Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနှင့် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနများ အကြား နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ထူထောင်ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် New Light of Myanmar သတင်းစာက ရေးသား ဖော်ပြသည်။

အီရန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mohammad Ali Fathollahi ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ်အတွင်း နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ထူထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သတင်းက ဆိုသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် အတူ ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲတွင် မစ္စတာ Mohammad Ali Fathollahi က စွမ်းအင် ဝန်ကြီး ဦးလွန်းသီနှင့်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အခန်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးခဲ့သည်။ ထို့အတူ ၎င်းနှင့် ရာထူးအဆင့် တူသူ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်နှင့်လည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အမြင်ချင်း ဖလှယ်ခဲ့သည်။

အနာဂတ်ကာလ အီရန်နှင့် မြန်မာ အကြား ချစ်ကြည် ရင်းနှီးမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် ကုလသမဂ္ဂနှင့် ဘက်မလိုက် လှုပ်ရှားမှုများ ကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ ဖိုရမ်များတွင်ပါ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက ထပ်မံ ထုတ်ဖော် ပြောဆိုသည်။

ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်နိုင်ငံမှ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းတို့ အပြန်အလှန် အဆက်အသွယ် ရရှိရန်လည်း သဘောတူခဲ့သည်။ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်သည် ပြီးခဲ့သည့် မတ်လအတွင်း အီရန်နိုင်ငံသို့ သွားရောက် လည်ပတ်ပြီး အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment