Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ လူဦးရေမှာ ၂၀၀၈ ခုနှစ်၊ မေလတွင် ၅၇ ဒဿမ ၃၇ သန်း ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ကုန်ပိုင်းသို့ အရောက်တွင် ၅၉ ဒဿမ ၁၂ သန်းအထိ ရောက်ရှိလာကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားအရ သိရသည်။

၁၉၈၈ခုနှစ်တွင် မြန်မာ လူဦးရေမှာ ၃၉ ဒဿမ ၃ သန်းသာ ရှိခဲ့သည်။ လူဦးရေ စုစုပေါင်းတွင် အသက် ၁၈ နှစ် သို့မဟုတ် ၁၈ နှစ် အထက်ရှိသူ သန်း ၃၀ ခန့် ရှိသည်ဟု ဆိုသည်။ အမျိုးသား ဦးရေမှာ ၂၉ ဒဿမ ၃၉ သန်းရှိပြီး အမျိုးသမီး ဦးရေမှာ ၂၉ ဒဿမ ၇၃ သန်း ဖြစ်သည် ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။ မြန်မာနိုင်ငံ လူဦးရေသည် နှစ်စဉ် ၂ ဒဿမ ၀၂ ရာခိုင်နှုန်း မြင့်တက်လျက် ရှိသည်။

လူဝင်မှု ကြီးကြပ်ရေး ဌာနသည် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တွင်ရှိခဲ့သော သန်းခေါင် စာရင်းများကို အခြေခံပြီး ၂၀၀၇ ခုနှစ်တွင် လူဦးရေ သန်းခေါင် စာရင်းများကို ပြုစုခဲ့သည်။ ၂၀၀၇ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် UNFPA ၏ အကူအညီ အထောက်ပံ့ကြောင့်ပင် ၁၉၉၁ ခုနှစ်တွင် လူဦးရေ တိုးတက် ပြောင်းလဲမှုနှင့် မွေးဖွားမှု စစ်တမ်း ကောက်ယူခြင်းကို လုပ်ဆောင်နိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်တို့တွင် မျိုးဆက်ပွားမှု ဆိုင်ရာ ကျန်းမာရေး စစ်တမ်းကိုလည်း ကောက်ယူနိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၀ အတွင်း လယ်ယာ စိုက်ပျိုးမြေဆိုင်ရာ စာရင်းဇယားများ ကောက်ယူမှုကို ပြီးခဲ့သည့် မတ်လမှ စတင်ကာ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO)၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ဆောင်လျက် ရှိသည်။ အဆိုပါ စီမံကိန်းမှာ တစ်နှစ်ခွဲခန့် ကြာမြင့်မည် ဖြစ်ပြီး၂၀၁၁ခုနှစ် သြဂုတ်လတွင် ပြီးဆုံးမည် ဖြစ်သည်။ ယင်းစီမံကိန်း ပြီးဆုံးပါက ၂၀၁၃ ခုနှစ်တွင် လယ်ယာ စိုက်ပျိုးရေးနှင့် မြေယာဆိုင်ရာ စာရင်းဇယားများကို ထုတ်ပြန် ကြေညာနိုင်မည် ဖြစ်သည်။

စတုတ္ထမြောက် မြန်မာ့ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ စာရင်းဇယားများ ပြုလုပ်ရာတွင် FAO က အမေရိကန် ဒေါ်လာ ၄၁၀၀၀၀ ကူညီ ထောက်ပံ့ခဲ့ရုံ သာမက ထိုင်း၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများမှ ပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများကိုလည်း စေလွှတ်ပေးကာ ပြည်တွင်းမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်း လုပ်ကိုင်နိုင်စေခဲ့သည်။

ထိုမျှမကသေး၊ FAO သည် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ ၃ ဒဿမ ၁ သန်းရရှိရန် နိုင်ငံတကာ အလှူရှင်များကို ရှာဖွေပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတကာ အလှူရှင်များထံမှ ဒေါ်လာ ၂ ဒဿမ ၁၉ သန်း၊ ၂၀၀၃ ခုနှစ်တွင် FAO ထံမှ စိုက်ပျိုးရေး စာရင်းဇယား ကောက်ယူနိုင်ရန် ဒေါ်လာ ၂၉၇၀၀၀ လက်ခံ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အဓိက အခြေခံပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးနှင့် သက်ဆိုင်သော စီးပွားရေးကို လုပ်ကိုင်လျက် ရှိသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment