Transparency Myanmar

transparency.myanmar@gmail.com

      ဒီမိုကရေစီ နိုင်ငံများ ဖြစ်ကြသော ထိုင်းနှင့် မက္ကဆီကိုတို့တွင် နိုင်ငံရေး ယမ်းပုံမီးကျမှု ဖြစ်ပွားခြင်း မူးယစ်ဆေးဝါး ဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွားခြင်းနှင့် အာဏာရှင် နိုင်ငံများ ဖြစ်သော ရုရှားနှင့် တရုတ်တို့တွင် ထိန်းချုပ်မှုများ တိုးမြှင့်လိုက်ခြင်း စသည့် ဖြစ်ရပ်များကြောင့် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်း ကမ္ဘာလုံးဆိုင်ရာ သတင်းစာ လွတ်လပ်ခွင့်မှာ အခြေအနေ ဆိုးရွားခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုက ပြုလုပ်သော နှစ်စဉ် စစ်တမ်းတစ်ရပ်က ဆိုသည်။

      ၁၉၈၀ ပြည့်နှစ်မှ စ၍ မီဒီယာ လွတ်လပ်ခွင့် ဆိုင်ရာ စစ်တမ်းများ၊ သုတေသနများ ပြုလုပ်ခဲ့သော Freedom House အဖွဲ့အဆိုအရ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်သည် ကမ္ဘာလုံး ဆိုင်ရာ သတင်းစာ လွတ်လပ်ခွင့်အတွက် ဆိုးရွားသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ကမ္ဘာ့ဒေသ အသီးသီးတွင် ဖြစ်ပေါ်နေသော အခြေအနေများအရ ကမ္ဘာပေါ်တွင် နေထိုင်သူ ခြောက်ဦးအနက် တစ်ဦးသာ မီဒီယာ လွတ်လပ်ခွင့် ရှိသော နိုင်ငံတွင် နေထိုင်နိုင်သူ ဖြစ်သည်။

      "တောင်အာရှ ကဲ့သို့သော ဒေသများတွင် အပြုသဘော ဆောင်သော ဖွံ့ဖြိုးမှုများ ရှိသည့်တိုင် လက်တင် အမေရိက၊ ကန္တာရတစ်ပိုင်း အာဖရိက ဒေသနှင့် အရှေ့ အလယ်ပိုင်းဒေသ တို့တွင် မီဒီယာ လွတ်လပ်ခွင့်များ သိသိသာသာ လျော့လာသည်ကို တွေ့ရသည်" ဟု Freedom House က ဆိုသည်။ Freedom House အဖွဲ့သည် လွတ်လပ်သော အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အမေရိကန်နှင့် အနောက် နိုင်ငံများ၏ ရန်ပုံငွေဖြင့် ရပ်တည်လျက် ရှိသည်။ မီဒီယာ လွတ်လပ်ခွင့် ကျဆင်းလာသည်ဟု ဆိုရာတွင် ၁၉၉၆ ခုနှစ် နောက်ပိုင်း အဆိုးဆုံးသော အခြေအနေကို ဆိုလိုကြောင်း၊ မက္ကဆီကို နိုင်ငံမှ ဘိန်းဖြူစစ်ပွဲများ၊ ထိုင်းနိုင်ငံရေး အုတ်အော်သောင်းနင်း ဖြစ်မှုများ၊ ဟွန်ဒူးရပ်စ်၊ ဂီနီနှင့် 
နိုင်ဂျာ နိုင်ငံတို့မှ စစ်အာဏာ သိမ်းပိုက်မှုများက လွတ်လပ်စွာ သတင်း ရေးသားပေးပို့မှုကို ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

      ထို့ပြင် တရုတ်၊ ရုရှား နှင့် ဗင်နီဇွဲလား အစရှိသည့် အာဏာရှင် နိုင်ငံများတွင် သတင်း မီဒီယာအပေါ် ထိန်းချုပ်မှုများ တိုးမြှင့်လာခြင်းနှင့် ပတ်သက်၍ Freedom House က "၂၀၀၉ ခုနှစ်သည် အာဏာရှင်ဆန်သော အစိုးရများက သတင်း အချက်အလက် စီးဆင်းမှု အားလုံးကို ထိန်းချုပ် ကိုင်ကွယ်ရန် အစွမ်းကုန် ကြိုးစားလာခဲ့သည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်" ဟု ဆိုသည်။

      "တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့် နည်းတူ ရှုပ်ထွေး ဆန်းပြားသော နည်းနာများ အသုံးပြုကာ သတင်း အချက်အလက် ထိန်းချုပ်မှုများ ပိုမို ပြုလုပ်လာသည်" ဟု Freedom House ၏ အစီရင်ခံစာက ဆိုသည်။ အမေရိကန် နည်းပညာ ကောက်ပိုရေးရှင်း ဖြစ်သော Google သည် ဘေဂျင်း အစိုးရနှင့် ဆင်ဆာ ဖြတ်မှုဆိုင်ရာ အငြင်းပွားမှု ဖြစ်ပေါ်ပြီးနောက် တရုတ်နိုင်ငံ နည်းပညာ ဈေးကွက်မှ ထွက်သွားခဲ့သည်။

      ရုရှားနိုင်ငံတွင်မူ သတင်းသမားများအပေါ် ဥပဒေဖြင့် အကာအကွယ် ပေးမှုကို လျစ်လျူရှုမှုများ တိုးပွားလာပြီး တရားစီရင်ရေး စနစ်မှာလည်း အာဏာပိုင်များ အလိုကျ လိုက်လျောပေးမှုများ ပိုမို များပြားလာရာ သတင်းထောက်များ အနေဖြင့် အကဲဆတ်သော အရေးကိစ္စများ အပေါ် ရေးသားရာတွင် အခက်အခဲများ ကြုံတွေ့လာရသည်။ ရုရှား သတင်းစာဆရာများ အပေါ် တိုက်ခိုက်သည့် ပြစ်မှုများကိုလည်း အရေးယူ အပြစ်ပေးခြင်း မရှိသလောက် နည်းပါးလာသည်။ သတင်းမီဒီယာ ပိုင်ဆိုင်ခွင့်ကို ဗဟိုအစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

      ယင်းသို့ မီဒီယာ လွတ်လပ်ခွင့်များ ကျဆင်းလာမှုကို Freedom House က "ဆင်ဆာ တည်းဖြတ်မှုများ ကမ္ဘာလုံး အသွင် ဆောင်လာခြင်း" ဟု သတ်မှတ် ပြောဆိုသည်။ အကြောင်းမှာ သတင်း စီးဆင်းမှုအပေါ် ထိန်းချုပ်သည့် နည်းစနစ်များ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးစက် လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ တရုတ် အစိုးရကလည်း ပြည်ပ ရုပ်ရှင်နှင့် စာအုပ်ပွဲတော်များ ကျင်းပမှုအပေါ် ဖိအားပေးလာသည်။ အထူးသဖြင့် တရုတ်အစိုးရကို ဆန့်ကျင်သော အုပ်စုများက ပြုလုပ်သည့် ပွဲတော်များအပေါ် ဖိအား ပေးလာခြင်း ဖြစ်သည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment