Transparency Myanmar

transparency.myanmar@gmail.com

 

တရုတ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့သော တိန်ရန်မင်ရင်ပြင် ဒီမိုကရေစီ ဆန္ဒပြမှုကို ရက်စက်ကြမ်းတမ်းစွာ ဖြိုခွင်းခဲ့မှုကြောင့် "ဘေဂျင်းရဲ့လက်မရွံ့ကြီး" ဟုအများ၏ သတ်မှတ် ပြောဆိုခံရသူ တရုတ်ဝန်ကြီးချုပ်ဟောင်း Li Peng ၏ သားဖြစ်သူ Li Xiaopeng ကို တရုတ် ကွန်မြူနစ် အစိုးရက ဝန်ကြီးရာထူး တိုးမြှင့် ပေးအပ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ် နှစ်ခုက တူညီစွာပြော ဆိုသည်။

Li Xiaopeng အား ယင်းသို့ဝန်ကြီးရာထူး ပေးခြင်းကြောင့် သူ၏ မိသားစုအနေအထားမှာ ကွန်မြူနစ်ပါတီ၏ ပါဝါကြီးမားသော မင်းဆက်တစ်ခုအနေဖြင့် ပိုမိုတောင့်တင်း ခိုင်မာသွားစေမည် ဖြစ်သည်။ ထို့ပြင် ၂၀၁၂ ခုနှစ်တွင် သမ္မတဟူဂျင်တောင် နေရာကို ဆက်ခံမည့် သူ၏ အမည်ကို ထုတ်ဖော်မည့် ကွန်မြူနစ်ပါတီ ကွန်ဂရက်အစည်းအဝေး ကျင်းပရန်ရှိရာ Li Xiaopeng အား ဝန်ကြီးရာထူး တိုးမြှင့် ပေးလိုက်ခြင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မှု စတင်ပြီဟူသော အချက်ကိုထုတ်ဖော် ပြသလိုက်ရာ ရောက်သည်။

Li Xiaopeng သည် တရုတ်တောင်ပိုင်း၊ ဟူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရမည်ဖြစ်ကြောင်း တရုတ် ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သော သတင်းရင်းမြစ် နှစ်ခုက Reuters သတင်းဌာနသို့ ပြောကြားသည်။ သူသည် Zhou Qiang ဆိုသူ၏နေရာကို အစားထိုး ဝင်ရောက်မည်ဖြစ်ကြောင်း၊ Li Xiaopeng ၏ အမည်မှာ "Little Peng (ပင်ပေါက်စ) ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။

Li Xiaopeng သည် လက်ရှိအချိန်တွင် ကျောက်မီးသွေးများ ထုတ်လုပ်ရာ မြောက်ပိုင်း ရှန်ဇီပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ယခုအခါ အငြိမ်းစားဘဝဖြင့် နေထိုင်လျက်ရှိသော Li Peng ကို ယခင်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း၏ မွေးစားသားအဖြစ် သတ်မှတ်ကြသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အထိ စီးပွားရေးလောကတွင် တက်ကြွစွာလုပ်ကိုင်ခဲ့သော Li Xiaopeng တရုတ် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခြင်းသည် ဖခင်ဖြစ်သူ Li Peng ၏ သြဇာအာဏာကို ပိုမိုမြှင့်တင် ပေးလိုက်သလိုဖြစ်သွားပြီး ၁၉၈၉ တိန်ယန်မင် ရင်ပြင်ကိစ္စနှင့် ပတ်သက်သော အမှုများ၊ တိုင်တန်းချက်များလည်း အရေးတယူ ပြုခံရဖွယ်မရှိသည်ကို လှစ်ပြနေသကဲ့သို့ ရှိပါသည်။ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိန့်ယန်မင် အရေးအခင်းမှာ အာဏာဖီဆန်ရန် ကြံစည်မှုတစ်ရပ်ဖြစ်သည်ဟု တရုတ်ကွန်မြူနစ်ပါတီက သဘောထားသည်။

"ဒါဟာ မိသားစုလိုက် ရာထူးဆက်ခံမှုတစ်ခုပါ" ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က ဆိုသည်။ "အဖေရောသားပါ အာဏာရကြတာပါပဲ" ဟုပြောသည်။  Li Xiaopeng အား ရာထူးတိုးမြှင့်ပေးသည့် ကိစ္စကို မည်သည့်အချိန်အခါတွင် တရားဝင် ထုတ်ဖော် ကြေညာမည်ဟူသော အချက်ကို သတင်းရင်းမြစ်တို့က သိရှိခြင်းမရှိပေ။

၁၉၈၉ ခုနှစ် တရုတ်နိုင်ငံ တွင် ဖြစ်ပေါ်သော ဒီမိုကရေစီ အရေးတော်ပုံအပေါ် ဖြိုခွင်းနှိမ်နင်းခဲ့သည့် အချိန်ကာလ နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း မစ္စတာ Li Peng အား အနောက်ကမ္ဘာ သာမက တရုတ်ပြည်တွင်ပါ "ဘေဂျင်းလက်မရွံ့လူသတ်သမားကြီး" အဖြစ် ရှုမြင်ခဲ့ကြသည်။

သို့သော် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်း ပြုလုပ်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အလုပ်လက်မဲ့ ဖြစ်ပေါ်ခဲ့ကြသည့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီလုပ်သားများကမူ မစ္စတာ Li Peng အား ချစ်ခင်မြတ်နိုးကြသည်။ အကြောင်းမှာ အဆိုပါ အချိန်ကာလ အတွင်း ၎င်းက Radical ဆန်သော လှုပ်ရှားဆောင်ရွက်ချက်များကို ဆန့်ကျင်ခဲ့သောကြောင့် ဖြစ်သည်။

"ပါတီထဲက ကွန်ဆာဗေးတစ်တွေကတော့ Li Peng ကို ထောက်ခံအားပေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူကအဲဒီတုန်းက Radical သဘောဆောင်မယ့် ဈေးကွက် ပြုပြင်ပြောင်းလဲမှု တွေကို ဆန့်ကျင် ကန့်ကွက်ခဲ့လို့ပါပဲ" ဟု ဟောင်ကောင်အခြေစိုက် တရုတ်ရေးရာ ကျွမ်းကျင်သူ Wang Jiansu ကပြောကြားသည်။

သားဖြစ်သူ Li Xiaopeng သည် ၂၀၀၈ ခုနှစ်မတိုင်မီကာလအထိ စွမ်းအင်လုပ်ငန်းတွင် အလုပ် လုပ်ကိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် Huangeng Power ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

သမိုင်း အတ္ထုပတ္တိကိုကြည့်ပါက Li Peng သည် တိန်ယန်မင်ရင်ပြင် ဖြိုခွင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကို ပြစ်တင် ဝေဖန်ခဲ့ဖူးသည်။

Reuters သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment