Transparency Myanmar

transparency.myanmar@gmail.com

Guardian.co.uk, By Ben Doherty, 21st June 2010

ယခုနှစ် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကတိပေးလိုက်ခြင်းဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးဝါးများ အလုံးအရင်းလိုက် ရောင်းဝယ်မှုများ ဖြစ်စေခဲ့သည်။ အကြောင်းမှာ လက်နက်ကိုင် သူပုန်များသည် ရွေးကောက်ပွဲ မတိုင်မီ အစိုးရက တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့်၊ ၎င်းတို့၏ ဟီးရိုးအင်းများနှင့် အင်ဖက်တမင်းများကို လက်နက်များ ဝယ်ယူရန် ရောင်းချကြရခြင်းကြောင့် ဖြစ်သည်။

လူသိများသော 'ဝ' ကဲ့သို့သော သူပုန်များသည် ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏ ဘဏ္ဍာငွေ အတွက် နယ်စပ်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ခဲ့ကြသည်။ ထိုမှတဆင့် ၎င်းတို့သည် တစ်ကမ္ဘာလုံးသို့ ဖြန့်ခဲ့ကြသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ထိုင်း၊ မြန်မာနှင့် လာအို နယ်စပ် ရွှေတြိဂံ နယ်မြေသည် တစ်ကမ္ဘာလုံး အသုံးပြုသော ဟီးရိုးအင်း၏ တစ်ဝက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ယနေ့ အာဖဂန်နစ္စတန်သည် ထိုထက် ပိုမို ထုတ်လုပ်နေပြီ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး ရာဇာများသည် အင်ဖက်တမင်းနှင့် မက်သာဖက်တမင်း ဆေးပြားများကို ပြောင်းလဲ ထုတ်လုပ်လျက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် အဆိုပါ ဆေးပြား ထုတ်လုပ်ရန် သေးငယ်သော နေရာတွင် ဖွက်၍ ပြုလုပ်နိုင်သောကြောင့် ဖြစ်ပြီး၊ ဘိန်းစိုက်ပျိုးသကဲ့သို့ နေရာများစွာ မလိုအပ်ပေ။

ယခုအခါ မြန်မာနိုင်ငံတွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် အားနည်းချက်များ ရှိနေသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် ထိပ်တိုက် တွေ့နေပြီ ဖြစ်သည်။ မြန်မာ အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကတိပေးထားပြီး အောက်တိုဘာခန့်တွင် ဖြစ်မည်ဟု ခန့်မှန်းရပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အနည်းငယ်ကသာ လွတ်လပ်၍ တရားမျှတလိမ့်မည်ဟု မျှော်လင့်နေကြသည်။ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီတွင် တိုင်းရင်းသား လက်နက်ကိုင်များအား နယ်ခြား စောင့်တပ် အသွင် ပြောင်းခိုင်းပြီး အစိုးရ လက်အောက် သွတ်သွင်းရန် ဇွတ်အတင်း ကြိုးစားလျက် ရှိသည်။

'ဝ' တပ်အတွက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် သတ်မှတ်ထားသော ရက်မှ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့်၊ 'ဝ' ခေါင်းဆောင်များသည် အစိုရ တပ်ဖွဲ့များက ၎င်းတို့အား တိုက်ခိုက်လာမည်ကို ပိုမို စိုးရိမ်လာကြသည်။ ထိုင်းစစ်တပ်၏ Pha Muang မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲ့၊ အကြီးအကဲ ဗိုလ်မှူးကြီး Peeranate Gatetem က ပြောကြားရာတွင် ပြီးခဲ့သည့် လများအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ သိသိသာသာ တိုးလာခဲ့ကြောင်း၊ 'ဝ' များမှာ တိုက်ပွဲ အတွက် ပြင်ဆင်နေကြောင်း ပြောသည်။

"ဒီနှစ်ကတော့ အင်ဖက်တမင်း အများဆုံး ဖြစ်လိမ့်မယ်" ဟု Peeranate က ပြောသည်။ "မနှစ်က ကျွန်တော်တို့ ဆေးပြား ၁.၂ သန်း ဖမ်းမိပါတယ်။ အခုနှစ် ခြောက်လပဲ ရှိသေးတယ်။ ဆေးပြား ၅ သန်း ဖမ်းမိပြီးပြီ" ဟု ၎င်းက ဆိုသည်။ ယခု ဖမ်းမိသော ပမာဏသည် နယ်စပ်မှ ဖြတ်၍ သယ်ဆောင်သွားသော မူးယစ်ဆေးဝါး၏ ၁ % - ၂ % သာ ရှိမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

"အင်ဖက်တမင်း ရောင်းဝယ်ရေးက သိပ်ကို ကြီးနေပါပြီ။ ကျွန်တော်တို့ မှန်းထားတယ်။ ဒီနှစ် ဆေးပြား သန်း ၃၀၀ ကနေ ၄၀၀ လောက်အထိ ထွက်မယ်လို့ ထင်တယ်။ ဒါပေမယ့် အတိအကျတော့ မသိနိုင်ပါဘူး" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင်းမှ လာသော သတင်းများအရ ဆေးပြား ထုတ်လုပ်မှုများမှာ ၂၄ နာရီ ပတ်လုံး ထုတ်လုပ်လျက် ရှိကြောင်း၊ ဆောက်လုပ်ဆဲ စက်ရုံများလည်း ရှိကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလက ဆေးပြား ၁.၂ သန်း သယ်ဆောင်လာသော ကုန်သည် ၁၅ ဦး ဖမ်းမိခဲ့ကြောင်း၊ ယူနီဖောင်း အပြည့်အစုံ ဝတ်ထားသော 'ဝ' စစ်သား ၃၀ မှာလည်း လေးလံသော ပစ္စည်းများ သယ်ဆောင်၍ တောထဲ ဝင်သွားသည်ကို တွေ့ရကြောင်း သတင်းများက ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ရုံးကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုးတက်လာခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်ကို ထုတ်ဖော်ခဲ့သည်။ "တိုင်းရင်းသား အဖွဲ့တွေဟာ ဗဟို အစိုးရရဲ့ ခြိမ်းခြောက်လာမှုကြောင့် သူတို့ ဆက်လက် ရှင်သန်ရေးနဲ့ သူတို့နယ်မြေ ဆက်လက် ထိန်းချုပ်ထားနိုင်ရေး အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးကို ပိုလုပ်လာရပါတယ်" ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် Gary Lewis က ပြောသည်။

'ဝ' များသည် ရလာသော ငွေများဖြင့် တရုတ်ထံမှ ဒုံးကျည်များနှင့် AK – 47 များ ဝယ်ယူ၍ စစ်ပွဲ အတွက် ပြင်ဆင်နေကြောင်း ဗိုလ်မှူးကြီး Peeranate က ဆိုသည်။

"ဗမာ အစိုးရကလည်း 'ဝ' ကို လက်နက် ဖျက်သိမ်းပြီး အစိုးရ လက်အောက်မှ နေစေချင်တယ်။ 'ဝ' ကလဲ သဘောမတူဘူး။ သူတို့ စစ်တိုက်ဖို့ ပြင်နေကြတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးတွေ ပိုရောင်းပြီး အစိုးရကို တိုက်ဖို့ လက်နက် ဝယ်နေတယ်" ဟု ၎င်းက ပြောသည်။

The Guardian က 'ဝ' စစ်သားတစ်ဦးအား ထိုင်းစစ်တပ် စခန်းနှင့် 'ဝ' စခန်းကြားလမ်း တစ်နေရာတွင် စကားပြောကြရာ မြန်မာ စစ်တပ်က မကောင်းကြောင်း၊ သေနတ်ဖြင့် လာပစ်ကြောင်း၊ သေနတ်ပစ်သည့် အမူအယာဖြင့် စကားပြန်မှ တဆင့် ပြောသည်။

'ဝ' များသည် ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆိုခဲ့သောကြောင့်ဟု ဆိုသည်။ "ကျွန်တော်တို့ နယ်မြေကို ကာကွယ်ရပါမယ်။ ကျွန်တော်တို့ 'ဝ' ပြည်သူတွေ အတွက် တိုက်ပွဲဝင် ရပါဦးမယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ 'ဝ' စစ်သားက မူးယစ်ဆေးဝါး အကြောင်း ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး "ကျွန်တော်တို့ ဘဝတွေက ကြမ်းပါတယ်။ ကျွန်တော်တို့အတွက် ကျွန်တော်တို့ လူတွေကို ကျွေးဖို့ ငွေ တစ်နည်းနည်းနဲ့ ရှာလို့ ရဖို့ လိုပါတယ်။ အသက်ရှင်ဖို့ လိုအပ်တယ်လေ" ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် ယခင်က 'ဝ' မူးယစ်ဆေးဝါးများအား ရောင်းဝယ်ခဲ့ဖူးသူ၊ ယခု ထိုင်းစစ်တပ် အတွက် လျှို့ဝှက် သတင်းပေး ဆောင်ရွက်နေသူက ပြောကြားရာတွင် 'ဝ' များသည် အစိုးရ တပ်များက တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် လက်နက် ဝယ်ရန် မူးယစ်ဆေးဝါးများ ရောင်းရကြောင်း ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment