Transparency Myanmar

transparency.myanmar@gmail.com

      ယခုအခါ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် ပယ်ဖျက် ခံလိုက်ရပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပါတီဝင် လေးဦးက နိုင်ငံရေး ပါတီသစ် တစ်ခု တည်ထောင်ကာ ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်မည် ဖြစ်ကြောင်း NLD မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

      NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်နှင့် ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ၎င်းသည် NLD ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အချိန် ကာလ ကြာမြင့်စွာ ပြောဆိုခဲ့သူ စီနီယာများနှင့် ပူးပေါင်းကာ နိုင်ငံရေးပါတီသစ် တစ်ခု ထူထောင်မည် ဖြစ်ကြောင်း ပြောကြားသည်။

      အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ် မှောက်သည်ဟု ဆုံးဖြတ်ခဲ့သောကြောင့် နှစ်ပေါင်း ၂၀ ကျော် ကြိုးပမ်း လုပ်ကိုင်ခဲ့သော နိုင်ငံရေး လှုပ်ရှားမှုများသည် မေလ ၇ ရက်နေ့တွင် တရားဝင် ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသောကြောင့် ယင်းသို့ သပိတ် မှောက်ခြင်း ဖြစ်သည်ဟု NLD က ထုတ်ဖော်ခဲ့သည်။

      NLD ၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် ကာလ ကြာရှည်စွာ လုပ်ကိုင်ခဲ့သူ ဦးဉာဏ်ဝင်းက ယခု ပါတီသစ် ထူထောင်ရန် ကြိုးပမ်းနေသော အဖွဲ့ဝင်ဟောင်းများအား ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုရန် တိုက်တွန်းသည်။

      "သူတို့အနေနဲ့ NLD မှာ တညီတညွတ်တည်း ချမှတ်ထားတဲ့၊ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဆုံးဖြတ်ချက်ကို လိုက်နာသင့်ပါတယ်။ သူတို့ NLD ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်၊ မလိုက်နာဘူး ဆိုတာ သူတို့ရဲ့ ရွေးချယ်မှုပါ၊ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့ကို ကာကွယ် ဟန့်တားမှာ မဟုတ်ပါဘူး" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

      NLD အဖွဲ့ဝင်ဟောင်းများက အသစ် ထူထောင်မည့် ပါတီ၏ နာမည်ကို အမျိုးသား ဒီမိုကရက်တစ် အင်အားစု (National Democratic Force) ဟု ယာယီ အမည်ပေးထားပြီး NLD ၏ နိုင်ငံရေးအတိုင်း ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ မြန်မာ ပြည်သူလူထု အတွက် လုပ်ဆောင်ပေးစရာ ရှိသည့် တာဝန်များ၊ ကတိစကားများကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောကြားသည်။

      အခြားသော ပါတီဝင်များမှာ ယခင် NLD ၏ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်များ ဖြစ်ခဲ့ကြသော ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့်နှင့် ဦးစိန်လှဦးတို့ ဖြစ်သည်။ ယခုကဲ့သို့ ပါတီသစ် ထူထောင်လိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) NLD ကို တိုက်ခိုက်လိုသည့် ဆန္ဒကြောင့် မဟုတ်ပါကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

      "အခု ပါတီ ထူထောင်မယ့်သူတွေ အားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အချိန်အထိ ခေါင်းဆောင်တစ်ဦးပါပဲ။ နောက်လည်း ခေါင်းဆောင် ဖြစ်နေအုံးမှာ ပါ" ဟု ၎င်းက ဆိုသည်။

      NDF ပါတီသည် ရွေးကောက်ပွဲ လွန်ကာလ ပါလီမန်တွင် အငြင်းပွားဖွယ် ဖြစ်နေသော ဥပဒေ အချို့ကို ပြုပြင် ပြောင်းလဲသွားမည်ဟု မျှော်မှန်းထားသည်။

      "ပါလီမန်မှာ ခိုင်မာတဲ့ ဒီမိုကရေစီ အင်အားစုတွေ ရှိမယ်ဆိုရင် လူနည်းစုကိုပဲ အကျိုး ဖြစ်ထွန်းစေပြီး ပြည်သူလူထုကို ဖိနှိပ်သလို ဖြစ်နေတဲ့ ဥပဒေတချို့ကို ကျွန်တော်တို့ ပြင်ဆင် ရေးဆွဲသွားနိုင်မှာပါ" ဟု ဦးခင်မောင်ဆွေက ပြောသည်။

      "ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သဘောအရ ပါလီမန် အဖွဲ့ဝင် ၇၅ ရာခိုင်နှုန်းက သဘော တူညီပါမှ ဥပဒေကို ပြင်ဆင် ရေးဆွဲနိုင်မှာပါ။ ဒါပေမဲ့ အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲဖို့ အတွက် ၂၀ ရာခိုင်နှုန်းက ကနဦး ဆင့်ခေါ်ပြီ ဆိုရင် ပါလီမန်က စတင် လက်ခံ စဉ်းစားပေးရမှာပါ။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ဘာမှမလုပ်ဘဲ ထိုင်နေမယ့်အစား ဒီအခွင့်အရေးကို လက်လွတ် မခံသင့်ပါဘူး" ဟု ၎င်းက ဆိုသည်။

      ယခုအခါ ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံ နှင့်အတူ ထွက်ပေါ်လာသော သက်တမ်း ၂၂ နှစ်ကြာ NLD ပါတီ၏ ရှေ့ရေး ကံကြမ္မာ မည်သို့ ဖြစ်လာမည် ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ဥပဒေကြောင်းအရ NLD သည် တရားဝင် အဖွဲ့အစည်း အဖြစ်မှ ပျက်ပြယ်သွားပြီ ဖြစ်သည်။ သို့သော် အဖွဲ့ဝင်များက NLD သည် လူမှုရေး အသင်းအဖွဲ့အဖြစ် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်သည်ဟု ပြောသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment