Transparency Myanmar

transparency.myanmar@gmail.com

      မြန်မာ့နိုင်ငံရေးတွင် ပင်မ အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ (NLD) ပယ်ဖျက်ခြင်း မခံရအောင် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကြောင်း အရ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း NLD က ထုတ်ဖော် ပြောဆိုလိုက်သည်။

      အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏  အမျိုးသား ဒီမိုကရေစီ ပါတီသည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည် မှတ်ပုံ တင်ခြင်း မရှိပါက ရွေးကောက်ပွဲ ဥပဒေအရ ပါတီအဖြစ်မှ တရားဝင် ပယ်ဖျက်ရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့အတွက်ကြောင့် သတ်မှတ်ရက် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေ နည်းလမ်းဖြင့် ပါတီ ပယ်ဖျက်ခြင်း မခံရအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

      ဒေါ်အောင်ဆန်းစုကြည်က မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြန်မာနိုင်ငံ ဗဟို တရားရုံးတော်မှ တစ်ဆင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ မြန်မာနိုင်ငံ အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ NLD အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်ရာ အဆိုပါ ဥပဒေအပိုင်း အချို့ကို ပြန်လည် ပြင်ဆင်ပေးရန် ဗဟိုတရားရုံးသို့ အမှုဖွင့် လျှောက်ထားခဲ့ကြောင်း NLD က ဆိုသည်။

      NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း၏ အဆိုအရ ဗဟို တရားရုံး ညွှန်ကြားရေးမှူးချုပ်က အမှုနှင့် ပတ်သက်၍ အကြောင်းကြား ပြောဆိုရန် NLD မှ ခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

      "ဗဟို တရားရုံးတော်ကို ကျွန်တော်တို့ရဲ့ လျှောက်ထားစာတွေကို သူက ပြန်ပေးပါတယ်။ ဥပဒေတွေက တရားဝင် ဖြစ်သွားပြီလို့ ပြောတယ်။ လောလောဆယ် ကျွန်တော်တို့မှာ ဘာဆက် လုပ်မယ်ဆိုတဲ့ အစီအစဉ် တစ်ခုမှ မရှိသေးပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

      အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ သပိတ်မှောက်ကြောင်း ပြီးခဲ့သည့်လက ထုတ်ဖော် ကြေညာခဲ့သည်။ ယခု ဗဟို တရားရုံးတော်သို့ အမှုဖွင့် လျှောက်ထားရာ၌ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သူများနှင့် ဖွဲ့စည်းထားသော ပါလီမန် လွှတ်တော်တစ်ရပ် ပေါ်ထွန်းရေးလည်း ပါဝင်သည်။

      NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း အပြတ်အသတ်ဖြင့် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်များကို မသိကျိုးနွံပြုကာ အာဏာလည်း လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

Bangkokpost မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment