Transparency Myanmar

transparency.myanmar@gmail.com

နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ခံနေရသော မြန်မာ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်  သူမ၏ အသက် ၆၅ နှစ် မြောက် မွေးနေ့ အချိန်ကာလတွင် ဗြိတိန်နိုင်ငံက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။

"မေလ ၁၉ ရက်နေ့ (စနေနေ့) မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ် ပြည့်ပါပြီ။ သူမဟာ နှစ်ပေါင်း ၂၀ လောက်မှာ ၁၄ နှစ်လောက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်" ဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားတာနဲ့ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ဖမ်းဆီးထားတဲ့ ကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ဆန့်ကျင်ရာ ရောက်သလို မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကိုလည်း ထိခိုက်နစ်နာမှု ဖြစ်စေပါတယ်" ဟု William Hague က ပြောသည်။

"စစ်အစိုးရ အနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးပြီး မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အလေးထားဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောသည်။

ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်နှင့် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၊ Oxford တက္ကသိုလ်တွင် ပညာ သင်ယူ လေ့လာခဲ့ပြီး ဗြိတိန်နိုင်ငံသား ပညာရှင် တစ်ဦး ဖြစ်သူ Michael Aris နှင့် လက်ထပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံရပြီး ၁၀ နှစ်မျှအကြာ ၁၉၉၀ ပြည့်နှစ်တွင် သူမ၏ ခင်ပွန်း Michael Aris ကွယ်လွန်ခဲ့သည်။

အရှေ့တောင် အာရှ ဒေသဆိုင်ရာ ဗြိတိန် ဝန်ကြီး Jeremy Browne က စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက် ဖြစ်သော ဒိုင်ယာလော့ခ် ပြုလုပ်ရေးကို လက်သင့်ခံပြီး မြန်မာနိုင်ငံတွင် ယုံကြည် စိတ်ချရသော အရပ်ဘက်အစိုးရ တစ်ရပ် ထွက်ပေါ်ရေးအတွက် အကူအညီ ပေးသင့်ကြောင်း ပြောဆိုသည်။

"ဒီကိစ္စဟာ လူသား ဒုက္ခဆိုးကြီး တစ်ခုထက်တောင် ပိုပါသေးတယ်။ နောက်ပြီး အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်း ထားတာဟာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ခေါင်းဆောင်မှု အစွမ်းရှိမှု၊ အရည်အချင်းရှိမှုနဲ့ အမြော်အမြင် ရှိမှုတွေကို ဖြုန်းတီးနေသလိုပါပဲ" ဟု ၎င်းက ဆိုသည်။

"မြန်မာပြည်သူတွေ ဒုက္ခခံရတာ တော်သင့်လောက်ပါပြီ၊ အရပ်ဘက်နဲ့ ယုံကြည် စိတ်ချရတဲ့ အစိုးရ တစ်ရပ် ထွက်ပေါ်ရေးအတွက် စစ်မှန်တဲ့ အသွင် ကူးပြောင်းရေး ဖြစ်ပေါ်ဖို့ အချိန်တန်နေတာ ကြာပါပြီ။ အဲဒါတွေ ဖြစ်ပေါ်လာဖို့ အကူအညီ ပေးတဲ့ နေရာမှာ ဗြိတိန်နိုင်ငံက နေရာ တစ်နေရာကနေ ပါဝင်ပေးမှာ ဖြစ်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment