Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ အနောက်ဘက် အိမ်နီးချင်း မြန်မာနိုင်ငံသို့ လွယ်ကူစွာ စီးဆင်းနိုင်ရေးနှင့် ဈေးကွက်လမ်းကြောင်း ပိုမို ပွင့်လင်းနိုင်ရေးအတွက် Kanchanaburi ပြည်နယ် နှင့် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း ထားဝယ် ဆိပ်ကမ်းမြို့အကြား လမ်းဆက်သွယ် ဖောက်လုပ်ရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း Satun ပြည်နယ်ရှိ Pak Bara ပင်လယ်နက် ဆိပ်ကမ်းသည် အခြားသော ဒေသတွင်း ရေနက် ဆိပ်ကမ်းများနှင့် ယှဉ်ပြိုင်ပါက ဖွံ့ဖြိုး တိုးတက်နိုင်သည့် အနေအထား မရှိသဖြင့် ကုန်းတွင်း သယ်ယူ ပို့ဆောင်ရေး လမ်းဖောက်လုပ်ရန် လိုအပ်လျက် ရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။

သို့သော် Pak Bara ပြည်နယ်တွင် နေထိုင်သော ဒေသခံ လူ့အဖွဲ့အစည်းများက ကုန်းတွင်းလမ်း ဖောက်လုပ်ရေး စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်လာမည်ကို စိုးရိမ် ပူပန်ကြကြောင်း၊ သို့အတွက်ကြောင့် Pak Bara သည် ပြည်တွင်းဆိပ်ကမ်း တစ်ခု အဆင့်အဖြစ် ဆက်လက် တည်ရှိနေခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီး Putthipong Punnakan က ပြောကြားသည်။

ထားဝယ်နှင့် Kachanaburi ပြည်နယ် ဆက်သွယ်မည့် အဝေးပြေးလမ်းသည် ကီလိုမီတာ ၁၈၀ မှ ၁၉၀ အထိ ရှည်လျားမည် ဖြစ်ပြီး လမ်းဖောက်လုပ်ရန် ထိုင်းပို့ဆောင်ရေး ဝန်ကြီးဌာနက လေ့လာတိုင်းထွာမှုများ ပြုလုပ်မည်ဖြစ်သည်။ ထားဝယ်နှင့် Kachanaburi ပြည်နယ် လမ်းချိတ်ဆက်မည့် လမ်းသည် ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိလိမ့်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ ထားဝယ် ရေနက်ဆိပ်ကမ်းမြို့ကို အနောက်ဘက်နှင့် အရှေ့ဘက် ဈေးကွက်များ အဓိက ကုန်သွယ်ရာ ဆိပ်ကမ်းမြို့ တစ်ခုအဖြစ် အသုံးချလိုသည်ကို တွေ့ရှိရ၍ ဖြစ်ကြောင်း မစ္စတာ Putthipong Punnakan က ပြောကြားသည်။

ယခုအခါ တည်ဆောက်ဆဲ ဖြစ်သော ထားဝယ် ရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ အနောက်တောင်ဘက်တွင် တည်ရှိပြီး ၂၀၁၃ ခုနှစ်တွင် အပြီးသတ်လိမ့်မည်ဟု ခန့်မှန်းရသည်။ အဆိုပါ ထားဝယ်-ကချနာဘူရီ လမ်းမသည် ကီလိုမီတာ ၁၃၆၀ ရှည်လျားသော အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမ ကွန်ယက်နှင့်လည်း ချိတ်ဆက်မည် ဖြစ်သည်။ ထိုလမ်းမ ကွန်ယက်သည် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှ စတင်ကာ မြန်မာနိုင်ငံ အလယ်ပိုင်း ပုဂံမြို့ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်သို့ ဆက်သွယ်ပေးမည်ဟု သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းသည် တည်ဆောက်မှု ပြီးစီးသွားပါက ဥရောပနှင့် အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် တောင်အာရှ၊ အိန္ဒိယ သမုဒ္ဒရာနှင့် မုတ္တမ ပင်လယ်ဒေသတို့ အသွားအပြန် သွားသည့် သင်္ဘောများအတွက် တစ်နှစ်လျှင် ကွန်တိန်နာ သုံးသိန်းခန့် အတင်၊ အချ လုပ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ထို့ပြင် ယင်း ထားဝယ် ဆိပ်ကမ်းသည် အရှေ့-အနောက် စီးပွားရေး စင်္ကြံ ဖန်တီး ဖြစ်ပေါ်ရေးအတွက် မဟာဗျူဟာ ကျသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ထို စီပွားရေး စင်္ကြံလမ်းသည် ဗီယက်နမ်နိုင်ငံ Danang မြို့မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ ဆက်သွယ်မည် ဖြစ်ပြီး တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်းသည် ဟိုချီမင်းမှ ထားဝယ်သို့ ဆက်သွယ်မည် ဖြစ်သည်။ တောင် မြောက် စီးပွားရေး စင်္ကြံသည် တရုတ်ပြည် ကူမင်းမြို့မှ ဘန်ကောက်သို့ ဆက်သွယ်မည် ဖြစ်သည်။ တောင်-မြောက် စကြံင်္လမ်းသည် ရက်ပေါင်း ၁၆ ရက်မှ ၁၈ ရက်အထိ ကြာမြင့်သော တရုတ်ပြည် တောင်ပိုင်းမှ မုတ္တမ ပင်လယ်ဒေသသို့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို တိုတောင်းစေမည် ဖြစ်ပြီး ရေကြောင်းပိတ်ဆို့မှု များပြားသော မလက္ကာ ရေလက်ကြားကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။

Bangkok Post မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment