Transparency Myanmar

transparency.myanmar@gmail.com

ABC News, 18th June 2010

၆၅ နှစ်မြောက် မွေးနေ့ကို နေအိမ်တွင် အကျယ်ချုပ်ခံရင်း ဖြတ်သန်းခဲ့ရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသော အနေဖြင့် သြစတြေးလျ အမျိုးသမီး ခေါင်းဆောင်များ  ဆစ်ဒနီတွင် ယနေ့ စုဝေးခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အောင်မြင်မှုကို စစ်ဖက် အစိုးရက ပယ်ချခဲ့ပြီးချိန်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ကုန်တွင် ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲများတွင် သူမ ပါဝင်ခြင်း မပြုနိုင်ရန် ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

ကုန်သွယ်ရေး အဖွဲ့ချုပ်များဆိုင်ရာ သြစတြေးလျ ကောင်စီ ဥက္ကဌ Sharan Burrow၊ အတိုက်အခံ ဒုတိယ ခေါင်းဆောင် Julie Bishop နှင့် အမျိုးသမီးရေးရာ ဝန်ကြီး Tanya Plibersek တို့ အပါအဝင် သြစတြေးလျနိုင်ငံ၏ လူသိများ ထင်ရှားသော အမျိုးသမီး တချို့သည် မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို ကန့်ကွက်ရန် အတွက် အတူတကွ စုဝေးခဲ့ခြင်း ဖြစ်သည်။

Ms. Bishop သည် ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးပြီး၊ "သူမသည် ယုံကြည်ချက် ပြင်းပြသူ တစ်ဦး ဖြစ်သည်" ဟု ပြောကြားလိုက်သည်။

"ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ အကြောင်းကို ပြောပြတဲ့အခါ သူမရဲ့ အရှုံးမပေးတဲ့ ဇွဲသတ္တိတွေကြောင့် ကျွန်မ အံ့သြ မှင်သက်ခဲ့မိတယ်" ဟု Julie Bishop က ဆိုသည်။

"မြန်မာပြည်သူတွေဟာ လွတ်လပ်မှု၊ ဒီမိုကရေစီ စတာတွေနဲ့ ထိုက်တန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်မတို့ရဲ့ အပြည့်အဝ၊ ရာနှုန်းပြည့် ထောက်ခံ အားပေးမှုတွေနဲ့  ထိုက်တန်ကြောင်း စတဲ့ စာလွှာ၊ သဝဏ်လွှာတွေ ပေးပို့ရုံလောက်နဲ့ ကျွန်မတို့ ရပ်တန့်နေလို့ မရပါဘူး" ဟု သူမက ဆက်လက် ပြောကြားသည်။

သူမ လွတ်မြောက်မည့် ရက်ကို မြန်မာ စစ်ဖက် အစိုးရက ယနေ့ထိ သတ်မှတ်ခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment