မြန်မာ စစ်အစိုးရသည် လာမည့် အောက်တိုဘာလ လောက်တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပေးပြီး ထိန်းချုပ်မှု ပါသည့် ဒီမိုကရေစီစနစ် တစ်ရပ်ကို ထူထောင်တော့မည့် သဘောတွင် ရှိသည်။
လတ်တလော ကာလအတွင်း စစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေများက နိုင်ငံရေးပါတီများ အနေဖြင့် ကြွေးကြော်မှုများ၊ ချီတက် ဆန္ဒပြမှုများ မပြုလုပ်ရဟု ကန့်သတ် ပိတ်ပင်ထားသည်။ စစ်အစိုးရက တင်းကြပ်သော ဥပဒေများ မည်သို့ပင် ထုတ်ပြန်ထားသော်ငြား ၂၀၁၀ ရွေးကောက်ပွဲ၌ စစ်ဗိုလ်ချုပ်ကြီးများ အနိုင် ရရှိရေးမှာ ဖြစ်နိုင်ခြေ မရှိပေ။ သို့အတွက်ကြောင့် စစ်ဗိုလ်ချုပ်ကြီးများက ဒုတိယ တိုက်ကွက် (Plan B) ကို အသုံးပြုကောင်း ပြုလာနိုင်သည်ဟု ယုံကြည်ရသည်။
၎င်းတို့၏ ဒုတိယ တိုက်ကွက်မှာ အခြားမဟုတ်။ မဟုတ်မှန်သော ရွေးကောက်ပွဲ ရလဒ်များကို ကြေညာပြီး စစ်တပ် ကျောထောက်နောက်ခံ ရယူထားသည့် ကိုယ်စားလှယ်များ ပါလီမန်တွင် နေရာ အပြည့်အဝ ရယူလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲထက် ပို၍ လန့်စရာ ကောင်းသည်မှာ မြန်မာ လူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်မှာ အသက် ၁၈ နှစ်အရွယ် သို့မဟုတ် လူငယ်များ ဖြစ်ကြပြီး ပြင်ပကမ္ဘာ နိုင်ငံတကာအကြောင်း သိရှိ နားလည်ထားသူများ ဖြစ်သည်။ ပြည်တွင်းနှင့် ပြည်ပ အနေအထားများကို ကောင်းစွာ နှိုင်းယှဉ်နိုင်သည်။
လတ်တလော အနေအထားတွင် စစ်အစိုးရက လူငယ်များ ဘာတွေ စဉ်းစားနေသည် ဟူသော အချက်ကို အလေးမထားပေ။ ထို့အတူ ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်မည် ဟူသော ပြင်ပကမ္ဘာ၏ အမြင်ကိုလည်း အရေးမစိုက်ပေ။ စစ်အစိုးရအတွက် အရေးကြီးသည်မှာ
အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံအများစုက ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံလာရေးပင် ဖြစ်နေသည်။
စစ်အစိုးရသည် သတင်း အချက်အလက်များ ထိန်းချုပ် ဖုံးကွယ်ပြီး အာဏာ ဆက်လက် တည်တံ့ရန် ပြုလုပ်လျက် ရှိသည်။ ဥပမာအားဖြင့် ပြောရလျှင် ဆဲလ်ဖုန်းများ အသုံးပြု ခွင့်ကို ချမ်းသာ ကြွယ်ဝသူများ၊ စစ်အစိုးရနှင့် ရင်းနှီး ကျွမ်းဝင်သူများကိုသာ ပေးထားသည်။ မရင်းနှီးသူများအပေါ် ကန့်သတ် ပိတ်ပင်ထားသည်။ ယခုနှစ် ကုန်ပိုင်းတွင် ဆဲလ်ဖုန်း အလုံးပေါင်း တစ်သိန်းသုံးသောင်း (၁၃၀၀၀၀) ခန့် ထပ်မံ ချပေးလိမ့်မည်။ ယင်းသို့ ချပေးလိုက်ပါက ဆဲလ်ဖုန်း သုံးသူ ခြောက်သိန်းအထိ ရှိလာမည် ဖြစ်သည်။ သို့သော်ငြားလည်း အရွယ်ရောက်ပြီးသူ သန်း ၃၀ အတွက် ခြောက်သိန်း ဟူသော ကိန်းဂဏန်းမှာ နည်းလွန်းလှသည်။ ကြိုးဖုန်း အသုံးပြုမှုများကိုလည်း စစ်အစိုးရကပင် ထိန်းချုပ်ထားသည်။ စာရင်းဇယားများအရ ကြိုးဖုန်းအလုံးရေ နှစ်သန်းမျှသာ ရှိသည်။
ယခုဆိုလျှင် တရုတ်-မြန်မာ နယ်စပ်ဒေသမှ တရုတ်မျိုးနွယ် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သည့် ဝ တပ်မတော် နှင့် စစ်အစိုးရအကြား ငြိမ်းချမ်းရေး သဘော တူညီချက် ထပ်မံ ရရှိပြန်ပြီဟု သိရသည်။ သို့သော် အပစ်အခတ် ရပ်စဲရေး အဆင့်တွင်သာ ရှိသည်ဟု ဆိုသည်။ မြန်မာစစ်အစိုးရက ဝ တပ်ဖွဲ့ဝင် သုံးသောင်း (၃၀၀၀၀) ကို မြန်မာစစ်တပ်နှင့် ပူးပေါင်း လက်တွဲစေလိုသည်။ ဝ များက မြန်မာ စစ်အစိုးရကို အယုံအကြည် မရှိသောကြောင့် စစ်တပ်နှင ပူးပေါင်း လုပ်ကိုင်ရမည့် ကိစ္စကို ငြင်းပယ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တရုတ် နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော စစ်ရေး ပဋိပက္ခကြောင့် ဝ တိုင်းရင်းသား လေးသောင်း (၄၀၀၀၀) ကျော်ခန့် တရုတ်နိုင်ငံထဲသို့ ဒုက္ခသည်အဖြစ် ဝင်ရောက် ခိုလှုံသွားကြရသည်။
ယင်းဖြစ်ရပ်ကို တရုတ် အစိုးရက လုံးလုံးလျားလျား မနှစ်မြို့ပေ။ တရုတ်မျိုးနွယ်များ မြန်မာ စစ်တပ်၏ ဖိနှိပ်မှု ခံနေရသည် ဟူသော သတင်းများကိုလည်း ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပေ။ မြန်မာစစ်တပ်၏ ဖိနှိပ်မှုများနှင့် ပတ်သက်သော သတင်း အချက်အလက် အသေးစိတ် အားလုံးမှာ အင်တာနက်မှ တစ်ဆင့် ပျံ့နှံ့သွားခဲ့သည်။ ထိုမှတစ်ဆင့် လူတစ်ဦးနှင့် တစ်ဦး အပြန်အလှန် ပေးပို့ ပြောဆိုကြသည်။ အဆိုပါ သတင်းကြောင့် တရုတ်ပြည်တွင် အုတ်အုတ်ကြက်ကြက် ဖြစ်သွားခဲ့ပြီး ဘေဂျင်း အစိုးရ အနေဖြင့် ဝ လူမျိုးစုများပေါ် တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် မြန်မာ အစိုးရအပေါ် ပိုမို အားကိုးလာရသည့် အခြေအနေမျိုး ဖြစ်စေခဲ့သည်။
သို့အတွက်ကြောင့် တရုတ် အစိုးရ အရာရှိကြီး အချို့ ဝ ပြဿနာ ဖြေရှင်းရန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ကြသည်။ တရုတ်အစိုးရက မြန်မာနိုင်ငံသည် တရုတ်ပြည်အတွက် အဖိုးတန်သော မဟာမိတ်နှင့် ဖောက်သည်နိုင်ငံ (Client State) အဖြစ် ရှုမြင်သည်။ ထို့အတူ နိုင်ငံတကာတွင် နိုင်ငံရေးအရ အပယ်ခံ ဖြစ်နေသော မြန်မာနိုင်ငံ အနေဖြင့်လည်း တရုတ်နိုင်ငံ၏ အထောက်အပံ့ လိုအပ်သည်။ ဝ တပ်ဖွဲ့နှင့် မြန်မာ စစ်တပ်အကြား အပစ်အခတ် ရပ်စဲမှုကို တိုးမြှင့်ထားသည်ဟု သိရသည်။ သို့သော် အဆိုပါ ရပ်စဲမှုမှာ တရားဝင် မဟုတ်။ ယခုအခါ မြန်မာ အစိုးရ အရာရှိများနှင့် အစိုးရ လုပ်ငန်းများ ဝ ဒေသတွင် ပြန်လည် လုပ်ကိုင် လည်ပတ်နေပြီ ဖြစ်သည်။ မည်သို့ဆိုစေ နှစ်ဖက် စစ်မက် ပဋိပက္ခမှာ အချိန်မရွေး ပေါက်ကွဲ ထွက်ပေါ်လာနိုင်သည်။
မြန်မာ အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူ ထုတ်လုပ်မှု လျှော့ချရေးတို့မှာ အောင်မြင်မှု အချို့ ရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ဘိန်းဖြူ ထုတ်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။ သို့သော် ရာဘဟု ခေါ်သော မီသာ အဖက်တမင်း ထုတ်လုပ်မှုမှာ မြင့်တက်လျက် ရှိသည်။ ရာဘ မူးယစ်ဆေးဝါး အများစုကို ထိုင်းနိုင်ငံမှ တစ်ဆင့် မှောင်ခို ရောင်းချလျက် ရှိသည်။ စာရင်းဇယားများအရ ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရာဘဆေးပြား ၂၃ သန်းခန့် ဖမ်းဆီး ရမိခဲ့သည်။ ရာဘ ဆေးပြား ထုတ်လုပ်မှု မြင့်မားနေခြင်းမှာ ယင်းဆေးပြား ထုတ်စက်ရုံများသည် လျှို့ဝှက် လုပ်ဆောင်ရန် လွယ်ကူသောကြောင့် ဖြစ်သည်။ ယင်း ရာဘထုတ် စက်ရုံများမှ ယခုနှစ်အတွင်း ဆေးပြားသန်း ၃၀၀ ခန့် ထုတ်လုပ်မည်ဟု ခန့်မှန်းရသည်။ ဝ တပ်ဖွဲ့များသည် ယင်းရာဘဆေးဝါး ထုတ်လုပ်မှုမှ ရရှိသော အမြတ်အစွန်းများဖြင့် လက်နက်များ ဝယ်ယူနေဖြင်း ဖြစ်သည်။ သတင်း ပေးပို့ချက်များနှင့် လေ့လာ အကဲခတ်မှုများအရ မြောက်ကိုရီးယား သင်္ဘောတစ်စီးသည် လျို့ဝှက် ကုန်ပစ္စည်းများ တင်ဆောင်လာပြီး မြန်မာနိုင်ငံတွင် ဆိုက်ကပ်ခဲ့သည်။ ယင်း ကုန်ပစ္စည်းများတွင် လေကြောင်းရန် ကာကွယ်ရေး ရေဒါစနစ်များ (ယခုအခါ မြောက်ပိုင်းဒေသရှိ တောင်ကုန်းများပေါ်တွင် တပ်ဆင်ထားပြီး ဖြစ်သည်) နှင့် တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်ရေး ပစ္စည်းများ ပါဝင်လာသည်ဟု ယူဆရသည်။
ထို့အတူ ပြီးခဲ့သည့် ဇွန်လအတွင်း မြောက်ကိုရီးယား နည်းပညာရှင် အမြောက်အမြား မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မန္တလေးတိုင်း အတွင်းရှိ စစ်ဘက်ရေးရာ စက်ရုံများတွင် အလုပ် လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရသည်။ မည်သည့် ကိစ္စအတွက် ရောက်ရှိ အလုပ် လုပ်ကိုင်နေသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာနိုင်ငံသည် ပြင်ပရန်သူ မရှိသောနိုင်ငံ ဖြစ်သည်။ သို့သော် တိုက်ချင်းပစ် ဒုံးကျည်များ တပ်ဆင်ရန် ကြိုးပမ်းနေသည် ဟူသော အချက်မှာ ပဟေဠိ ဆန်နေပေသည်။ ပြည်တွင်းမှ အစိုးရ အတိုက်အခံ လက်နက်ကိုင် အုပ်စုများကို တိုက်ခိုက်ရာတွင်လည်း ယင်းဒုံးကျည်များ အသုံးပြုမှု မရှိပေ။ မြန်မာ စစ်အစိုးရသည် မြောက်ကိုရီးယား အစိုးရနှင့် စစ်ရေးဆိုင်ရာ လျှို့ဝှက် သဘောတူညီမှု တစ်ရပ်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က လက်မှတ် ရေးထိုးထားခဲ့သည်ဟု ယုံကြည်ရသည်။ သဘော တူညီမှု အသေးစိတ်ကို မသိရှိရပေ။ သို့သော် တစ်စုံတစ်ခု ဖြစ်လာရန် ရှိသည်မှာ သေချာနေသည်။
Strategy Page မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.