ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံ အနောက်ဘက် ကမ်းဒေသ (ရခိုင်နှင့် ချင်းပြည်နယ်) ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝ ဓာတ်ငွေ့များ တစ်စထက် တစ်စ ထုတ်လုပ် ရယူနိုင်သည့် အချိန်မှစ၍ အဆိုပါ ဒေသများတွင် မြန်မာစစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ ဦးရေမှာလည်း ပိုမို တိုးပွားလာခဲ့သည်။ ယခင်တပ်ရင်း နှစ်ခုလောက်သာ ရှိရာမှ တပ်ရင်း ၄၈ ခု အထိ တိုးချဲ့ အခြေစိုက်လာသည်။
မြန်မာ စစ်တပ်က တပ်ရင်းများ များလာသည် နှင့်အမျှ ယင်းဒေသရှိ တောင်ကုန်း တောင်တန်းများတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးစုများ၏ မြေယာများလည်း ပိုမို သိမ်းယူခြင်း ခံလာရသည်။ စစ်တပ်ရင်းများ တည်ဆောက်ရန်၊ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးအတွက် စီးပွားရေး အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ဟူသော အကြောင်းပြချက်ဖြင့် သိမ်းယူခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ပြောရလျှင် အဆိုပါ လုပ်ရပ်များကို အဂတိ လိုက်စားသော မြန်မာ အစိုးရ အရာရှိများက လုပ်လေ့လုပ်ထ ရှိသည်။ ထိုလုပ်ရပ်များကြောင့် ဒေသခံ တိုင်းရင်းသား လူမျိုးများမှာလည်း အကျပ်အတည်း မျိုးစုံနှင့် ရင်ဆိုင်လာရသည်။
နောက်ဆက်တွဲ ရလဒ်က အခြားမဟုတ်ပါ။ အဆိုပါ လုပ်ရပ်များကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အသေးစား တိုက်ပွဲများ ပိုမို ဖြစ်ပွားလာသည်။ အစိုးရက သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး ဟူသော အကြောင်းပြချက်ဖြင့် ဒေသခံများအပေါ် ဖိနှိပ်မှု ပြုလုပ်လေ အသေးစား တိုက်ပွဲလေးတွေ ပြင်းထန်လေပင် ဖြစ်သည်။
ထိုမျှမကသေးပါ။ မြန်မာ လေတပ်ကလည်း တရုတ်နိုင်ငံမှ ဝယ်ယူသည့် K-8 အမျိုးအစား တိုက်လေယာဉ် အစင်း ၅၀ မောင်းနှင်နိုင်ရေးအတွက် တရုတ် လေကြောင်း အတတ်သင် ဆရာများ ခေါ်ယူလျက် ရှိသည်။ လိုသည်ထက်ပင် ပို၍ ခေါ်ယူနေသည်။ အကြောင်းမှာ K-8 အမျိုးအစားသည် အပေါ့စား ဗုံးကြဲ လေယာဉ်များ ဖြစ်ပြီး တောင်ကုန်း တောင်တန်း ဒေသတွင် ခြေကုပ်ယူသော သူပုန်များကို နောက်ယောင်ခံလိုက် တိုက်ခိုက်ရာ၌ လွန်စွာ အသုံးဝင်သောကြောင့် ဖြစ်သည်။ K-8 တိုက်လေယာဉ် ပိုင်းလော့ အနေဖြင့် တောင်ကုန်းဒေသရှိ သူပုန်စစ်စခန်းများကို အသာတကြည် ရှာဖွေပြီး ဗုံးများ ကြဲချနိုင်သည်။
ယခု ဇွန်လ အစောပိုင်းတွင် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂ အရာရှိကြီးများက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နျူကလီယာ နည်းပညာများ တင်သွင်းလျက် ရှိသည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ကြေညာသည်။ မြန်မာ နျူကလီယာကိစ္စနှင့် ပတ်သက်၍ အနည်းငယ်သာ နားလည် သဘောပေါက်နိုင်သေးသည်။ ထောက်လှမ်းရေး တပ်ဖွဲ့များက မြန်မာနိုင်ငံတွင် နျူကလီယာနှင့် ဆက်စပ်သော အရေးကိစ္စတစ်ခုခု လုပ်ကိုင်နေသည်ဟု ညွှန်းဆိုလိုပုံ ရသည်။ မြန်မာ စစ်အစိုးရက ခဏတာမျှ ငြိမ်နေပြီးကာမှ စွပ်စွဲမှုများ မဟုတ်မမှန်ဟု ငြင်းပယ်သည်။
မြန်မာနိုင်ငံသည် လက်နက် အတော်များများကို အိမ်နီးချင်း တရုတ်နိုင်ငံမှ ရရှိနေသည်။ မြောက်ကိုရီးယားကမူ မည်သူမဆို ငွေပေး ဝယ်ယူပါက ရှိသမျှ လက်နက် ဟူသရွေ့ တင်ပို့ ရောင်းချလိုသည်။ တိုက်ချင်းပစ် ဒုံးကျည်၊ နျူကလီယာ နည်းပညာ၊ ခြေလျင် တိုက်ခိုက်ရေး လက်နက် အစရှိသည် အားလုံးကို ရောင်းချလိုသည်။ နိုင်ငံတကာတွင် တရားဝင် အစိုးရအဖြစ် သတ်မှတ် ခံရရေးအတွက် ရွေးကောက်ပွဲ တစ်ရပ်ကို အတုအယောင် သဘောမျိုးဖြင့် ကျင်းပရန် စီစဉ်နေချိန်တွင် အဘယ်ကြောင့် ယခုကဲ့သို့ သံတမန်ရေးအရ ပြဿနာ ရှုပ်ထွေးစေမည့် နျူကလီယာ အစီအစဉ်ကို လုပ်ကိုင်ခဲ့ရသနည်း။
ဖြစ်နိုင်ချေ ရှိသည်မှာ မြန်မာသည် မြောက်ကိုရီးယားနှင့် မဟာမိတ် ဖွဲ့နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ မြောက်ကိုရီးယားထံမှ နျူကလီယာ နည်းပညာ ရရှိရေးနှင့် မြောက်ကိုရီးယား လက်နက် ဈေးကွက်ကို အကူအညီ ပေးရေး ဟူသော ကိစ္စဖြင့် မဟာမိတ် ဖွဲ့နေခြင်း ဖြစ်နိုင်သည်။
ယခုဆိုလျှင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လူမျိုးစုများ၊ လက်နက်ကိုင် သူပုန်များ အကြား တင်းမာမှုများမှာ လျော့ကျသွားခြင်း မရှိဘဲ ပိုမို၍ပင် ဆိုးရွားလာသည်။ အသေးစား စစ်ပွဲများလည်း ဆက်လက် ဖြစ်ပေါ်ဆဲပင် ဖြစ်သည်။ သို့သော် အဆိုပါ စစ်ပွဲကလေးများကို မြန်မာ မီဒီယာများက
ရေးသား ဖော်ပြခြင်း မရှိပေ။ နိုင်ငံခြား သတင်း မီဒီယာများနှင့် ဂျာနယ်လစ်များ အနေဖြင့်လည်း ထိုစစ်ပွဲကလေးများ သတင်းကို ထုတ်ဖော် ရေးသားရန် ခက်ခဲသည့် အနေအထားတွင် ရှိသည်။ မြန်မာနိုင်ငံပိုင် မီဒီယာများကတော့ အကြမ်းဖက်သမားများ ဗုံးဖောက်ခွဲ တိုက်ခိုက်သည်၊ ဗုံးခွဲရန် ကြိုးပမ်းသည်၊ အကြမ်းဖက်သမားတို့၏ ဗုံးများနှင့် မိုင်းများ မပေါက်ကွဲမီ ဖမ်းဆီးရမိသည် ဟူသည့် သတင်းများကို လစဉ်လိုလို ဖော်ပြ ရေးသားသည်။ လူအသေအပျောက် များသည့် အကြီးစားဗုံး ပေါက်ကွဲမှုများ ဖြစ်ပေါ် သတင်းများသာ ထုတ်ဖော် ရေးသားလေ့ ရှိသည်။
ဆိုရပါလျှင် တောတွင်းနေရာများတွင် ခြေကုပ်ယူ လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်များ၊ သူပုန်များအပေါ် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများနှင့် အသေးစား တိုက်ခိုက်မှုများနှင့် ပတ်သက်သော သတင်းများ မည်သည့်အခါမှ ထွက်ပေါ်လာမည် မဟုတ်ပေ။ စစ်တပ် ကင်းလှည့်မှုများ၊ ရှေ့တန်းထွက်မှုများ၊ တောတောင်များတွင် နေထိုင်သူ ပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများ စသည်တို့လည်း ရံဖန်ရံခါမှသာ သတင်း ဖြစ်လိမ့်မည်။ ယခုဆိုလျှင် တိုင်းရင်းသား အများစုမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြပြီ ဖြစ်သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား ကျေးရွာများတွင် ဖြစ်ပေါ်လေ့ ရှိသော မြန်မာစစ်တပ်၏ အဓမ္မ ပြုကျင့်မှုများလည်း ရှိနေဆဲသာ ဖြစ်သည်။
Strategy Page မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.