Transparency Myanmar

transparency.myanmar@gmail.com

မွန်ပြည်သစ်ပါတီ (MNSP) က ဧပြီလကုန်ပိုင်းတွင် စစ်အစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော နယ်ခြားဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းပေးရန် အဆိုကို ပယ်ချလိုက်ပြီးနောက် မွန်ဒုက္ခသည် မြောက်မြားစွာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင် သွားကြကြောင်း သိရသည်။ အကြောင်းမှာ စစ်အစိုးရနှင့် MNSP အကြား တိုက်ပွဲများဖြစ်ပွားမည့် အလားအလာ ရှိနေသောကြောင့်ဟု ဆိုသည်။

ထို့အတူ ညီညွတ်သောဝတပ်ဖွဲ့ (UWSA) က နယ်ခြားဒေသစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာပြီး လူပေါင်းများစွာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

မြန်မာစစ်အစိုးရက စစ်ရေးအရ အင်အားသုံး ဖြေရှင်းမည်ဟူသော ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် စစ်အစိုးရ၏ နယ်ခြားဒေသစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး ကမ်းလှမ်းချက်ကို အပစ်အခတ်ရပ်စဲရေး အုပ်စုများက ပယ်ချခဲ့ကြသည်။

ရေးမြို့အနီး မွန်ပြည်နယ်ထဲသို့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့ကြောင်း စုံစမ်းသိရရှိရသည်။ MNSP မှ ကိုယ်စားလှယ်တစ်ဦးက ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ Halockhani ဒုက္ခသည်စခန်းသို့ လူပေါင်းမြောက်မြားစွာ ရောက်ရှိလာကြောင်း ပြောဆိုသည်။

"Halockhani စခန်းကို ရောက်လာတဲ့လူ တော်တော်များများက မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတာ များတယ်" ဟု Nai Chay Mon ကပြောသည်။ "လောလောဆယ်တော့ မိခင် ၂၂၅ ယောက်နဲ့ ကလေးတွေကို အလယ်တန်းကျောင်းမှာ ယာယီနေထိုင်ခွင့် ပေးထားနိုင်ပါတယ်၊ ကျွန်တော်တို့ လုပ်ပေးနိုင်တာလည်း ဒီလောက်ပါပဲ" ဟုဆိုသည်။

အဆိုပါ Halockhani စခန်းသို့ နောက်ထပ်လူပေါင်းများစွာ ထပ်မံရောက်ရှိလာမည်ဟု သတင်း ပေးပို့ချက်များအရ သိရသည်။ MNSP အဆိုအရ ၎င်းတို့အဖွဲ့သည် စစ်အစိုးရ၏ တောင်းဆိုချက်ကို လိုက်လျောခြင်း မရှိပေ။ စစ်အစိုးရ၏ တောင်းဆိုချက်အရ MNSP အနေဖြင့် တပ်သားအင်အားများ လျှော့ချပြီး မြန်မာစစ်တပ်၏ လက်အောက်တွင် နေထိုင်ရမည်ဖြစ်သည်။

Nai Chay Mon ၏အဆိုအရ ယခုအခါ ၎င်းတို့တပ်ဖွဲ့နှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့တို့သည် တစ်ဖက်နှင့်တစ်ဖက် သတိ ဝိရိယရှိစွာ စောင့်ကြည့်နေကြသည်။ အချို့သော အုပ်စုများ၏ ရုံးများကိုမူ ပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

နယ်ခြားဒေသစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေး ကိစ္စကြောင့် နဂိုကတည်းက အကဲဆတ်သော တိုင်းရင်းသားပြည်နယ် ဒေသများတွင် မတည်မငြိမ်မှုများ ပိုမိုဖြစ်ပေါ်လာဖွယ် ရှိသည်။ တိုင်းရင်းသား အများစုမှာ ထိုင်း၊ တရုတ်နှင့် အိန္ဒိယ နယ်စပ်ဒေသများတွင် နေထိုင်လျက် ရှိကြသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံနယ်စပ် ကိုးကန့်ဒေသတွင် စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ရာ တရုတ်အစိုးရက နယ်စပ်ဒေသ ပဋိပက္ခများကို ဆန့်ကျင်ကန့်ကွက်ကြောင်း သတိပေးခဲ့သည်။ ထိုစဉ်ကလည်း တရုတ်ပြည်ထဲသို့ ကိုးကန့်ဒေသမှ ဒုက္ခသည် သုံးသောင်းခန့် ဝင်ရောက် ထွက်ပြေးခဲ့ကြသည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment