Transparency Myanmar

transparency.myanmar@gmail.com

(www.thejakartaglobe.com မှ 7th May 2010 ရက်စွဲပါ Roger Huang ၏ Burma's Imperfect Polls Offer the Best Hope for Change ကို တိုက်ရိုက်ဘာသာ ပြန်သည်။)

မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ရာ ယခုနှစ်သည် အရေးကြီးသော အချိန်ကို ရောက်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အုပ်ချုပ်သူ စစ်အစိုးရတို့ကြောင့် လူသိများခဲ့ပြီး ယခု မကြာသေးမီက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးသမားများကို လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရအောင် တားဆီးထားခြင်းမှာ အံ့သြစရာတော့ မကောင်းလှပေ။

ဒီမိုကရေစီ အင်အားစုများကရော နိုင်ငံခြား အစိုးရများကပါ ရွေးကောက်ပွဲ ဥပဒေကို အကြီးအကျယ် ဝေဖန်ခဲ့သော်လည်း ထိရောက်မှု မရှိလှပေ။ သေချာသော အချက်တစ်ခုမှာ ပါတီစုံ ရွေးကောက်ပွဲသည် အစိုးရ မလိုလားသော ပါတီများ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ကျင်းပတော့မည် ဖြစ်သည်။ ထိုကိစ္စသည် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် အခြားနိုင်ငံရေးအရ ပါဝင် ပတ်သက်နေသူများ အတွက် ကြီးမားသော စိန်ခေါ်မှုပင် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအား ဒီမိုကရေစီ လုပ်ငန်းစဉ်များနှင့်အညီ ပြုလုပ်ရန် ဝေဖန်နေသည်များကို လစ်လျူပြု၍ အတိုက်အခံ အစစ်အမှန်များ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မရှိပါက၊ တိုင်းပြည်အဖို့ ပိုမို ကြီးမားသော လေလုံး တိုက်ခိုက်မှုကို ခံရဖွယ် ရှိသည်။ ဥပဒေ အသစ်အရ NLD သည် ယခုအတိုင်း ရွေးကောက်ပွဲကို သပိတ်မှောက်မည် ဆိုပါက တရားဝင် ပါတီ အဖြစ် ရပ်တည်ခွင့် ဆုံးရှုံးမည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းမကျသော အပိုဒ်များ ပါဝင်သော ၂၀၀၈ အခြေခံ ဥပဒေ အပေါ် အခြေခံထားသောကြောင့်၊ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ အစစ် မဟုတ်သော အစိုးရ အဖွဲ့တစ်ခုကို မြင်တွေ့ရမည် ဖြစ်သည်။ စစ်တပ်မှ ၂၅% နေရာယူထားသော ပါလီမန် စနစ်ကိုလည်း မြန်မာနိုင်ငံတွင် ပြန်လည် အသက်သွင်းလာသည်ကို တွေ့ရသည်။ အတိုက်အခံများအဖို့ တရားမျှတမှု မရှိသော လုပ်ထုံးလုပ်နည်းများ၊ စိန်ခေါ်မှုများကို ကြုံတွေ့ရမည် ဖြစ်သော်လည်း၊ အတိုက်အခံများသည် ရွေးကောက်ပွဲတွင် အစိုးရ ကျောထောက်နောက်ခံပြု ပါတီများနှင့် ယှဉ်ပြိုင်ခြင်းအားဖြင့် တပ်မတော်အစိုးရအား စိန်ခေါ်နိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်သည်။

NLD ၏ လက်အောက်ခံ မဟုတ်သော၊ ဒီမိုကရေစီ အစစ်အမှန်ကို စိတ်အား ထက်သန်နေသော ရာပေါင်းများစွာသော သူများသည် ရွေးကောက်ပွဲတွင် ပါဝင်ရန် စိတ်အားထက်သန်စွာ စောင့်နေပြီ ဖြစ်သည်။ ထိုအထဲမှ အချို့သည် အစိုးရ၏ ခြောက်လှန့်မှုများ၊ ကြိုးကိုင်မှုများ ကြားမှပင် ရွေးကောက်ပွဲတွင် အနိုင်ရကြလိမ့်ဦးမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် NLD မပါဝင် သော်လည်းကောင်း၊ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သဘောတူညီချက် မရှိလျှင် သော်လည်းကောင်း၊ အမှန်တကယ်တွင်မူ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းအားဖြင့် အတိုက်အခံ အုပ်စုများသည် မြန်မာ့နိုင်ငံရေး ရှုခင်းတွင် တရားဝင် ရပ်တည်နိုင်သည့် ပလေယာများ အဖြစ် စုပေါင်းမိကြလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။ ဖြည့်စွက် ပြောရမည် ဆိုလျှင် အတိုက်အခံ နိုင်ငံရေးသမားများသည် အစိုးရ ချမှတ်ထားသော ဘောင်အတွင်းမှာပင် တဖြည်းဖြည်း နိုင်ငံရေးအရ လစ်ဘရယ် ဖြစ်လာရေးကို ပုံဖော်နိုင်မည့် တရားဝင် ပလက်ဖောင်းတစ်ခု နောက်ဆုံး ရရှိလိမ့်မည် ဖြစ်သည်။ ပို၍ အရေးကြီးသော အချက်မှာ ယခု ပါလီမန်မှာ နှစ်ပေါင်းများစွာကြာမှ ပြန်လည် ပေါ်ပေါက်လာရာ ပါလီမန်တွင် တိုင်းပြည် အတွက် အဓိက ကျသော လူမှုရေးနှင့် စီးပွားရေး ကိစ္စများ၌ လက်တွေ့ကျသော အချက်များကို ဖော်ပြနိုင်မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း NLD ရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ SPDC ကို အဆက်မပြတ် ဝေဖန် ရှုတ်ချခဲ့ပြီး၊ စာရင်းထဲ မသွင်းခဲ့ပေ။ သို့သော် အထီးကျန်ပြုမှုများ၊ အနောက်နိုင်ငံ၏ အရေးယူမှုများနှင့် ဗိုလ်ချုပ်များကို စိတ်ဓာတ်ရေးရာအရ ရှုတ်ချမှုများ ရှိနေဆဲ ဖြစ်သည့်တိုင် မြန်မာ အစိုးရ၏ နေရာကို လှုပ်သွားအောင် မလုပ်နိုင်ခဲ့ပေ။ အဆိုပါ မူဝါဒများသည် မြန်မာ စစ်အစိုးရအား မြန်မာ့ရေးရာကိစ္စများတွင် သူ့နှုန်းနှင့်သူ၊ သူ့သဘောနှင့်သူ ဖြေရှင်းရန် ပိုမို တွန်းအားပေးသလို ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်၊ သူမနှင့် အခြားနိုင်ငံရေးသမားများ၏ ဒီမိုကရေစီ အတွက် မြင့်မြတ်သော စွန့်လွှတ်မှုများသည် အရာမထင်ခဲ့ပေ။ အမှန်တရားမှာ အနောက် နိုင်ငံများသည် အရေးယူ ပိတ်ဆို့မှုများနှင့်အတူ ၎င်းတို့၏ အာရုံပြုမှု၊ ထောက်ခံမှုများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ်တွင်သာ ရှိခဲ့ရာ လက်ရှိ စစ်အစိုးရကို သြဇာ လွှမ်းမိုးနိုင်ရေးမှာ ဆုံးရှုံးခဲ့ရသည်။

စစ်အစိုးရ ချမှတ်ထားသော အကန့်အသတ်များ ကြားတွင် ရွေးကောက်ပွဲ ဝင်ရခြင်းသည် စစ်အစိုးရ အလိုကျ လိုက်နာသည်ဟု အထင်ရှိမည် ဖြစ်ပြီး၊ အများ လက်ခံစေမည့် ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ စံများနှင့်မူ ဝေးနေဦးမည် ဖြစ်သည်။ သို့သော် လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းစစ်များ ဖြစ်ပွားခြင်း၊ တိုင်းရင်းသားများနှင့် တင်းမာမှု ဖြစ်ပွားခြင်း၊ ရန်ဖြစ်နေသော နိုင်ငံရေးနှင့် ဗျူရိုကရေစီ စွမ်းရည် မရှိခြင်း တို့ကဲ့သို့သောကိစ္စများအတွက် နိုင်ငံ၏ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည်သာ လက်ရှိ အခြေအနေတွင် အပြုသဘော ဆောင်သော တိုးတက်မှုများ အတွက် ရှင်သန်နိုင်မည့် ရွေးချယ်စရာ လမ်းကြောင်း ဖြစ်ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ အနာဂတ် မြန်မာနိုင်ငံတွင် အရေးကြီးသော ခေါင်းဆောင် တစ်ဦး ဖြစ်နေဦးမည် ဖြစ်သည်။ သက်ရှိ အာဇာနည် တစ်ဦးအဖြစ် သော်လည်းကောင်း၊ နိုင်ငံရေးအရ လွတ်လပ်လာမည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အတွက်လည်းကောင်း၊ ပြန်လည် ပေါင်းစည်းရေး အတွက် လည်းကောင်း စံပြုရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဦးမည် ဖြစ်သည်။ သို့သော် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပတ်သက်သော အမှန်တရားမှာ ဒီမိုကရေစီနှင့် ရိုးရှင်းအောင် ပြုထားသော စိတ်ဓာတ်ရေးရာ အိုင်ဒီယာများ ပေါ်တွင်သာ ဆုတ်ကိုင်ထားခြင်းထက် ပြဿနာကို လက်တွေကျကျ ရင်ဆိုင်ဖြေရှင်းရေး ဝါဒကို တွန်းအားပေးခြင်းသာဖြစ်သည်။ မြန်မာပြည်သူများ၏ ဘဝ ပိုမို ကောင်းမွန်ရေး အတွက် မြန်မာနိုင်ငံအား ချက်ချင်း ဒီမိုကရေစီ ရရှိရေးကို ရည်ရွယ်သော မပြတ်မသား၊ အမှန်တရားနှင့် မနီးစပ်သော ရည်မှန်းချက်များကို ဆုတ်ကိုင်ကာ မပြောင်းမလဲ ရပ်တည်နေခြင်းထက် စာလျှင် တဖြည်းဖြည်း တိုးတက်သော နိုင်ငံရေး ပြောင်းလဲမှုများကသာ ပို၍ အပြုသဘောဆောင် လိမ့်မည် ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မြန်မာလူမျိုး ဦးသန့် တခါက ပြောခဲ့ဖူးသည်မှာ "အစိုးရတွေ၊ စနစ်တွေ၊ အယူဝါဒတွေကတော့ ဖြစ်၊ ပျက်နေကြတာပါပဲ။ ဒါပေမယ့် လူသားဆန်မှု (humanity) ကသာ နောက်ဆုံး ကျန်ခဲ့မှာပါ" ဟူ၍ ဖြစ်သည်။ ထို့အတူပင် မြန်မာနိုင်ငံတွင် လက်ရှိ မည်သို့မျှ သဘောတူညီမှု မရနိုင်ဟု ထင်ရသော နိုင်ငံရေး အခြေအနေကို လွန်မြောက်နိုင်ရေး အတွက် တင်းကြပ်သော တရားသေဝါဒ (Strict dogmatism) ကို NLD နှင့် အခြား အတိုက်အခံ နိုင်ငံရေးနှင့် ပါဝင် ပတ်သက်သူများက ဖယ်ရှားပစ်ကြရမည် ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အင်အားစုများ ရှင်သန်နေသည်နှင့်အမျှ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်များ ဆက်လက် ရှိနေဦးမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment