားမယ်၊ ဘယ်အချိန်မှာ ဖယ်ရှားမယ် ဆိုတဲ့အချက်ကို ကျွန်တော်တို့ အသိမပေးနိုင်ပါဘူး။ အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်နေလို့ အသိမပေးတာဖြစ်ပါတယ်" ဟု မစ္စတာ အဘီဇစ်က ဆိုသည်။

"အခုချိန်မှာ အဓိကဖြစ်နေတာက မျက်ရည်ယိုဗုံးသုံးမလား၊ မသုံးဘူးလား ဆိုတဲ့အချက် မဟုတ်ပါဘူး။ ပြဿနာကြီး တစ်ခုလုံးကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ ဧပြီလ  ၂၃ ရက်နေ့တွင် ရှပ်နီဝတ် ဆန္ဒပြသမားများက ပါလီမန်ကို တစ်လအတွင်း ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ယခင်က အမြန်ဆုံး ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြရာမှ တစ်လ အတွင်းဟု အချိန်ကာလ ပြောင်းလဲသတ်မှတ်လိုက်ကြခြင်း ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများကိုလည်း အမြန်ဆုံး စုံစမ်း စစ်ဆေး ပေးကြရန် ၎င်းတို့က တောင်းဆို ထားကြသည်။ ဧပြီလ ၁၀ ရက်လောက်က ဆန္ဒပြသူများနှင့် ရဲအကြား မကျေမလည်ဖြစ်ပွားရာ လူအနည်းဆုံး ၂၅ ဦး သေဆုံးခဲ့သည်။ ရှပ်နီများက ဘန်ကောက်မြို့ နေရာဒေသအချို့ကို သိမ်းပိုက် နေရာယူခဲ့ကြသည်မှာ ရက်သတ္တ ခြောက်ပတ်ခန့် ရှိနေပြီဖြစ်သည်။

ရှပ်နီ ဆန္ဒပြသူများမှာ ၂၀၀၆ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံအားပေးကြသူများ ဖြစ်သည်။ အဘီဇစ်အစိုးရသည် တရားမဝင်သော နည်းလမ်းဖြင့်  အာဏာရရှိခဲ့သောကြောင့် တရားဝင် အစိုးရမဟုတ်ဟု ရှပ်နီများက စွပ်စွဲ ပြောဆိုထားကြသည်။

ယခုအခါ ရှပ်နီဆန္ဒပြသူများသည် ဘန်ကောက်မြို့တော်၏ စီးပွားရေးအရ အချက်အခြာ ကျသော နေရာများ၊ ကုန်တိုက်များ၊ ရှော့ပင်းစင်တာများတွင် အခိုင်အမာ နေရာယူ တပ်စွဲထားကြသည်။ လမ်းမများပေါ်တွင်လည်း အပိတ်အဆို့ အဟန့်အတားများ ပြုလုပ်ထားကြသည်။

ဧပြီ ၁၀ ရက် ရုန်းရင်းဆန်ခတ်မှုတွင် လူပေါင်း ၂၅ ဦးသေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ကြသည်။ ထိုအချိန်မှစ၍ တင်းမာမှုများမှာ တစ်စထက်တစ်စ ပုံမှန်ကြီးထွားလာပြီး မြို့တော် ဘန်ကောက်မှာလည်း ဆန္ဒပြသူများကြောင့် ပိတ်ဆို့မှုများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။

ဧပြီလ  ၂၂ ရက် နေ့တွင်မူ ရှပ်နီဆန္ဒပြသမားများ တပ်စွဲထားသည့် နေရာအနီးတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး ၈၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။ အစိုးရ အဆိုအရ လက်ပစ်ဗုံးများကို လုမ္မနီပန်းခြံအနီး လမ်းထောင့်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။ 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment